အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်

ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေကြတဲ့သူတွေက အရင်ဆုံးတွေးမှာက အစားလျှော့မယ် ၊ ဂျင်မ်သွားမယ်၊ အဆီကျစေမယ့် ဆေး သို့မဟုတ်ကော်ဖီသောက်မယ် ဆိုတဲ့နည်းလမ်းတွေပါပဲ။ ဒီထဲက နည်းလမ်းတစ်ခုခုကို ရွေးချယ်လိုက်တယ်၊ သေချာလိုက်နာတယ်ဆိုတာတောင် ဝိတ်ကသိပ်မကျဘူး၊ ပြန်တက်တာကျ သိပ်မြန်တာပဲ ဆိုတာမျိုး ကြုံဖူးကြမှာပါ။ အဲဒါဘာ့ကြောင့် ဖြစ်မလဲ။ပြန်တွေးကြည့်ရအောင် ။

 

ဒီလိုဖြစ်စေတဲ့နောက်ကွယ်က တရားခံဟာ အိပ်ချိန်မမှန်ခြင်းပါပဲ။ လူကိုဝစေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပေမယ့် အိပ်ချိန်မမှန်တာကတော့ ဝိတ်ပြန်ချလို့မလွယ်အောင် ဟန့်တားနေတာဖြစ်ပါတယ်။

 

အိပ်ချိန်မမှန်တာက လူ့ကျန်းမာရေးအတွက် ပြဿနာတွေအများကြီးပေးနိုင်တာ သိကြပြီးဖြစ်မှာပါ။ အမေရိကန်သုတေသနတစ်ခုအရ အိပ်ချိန်မမှန်တာ၊ အိပ်ရေးပျက်တာတွေက ကိုယ်အလေးချိန် လျှော့ချရာမှာ အနှောင့်အယှက်ပေးနိုင်တယ်လို့ သိရပါတယ်။

 

အရွယ်ရောက်ပြီးသူတွေက အနားယူဖို့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အချိန် တစ်နေ့ကို အနည်းဆုံး ၇ နာရီရှိဖို့ လိုအပ်ပါတယ်။ အများစုကတော့ ဒါကို မပြည့်ဝနိုင်တာတွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်အတွင်း စစ်တမ်းအရ ပါဝင်သူတွေရဲ့ ၃၆ ရာခိုင်နှုန်းက မနက်အိပ်ရာနိုးချိန်မှာပြည့်ပြည့်ဝဝအနားယူခဲ့ရတယ်လို့မခံစားရကြောင်းဖြေကြားခဲ့ကြပါတယ်။ ညကသေချာအိပ်မပျော်ခဲ့ဘူးပေါ့။

 

အိပ်ရေးမဝခြင်းကသွေးလည်ပတ်မှု၊ မှတ်ဉာဏ်နဲ့ လူမှုဆက်ဆံရေးတွေကိုတောင် ထိခိုက်စေနိုင်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ အခုတစ်ခါမှာတော့ အိပ်ရေးမဝခြင်း သို့မဟုတ် အိပ်စက်ခြင်းပြဿနာတွေနဲ့ ကိုယ်အလေးချိန်လျှော့ချခြင်း ကြားက ဆက်နွှယ်မှုကို သုတေသနတစ်ခုက International Journal of Obesity ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

လေ့လာမှုရလဒ်တွေအရကောင်းကောင်းမအိပ်တဲ့ ကိုယ်အလေးချိန်များသူတွေဟာ အိပ်စက်မှုပုံမှန်ရှိတဲ့ ဘဝတူတွေထက် အဆီချအစီအစဉ်မှာအောင်မြင်မှုနည်းပါတယ်။

 

တွေ့ရှိချက်ရလဒ်တွေအရ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းတဲ့သူတွေဟာ ပုံမှန်အိပ်ချိန်ရှိသူတွေထက် ခါးနဲ့ဗိုက်အဆီကျနိုင်ခြေ ပိုနည်းတာကိုတွေ့ရပါတယ်။

 

ဒီတွေ့ရှိချက်တွေက ဇီဝကမ္မဖြစ်စဉ်မမှန်တဲ့သက်ကြီးပိုင်းတွေမှာကိုယ်အလေးချိန်နဲ့ အဝလွန်ခြင်း အပေါ် အိပ်စက်ခြင်းရဲ့အရေးပါပုံကိုမြင်သာစေတယ်လို့ သုတေသီတွေက ပြောပါတယ်။

 

ဒါ့ကြောင့် plan မျိုးစုံနဲ့ အပင်ပန်းခံဝိတ်ချနေတဲ့သူတွေအနေနဲ့ အိပ်စက်မှုစက်ဝန်းကို သေချာဂရုစိုက်ဖို့လိုပါတယ်။ ထိထိရောက်ရောက်ဝိတ်ကျချင်တယ်ဆိုရင် ဒီအချက်ကို မေ့ထားလို့ မဖြစ်တော့ပါဘူး။

 

ရေးသားသူ Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်