အိပ်မက်ထဲက ချင်းတောင် သို့မဟုတ် အောက်ချင်းငှက်တို့နှလုံးသားနယ်မြေ

 

နွေကံ့ကော်(မြို့လှ)

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်  ပန်းဥယျာဉ်ကြီးတစ်ခုဖြစ်ပါလျှင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုသည့် တိုင်းရင်းသားများသည် ပန်းဥယျာဉ်ကြီးအတွင်း  အလှဆင်နေသည့် ရောင်စုံပန်းလေးများပင်ဖြစ်သည်။ ထိုရောင်စုံပန်းလေးများသည် အမိနိုင်ငံကြီး အတွင်း သူ့နေရာ၊ သူ့အလှတို့ကိုယ်စီဖြင့် တိုင်းပြည်ကို အလှတန်ဆာဆင်နေကြပုံမှာ မြင်ရသူများအဖို့ အားရကြည်နူး စိတ်ချမ်းမြေ့ဖွယ်ကောင်းလှသည်။ တောင်ပေါ်မှာ ချယ်ရီ၊ မြေပြန့်မှာ ပိတောက်တို့ နည်းတူ ချင်းပြည်နယ်မှ တောင်ဇလပ်ပန်းနီနီသည်လည်း အလှဂုဏ်တင့်သည့်ပန်းလေးပင်ဖြစ်၏။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့သည် ချင်းပြည်နယ်နေ့ ဖြစ်သည်။

 

အောက်ချင်းငှက်အား အမျိုးသားရေးသင်္ကေတအဖြစ် အထွတ်အမြတ်ထား

 

တိုင်းရင်းသားလူမျိုးအသီးသီးတွင် မိမိတို့ အလေးထားရာအမျိုးသားရေး သင်္ကေတများရှိကြရာ ချင်းတိုင်းရင်းသားတို့မှာ အောက်ချင်းငှက်အား အမျိုးသားရေးသင်္ကေတအဖြစ် အထွတ်အမြတ်ထား ကြသည်။ အောက်ချင်းငှက်ကို သစ္စာရှိသောငှက်အဖြစ် တန်ဖိုးထားပြီး အမြတ်တနိုးထားကြ၏။ ချင်းတိုင်းရင်းသားတို့ အောက်ချင်းငှက်ကို အလေးအမြတ်ထားလည်း ထားချင်စရာကောင်းလှပါ၏။ အောက်ချင်းငှက်မ ဥဥတော့မည်ဆိုပါက စောင့်ရှောက်သည့် ငှက်ဖို၏အပြုအမူမှာ လေးစား ဖွယ်ကောင်းလှသည်။ ငှက်မ ဥဥတော့မည့်အချိန်တွင် ငှက်ဖိုက သူကိုယ်တိုင်ရွေးချယ်ထားသည့် သစ်ခေါင်းပေါက်အတွင်းသို့ ငှက်မကိုဝင်စေသည်။ သုံးလေးရက်အတွင်း ငှက်မသည် မိမိ၏ကျင်ကြီး ဖြင့် သရိုးကိုင်သကဲ့သို့ ဝင်ပေါက်ကို စတင်ပိတ်သည်။ ငှက်အဖိုကလည်း အပြင်ဘက်မှနေ၍ ငှက်မကို အစာခွံ့ရန် အပေါက်ငယ်လေးတစ်ခုသာချန်ပြီး ရွှံ့ဖြင့် မိမိနှုတ်သီးကို ပန်းရန်ဆရာများသုံးသည့် သန်လျက်ပမာသုံးကာ ဝင်ပေါက်ကို ကူပိတ်ပေး၏။ ငှက်မသည် တစ်ကြိမ်ဥလျှင် နှစ်လုံးမှ လေးလုံး အထိဥတတ်ပြီး ငှက်မအသိုက်မှထွက်သည်အထိ ငှက်အဖိုက အစာကျွေးသည်။ ငှက်ကလေးများ ပေါက်၍ နှစ်ပတ်မျှကြာသည့်အခါ ငှက်မသည် သရိုးကိုင်ထားသောဝင်ပေါက်ကို ထိုးဖောက်၍ထွက်၏။ ပေါက်လာသော ငှက်လေးများအား ငှက်ဖိုနှင့် အမတို့ က အလှည့်ကျအစာရှာကျွေးကြသည်။ အောက်ချင်းငှက်သည် အခြားအောက်ချင်းငှက် တစ်ဒါဇင်ခန့်နှင့်အတူ အုပ်စုဖွဲ့နေတတ်ပြီး ကိုယ့်ရပ်ဌာနေကို ချစ်ခင်တတ်သူများလည်းဖြစ်ကြသည်ကို တွေ့ရသည်။ အောက်ချင်းငှက်၏ ကတိသစ္စာတည်ကြည်မှုနှင့် ကိုယ့်ရပ်ဇာတိကိုချစ်မြတ်နိုးမှုကြောင့် ချင်းတိုင်းရင်းသားများက မိမိတို့၏ အထွတ်အမြတ်ထားရာ သင်္ကေတအဖြစ် ရွေးချယ်ကြခြင်းဖြစ်သည်။

 

အောက်ချင်းငှက်တို့ သစ္စာတရားကြီးမားပြီး အမျိုးကိုချစ်ကြသကဲ့သို့ အမိနိုင်ငံတော် သူ့ကျွန် ဘဝကျရောက်စဉ် နယ်ချဲ့ကိုရဲရဲတောက်ဆန့်ကျင် တွန်းလှန်ခဲ့ကြသည့် သမိုင်းထဲမှ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်ခိုင်ကမ်းနှင့် အခြားသောချင်းတိုင်းရင်းသားများအပြင် အောင်ဆန်းသူရိယတိုက်ချွန်း၏ အမျိုးချစ် စိတ်များကလည်း မော်ကွန်းတင်စရာများအဖြစ် ယနေ့ထက်တိုင် တင်ရှိနေဆဲဖြစ်သည်။ နယ်ချဲ့ ဖက်ဆစ်များအား ချင်းတောင်တန်းမှ ခုခံတွန်းလှန်ခဲ့ကြသည့် ချင်းတိုင်းရင်းသားသူရဲကောင်းများစွာ ပေါ်ထွက်ခဲ့ပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကာကွယ်ရေး အစုအဖွဲ့များစုစည်းကာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသည်။ လွတ်လပ်ရေးဆုံးရှုံးပြီးစ အချိန်တွင် မြန်မာပြည်အနှံ့အပြား တိုင်းရင်းသားတို့၏ ခုခံတွန်းလှန်မှုများကြောင့် ဗြိတိသျှတို့ အခက်တွေ့ခဲ့ရသည်။ နယ်ချဲ့တို့အနေဖြင့် တိုင်းရင်း သားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် သွေးခွဲမှုများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ချင်းတောင်ကို တိုက်ခိုက်ခြင်းမပြုစေလိုလျှင် ရွှေချိုးဖြူမင်းသားကို ဖမ်းဆီးအပ်နှံရမည်ဟူသော ဗြိတိသျှတို့၏ ကမ်းလှမ်းချက်အား ချင်းအမျိုးသား များကပယ်ချပြီး တိုင်းရင်းသားသွေးစည်းမှုကို ပြသ ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ပေါ်ပေါက်လာချိန်တွင် ဦးဝမ္မသူးမောင် ဦးဆောင်သော တော်လှန်ရေးအင်အားစုသည် အဆက် အသွယ်ပြုလုပ်ခဲ့ပြီး ချင်းအမျိုးသား ၃၇၀ ကို ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ သွင်းခဲ့သည်။ ဦးဝမ္မသူးမောင် ခေါင်းဆောင်သော ချင်းအမျိုးသား များသည် တိုင်း ၇ ဗိုလ်မှူးအောင်၏ တပ်များနှင့် အဆက်အသွယ်ယူကာ ဖက်ဆစ်ဆန့်ကျင်ရေးတွင် တက်တက်ကြွကြွပါဝင်ဆင်နွှဲခဲ့ကြပြီး ချင်းတိုင်းရင်းသားတို့၏ သွေးနှင့်သတ္တိကို ဖော်ထုတ်နိုင်ခဲ့ကြ သည်။

 

ထီးလင်းမြို့၌ ချင်း-မြန်မာ ချစ်ကြည်ရေးညီလာခံကြီးကို ကျင်းပနိုင်ခဲ့

 

သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုရာတွင်လည်း ဖလမ်း၊ တီးတိန်၊ ဟားခါးမှ ကိုယ်စားလှယ်များ တက်ရောက်လက်မှတ်ထိုးနိုင်ခဲ့ပြီး ချင်းတိုင်းရင်း သားများကိုယ်စား ပြည်ထောင်စုစိတ်ဓာတ်ကို ပြသ နိုင်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် မတ်လတွင် ထီးလင်း မြို့၌ ချင်း-မြန်မာ ချစ်ကြည်ရေးညီလာခံကြီးကို ကျင်းပနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ် ဦးဘချိုတို့ တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသား များဘက်မှ ဦးဝမ္မသူးမောင်ဦးဆောင်သည့် ချင်း အမျိုးသား တစ်သောင်းကျော်တို့ တက်ရောက်ကာ ချင်း-မြန်မာချစ်ကြည်ရေး ခိုင်မာနွေးထွေးမှုကို ပြသနိုင်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့တို့ မည်မျှပင် သွေးခွဲစေကာမူ ချင်း-မြန်မာအမျိုးသားတို့ ဥမကွဲ သိုက်မပျက် စိတ်ဝမ်းမကွဲဘဲ စည်းလုံးပူးပေါင်းကြ မည်ဟူသည့် အဓိကအချက်ကြီးများကို သန္နိဋ္ဌာန် ပြုခဲ့ကြသည်။

         

စာရေးသူတို့၏ အမိနိုင်ငံတော်ကြီးသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကိုယ်ပိုင်အချုပ် အခြာအာဏာနှင့် လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့ သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဖလမ်းမြို့၌ ကျင်းပသည့် လူထုညီလာခံက ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဟောင်းကို ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန် တစ်ခဲနက် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ညီလာခံကျင်းပပြီး ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဟောင်းကို ဒီမို ကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန်ဆုံးဖြတ် ခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ယခုဆိုလျှင် ၇၅ နှစ်တိုင်ခဲ့ပြီဖြစ်၏။

 

ချင်းပြည်နယ်အတွက် အဖိုးတန်ရတနာများ

 

သဘာဝတရားကြီးမှ ဖန်ဆင်းပေးထားသည့် မြစ်ချောင်းအင်းအိုင်များ၊ စိမ်းညို့အုံ့မှိုင်းပြီး ထင်ရှားလှပသည့် တောင်တန်းကြီးများနှင့် ရှားပါးသားရဲမျိုးစိတ်များ၊ ဆေးဖက်ဝင် နွယ်မြက်သစ်ပင် များသည် ချင်းပြည်နယ်အတွက် အဖိုးတန်ရတနာများဖြစ်သည့်အားလျော်စွာ မတူကွဲပြားမှုများနှင့် စိတ်ဝင်စားဖွယ်ကောင်းလှသည့် ချင်းတိုင်းရင်းသား အသီးသီး၏ ရိုးရာယဉ်ကျေးမှုများကလည်း တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အံ့ဩဖွယ်ကောင်းလှသည်။ မည်သို့ပင် မတူညီမှုများရှိစေ အားလုံးသည် မြန်မာတည်းဟူသော သွေးချင်းညီနောင်စိတ်ဖြင့် အမိပန်းဥယျာဉ် ကြီးအတွင်း အလှပဆုံးဝေဆာပွင့်လန်းနိုင်အောင် ကြိုးစားသွားရမည်ဖြစ်သည်။ ယခင်က သွားလာ ရေးခက်ခဲခဲ့သည့် ချင်းပြည်နယ်ခရီးစဉ်သည် ယနေ့ ကာလတွင် ဟိုစဉ်ကလို မဟုတ်တော့ဘဲ အဆင်ပြေ ချောမွေ့လျက်ရှိသည်ကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်ဖွယ်ကောင်းလှသည်။ လမ်းတံတားများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများအပြင် ဖလမ်းမြို့တွင် တည်ဆောက် ပြီးစီးခဲ့သည့် လေဆိပ်ကြီးကြောင့်လည်း ချင်းပြည်နယ်၏ လူမှုစီးပွားများ ပိုမိုဖွံ့ဖြိုးလာတော့မည်မှာ မလွဲဧကန် ပင်ဖြစ်သည်။

 

အမိနိုင်ငံတော်ကို အကျိုးပြုခဲ့ကြသည့် တိုင်းရင်းသားများ

 

 လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် ယနေ့တိုင် ချင်းတိုင်းရင်းသားတို့သည် မတူကွဲပြားသည့် နယ်ပယ်မှ မတူကွဲပြားသည့် ပုံစံမျိုးစုံဖြင့် အောက်ချင်းငှက်တို့နှလုံးသား၊ တောင်ဇလပ်ပန်းတို့၏ သစ္စာတရားကဲ့သို့ အမိနိုင်ငံတော်ကို အကျိုးပြုခဲ့ကြသည့် တိုင်းရင်းသားများပင်ဖြစ်သည်။ (၇၅) နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် မိမိတို့၏ရိုးရာ ယဉ်ကျေးမှု စာပေနှင့် သူရသတ္တိ အမွေကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းလျက် အမိမြန်မာနိုင်ငံ တည်းဟူသော ပန်းဥယျာဉ်ကြီးထဲ ပြည်ထောင်စု စိတ်ဓာတ်အပြည့်ဖြင့် အလှကိုယ်စီ ဆက်လက် ပုံဖော်သွားလိမ့်မည်ဟု စာရေးသူအနေဖြင့် ယုံကြည်မိသည်။ အခွင့်အခါပေးသည့် တစ်နေ့တွင်မူ စာရေးသူအိပ်မက်ထဲက ချင်းတောင် သို့မဟုတ် အောက်ချင်းငှက်တို့ နှလုံးသားရှိရာနှင့် တောင်ဇလပ် ပန်းနီနီတို့ပွင့်လန်းရာဒေသသို့ အလည်တစ်ခေါက် ပြန်ရောက်ချင်ပါကြောင်း ဆန္ဒပြုရင်း (၇၅) နှစ် မြောက် စိန်ရတုချင်းအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆို လိုက်ရပါသည်။        ။

 

ကိုးကား

 

(၁) မြတ်နိုးစရာ တို့တိုင်းရင်းသား အမှတ် သင်္ကေတများ (မြန်မာ့အသံသိန်းဟန်)

(၂) တိုင်းရင်းသားလူမျိုးများ၏ နယ်ချဲ့ဆန့်ကျင် ရေးသမိုင်း