Air KBZ လေကြောင်းလိုင်းက ပြည်တွင်းခရီးသွားများ သွားလာမှုအဆင်ပြေစေရန် အထူးအစီအစဉ်ထပ်မံပြုလုပ်

ဇူလိုင် ၂၃

 

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်တွင်းခရီးသွားများ အဆင်ပြေစေရန်နှင့် ခရီးသွားလာမှု အခက်အခဲမရှိဘဲ အဆင်ပြေလွယ်ကူစေရန် Air KBZ လေကြောင်းလိုင်းက အထူးအစီအစဉ် ထပ်မံပြုလုပ်ပေးထားကြောင်း သိရသည်။

 

Air KBZ လေကြောင်းလိုင်းသည် ကိုဗစ်-၁၉ ရောဂါကာလတွင်လည်း ခရီးစဉ်များ ပျံသန်းပြေးဆွဲပေးလျက်ရှိပြီး ပြည်တွင်းလေကြောင်းပို့ဆောင်ရေးကဏ္ဍ အရှိန်အဟုန်မြှင့်တင်ရန်နှင့် ခရီးသည်များ ပိုမိုအဆင်ပြေစေရန် ပြည်တွင်းခရီးစဉ်အားလုံးအတွက် ''ဝါဆို X5000'' အထူးအစီအစဉ် ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ပြည်တွင်းခရီးသွားများအနေဖြင့် Air KBZ လေကြောင်းလိုင်းက တိုးချဲ့ပျံသန်းပြေးဆွဲမည့် ပူတာအိုနှင့် ဗန်းဗော် ခရီးစဉ်အပါအဝင် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ သံတွဲ၊ ထား၀ယ်၊ မြိတ်၊ ကော့သောင်း၊ လွိုင်ကော်၊ ကျောက်ဖြူ၊ စစ်တွေ၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ နေပြည်တော်၊ ခန္တီးနှင့် ကလေးမြို့ အစရှိသည့် ခရီးစဉ် ၁၉ ခုသို့ ခရီးစဉ်တစ်ကြောင်းလျှင် လက်မှတ်စျေးနှုန်း ငွေကျပ် ၂၅၀၀၀ မှစတင်ကာ ၀ယ်ယူနိုင်မည်ဖြစ်သည်။

 

အထူးအစီအစဉ်ဖြင့် ရောင်းချမည့်လက်မှတ်များကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်အထိ ၀ယ်ယူရမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၄ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ သွားလာနိုင်ကာ ခရီးစဉ်ရက်အပြောင်းအလဲနှင့် ခရီးသည်အမည်ပြောင်းလဲခြင်း (တစ်ကြိမ်) ကို  ခရီးသွားမည့်ရက်မတိုင်မီ သုံးရက်ကြိုတင်၍ အကြောင်းကြားပါက အခမဲ့ပြုလုပ်ခွင့်ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် ပြည်တွင်းခရီးသွားများ အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယင်းလက်မှတ်များကို Air KBZ ၏ ၀က်ဘ်ဆိုက် - www.airkbz.com၊ Mobile App၊ K7Chatbot၊ နယ်ရုံးခွဲများနှင့် လက်မှတ်အရောင်းကောင်တာများ၊ Air KBZ ၏ လက်မှတ်အရောင်း ကိုယ်စားလှယ်များထံတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။

 

Air KBZ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၇ မြို့သို့ ATR72-600 လေယာဉ်ရှစ်စီးဖြင့် ပျံသန်းပြေးဆွဲလျက်ရှိပြီး လက်ရှိခရီးစဉ် အချိန်ဇယားများအရ တစ်ပတ်လျှင် လေကြောင်းခရီးစဉ်ပေါင်း ၂၁၀ ခန့် ပြေးဆွဲနေကြောင်း သိရသည်။ Air KBZ လေကြောင်းလိုင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင်လည်း ပါ၀င်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

သတင်း-ဖိုးသော်ဇင်