AIRPORT SHUTTLE BUS အမည်ဖြင့် လေဆိပ်-ဆူးလေ ယာဉ်လိုင်းသစ် ဇွန် ၂၂ ရက်တွင် ယာဉ်အစီးရေ ၃၀ ဖြင့် စတင်ပြေးဆွဲမည်

ရန်ကုန်  ၂၁ ဇွန် 

 

ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရန်  Airport Shuttle Bus အမည်ဖြင့် လေဆိပ်-ဆူးလေ ယာဉ်လိုင်းအသစ်ကို ဇွန် ၂၂ ရက်တွင် ယာဉ်အစီးရေ ၃၀ ဖြင့် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီမှ သိရသည်။

 

အဆိုပါ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက`` ဇွန် ၂၂ ရက်နေ့မှာ စတင် ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ စတင်ပြေးဆွဲတဲ့နေ့မှာတော့ ယာဉ်စီးခ အခမဲ့ ပြေးဆွဲပေးသွားမှာပါ။ လေဆိပ်-ဆူးလေ လွန်းပြန်ယာဉ် အနေနဲ့ပြေးဆွဲမှာ ဖြစ်တဲ့အတွက် ယာဉ်လမ်းကြောင်းမှာရှိတဲ့ မှတ်တိုင် အားလုံးရပ်မှာ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့မှတ်တိုင်တွေမှာပဲ ရပ်မှာဖြစ်ပါတယ်။ စုစုပေါင်း ရပ်မယ့်မှတ်တိုင်း ၁၈ ခုပဲရှိပါတယ်။ ယာဉ်စီးခ ကတော့ ပုံသေ ၅၀ဝ ကျပ်ဖြစ်ပါတယ်´´ဟုပြောသည်။

 

ဆက်လက်၍ ၎င်းက``ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးမှာ နေထိုင်တဲ့ သူတွေ၊ လေဆိပ်ဝန်ထမ်းတွေ နဲ့ ပြည်တွင်း ပြည်ပ ခရီးသည်တွေအတွက် လိုအပ်ချက်အပေါ်မူတည်ပြီး အဆင်ပြေအောင် ပြေးဆွဲပေးတာ ဖြစ်ပါတယ်။ မှတ်တိုင် တိုင်းကို မရပ်တဲ့အတွက် ခရီးသွားလာမှုအတွက် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေပေါ် မူတည်ပြီး အဆင်ပြေအောင်၊ အကောင်းဆုံး ပုံစံဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်´´ ဟုပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ကြီးကြပ်မှုဖြင့် Omni Focus ကုမ္ပဏီက တာဝန်ယူ ပြေးဆွဲပေးခြင်း ဖြစ်သည်။

 

စတင်ပြေးဆွဲရာတွင် ယာဉ်အစီးရေ ၃၀ ဖြင့် စမ်းသပ်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ခရီးသည်စီးနင်းမှုအရ လိုအပ်ချက်များရှိပါက ယာဉ်အစီးရေ ၅၀ အထိတိုးချဲ့ ပြေးဆွဲသွားရန်စီစဉ်ထားကြောင်း သိရသည်။

 

ခရီးသည်များအတွက် ဝန်ဆောင်မှု အပိုင်းကို အဆိုပါ ကုမ္ပဏီက တာဝန်ယူ ပြေးဆွဲပေးလျက်ရှိသော YBS-၂၀၊ ၈၃၊ ၅၆ ယာဉ်လိုင်းများကဲ့သို့ ခရီးသည်များ စိတ်ကျေနပ်မှု ရှိစေရန် ဝန်ဆောင်မှုများပေးသွားမည်ဖြစ်ကြောင်း ဦးထွန်းတောက်ဝင်း ကဆိုသည်။

 

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ ကြံခင်းစုရပ်ကွက်နေ ဦးကျော်မြင့် က ``အရင်တုန်းကဆိုရင် လေဆိပ်ကနေ ဆယ်မိုင်ကုန်း၊ ဆယ်မိုင်ကုန်း ကနေတဆင့် မြို့ထဲကို အဆင်ပြေတဲ့ ကားစီးပြီးသွားရတာပါ။ နှစ်ဆင့်၊ သုံးဆင့်လောက် စီးမှမြို့ ထဲကိုရောက်ပါတယ်။ အခုလိုပြေးဆွဲပေးတော့ တော်တော် အဆင်ပြေ သွားမှာပါ။ ယာဉ်စီးခ ပုံသေ ငါးရာကျပ်ဆိုတာကတော့ ကျွန်တော်တို့လို လေဆိပ်နားမှာနေတဲ့ သူတွေအတွက် အဆင်ပြေပါတယ်။ လမ်းတက်လမ်းဆင်းတွေ အတွက်ကတော့ အနည်းငယ် များမယ်လိုမြင်ပါတယ်´´ဟု ပြောသည်။

 

အဆိုပါယာဉ်လိုင်း၌ ပြေးဆွဲမည့်ယာဉ်များတွင် YBS တံဆိပ်ပါရှိ မည်ဖြစ်သော်လည်း လိုင်းနံပါတ်မပါရှိဘဲ Airport Shuttle Bus အမည်ဖြင့် ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ပြေးဆွဲရာတွင် ခရီးသည်များ၏ ခရီးဆောင်အိတ်များနှင့် လက်ဆွဲအိတ်များအတွက် အခကြေးငွေပေးဆောင်ရန် မလိုသော်လည်း အနံ့အသက် ပျင်းသည့် အထုပ်အပိုးများနှင့် ကုန်စိမ်းကဲ့သို့ အိတ်များ၊ ခြင်းတောင်းများကို လုံးဝ တင်ဆောင်ခွင့် ပြုမည် မဟုတ်ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်လိုင်း၏ အသွားမှတ်တိုင်များအဖြစ် လေဆိပ်၊ (၈)မိုင်၊ နဝဒေး၊ ကမ္ဘာအေးဘုရား၊ လမ်းနီ၊ ဟန်မီးသစ်၊ ရွှေဂုံတိုင်၊ ဗဟန်း(၃)လမ်း၊ ကျောက်တိုင်မှတ်တိုင်၊ ရောက်လမ်း၊ ဆူးလေတို့ဖြစ်ပြီး အပြန်မှတ်တိုင်များအဖြစ် ဆူးလေ၊ ဘူတာကြီး၊ တိရစ္ဆာန်ဥယျာဉ်၊ ဗဟန်း(၃)လမ်း၊ ရွှေဂုံတိုင်၊ လမ်းနီ၊ ကမ္ဘာအေးဘုရား၊ နဝဒေး၊ (၈)မိုင်၊ လေဆိပ် တို့ဖြစ်သည်။

 

အလားတူ ဖြတ်သန်းသွားလာမည့် လမ်းများမှာ လေဆိပ်အဝင်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ရွှေဂုံတိုင်လမ်း၊ အလံပြဘုရားလမ်းနှင့် ဆူးလေဘုရားလမ်းတို့ဖြစ်ကြောင်း သိရသည်။

 

လက်ရှိကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌  အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း ၉၆ လိုင်းအထိရှိပြီး ထပ်မံ၍လည်း ရန်ကုန်မြို့ရှိ ပညာရေး တက္ကသိုလ်များကို အခြေပြု၍ ယာဉ်လိုင်းအသစ်များ  တိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ထံမှ သိရသည်။

 

သတင်း-ဇော်ကြီး၊ဓာတ်ပုံ-မြင့်ဝေ