အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းခြင်းမှသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ခြင်းဆိုင်ရာ အထောက်အကူပြုမှုများ

 

အိုဇုန်းဌာနစိတ်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

 

ဂေဟစနစ်နှင့် အိုဇုန်းလွှာ

 

ကမ္ဘာဦးအစကပင် ဂေဟစနစ်တွင် ပါဝင်သည့် လူသားများ၊ တိရစ္ဆာန်များ၊ အပင်များသည် အစာကွင်းဆက်သဖွယ် ချိတ်ဆက်၍ အပြန်အလှန်အမှီသဟဲပြု၊  အကျိုးပြုကာ ရှင်သန်ရပ်တည် နေထိုင်ခဲ့ကြပေသည်။ သမိုင်းကာလတစ်လျှောက်တွင် ဂေဟစနစ်များ ပျက်စီးစေသည့် ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်လာသည့် အကြောင်းရင်းများစွာ ရှိလာပြီး အိုဇုန်းလွှာပျက်စီးခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ဂေဟစနစ်အတွက် နေစွမ်းအင်သည်  မရှိမဖြစ်  လိုအပ်သော်လည်း နေစွမ်းအင်နှင့်အတူ ခရမ်းလွန်ရောင်ခြည် သုံးမျိုး ဖြစ်သည့် UV-A ၊ UV-B နှင့် UV-C  များသည် ကမ္ဘာ့ လေထုကိုဖြတ်သန်းလာရာ သက်ရှိများကို အန္တရာယ် ဖြစ်စေသည့်အပြင် အရာဝတ္ထုများကိုပါ ပျက်စီးစေ ပါသည်။ UV-B နှင့် UV-C ကို ကမ္ဘာ့မြေမျက်နှာပြင် အထက် အမြင့် ၁၅ ကီလိုမီတာမှ ၃၅ ကီလိုမီတာ အကြား၊ ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သည့် စထရာတိုစဖီးယားအလွှာအရောက်တွင် သဘာဝ အလျောက်ဖြစ်ပေါ်နေသော အိုဇုန်းလွှာကစုပ်ယူပေးပြီး ဇီဝမျိုးစုံမျိုးကွဲပျက်စီးမှုနှင့် ဂေဟစနစ်ကို ဒိုင်းသဖွယ် ကာကွယ်ပေးလျက်ရှိပါသည်။

 

သက်ရှိလောက၏ ရှားပါးသောဖြစ်တည်မှု (သို့မဟုတ်) အိုဇုန်းလွှာ

 

ကမ္ဘာ့လေထုဒုတိယအလွှာအတွင်းရှိ အိုဇုန်းဓာတ်ငွေ့ပမာဏသည် စုစုပေါင်း သုံးဘီလီယံ မက်ထရစ်တန်ခန့် ရှိသောကြောင့် ပမာဏများစွာရှိသည်ဟု ထင်မှတ်နိုင်စရာရှိသော်လည်း လေထုတစ်ခုလုံးတွင် ပါဝင်မှုအချိုးအစားမှာ အံ့ဩဖွယ် ကောင်းလောက်အောင်နည်းပါသည်။ အိုဇုန်းသည် ကမ္ဘာ့လေထု၏ ၀ ဒသမ ၀၀၀၀၆ ရာခိုင်နှုန်းသာရှိပြီး လေထုအတွင်းရှိ မော်လီကျူး ၁၀ သန်းတွင် ပျမ်းမျှ အားဖြင့် အိုဇုန်းမော်လီကျူး သုံးခုသာ ရှိပါသည်။ အကယ်၍ လေထုအတွင်းရှိ အိုဇုန်းမော်လီကျူးများ အားလုံးကို ပင်လယ်ရေမျက်နှာပြင်သို့ ဖိအားပေး ဖြန့်ကြက်ကြည့်မည်ဆိုပါက လိမ္မော်သီးတစ်လုံး၏ အခွံအထူ အတိုင်းအတာနှင့်တူညီသည့် သုံးမီလီ မီတာအထူရှိသော ဓာတ်ငွေ့အလွှာတစ်ခု ဖြစ်ပေါ် လာ မည်ဖြစ်ပါသည်။ ယင်းပါးလွှာသော အလွှာငယ် လေးသည် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို အန္တရာယ် ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေး နေခြင်းဖြစ်ရာ အိုဇုန်းလွှာပါးလွှာခြင်းနှင့် ပျက်စီး ခြင်းမဖြစ်ပေါ်စေရန်မှာ လွန်စွာအရေးကြီးလှပေသည်။

 

အိုဇုန်းလွှာပျက်စီးလာခြင်း

 

အိုဇုန်းလွှာသည် ဟေလိုဂျင် ဓာတ်ငွေ့အမျိုးအစားများဖြစ်သည့် ကလိုရင်းနှင့် ဘရိုမင်းကဲ့သို့ သော ဓာတ်ငွေ့များကြောင့် ပျက်စီးရပါသည်။

 

အဆိုပါ ကလိုရင်းနှင့် ဘရိုမင်းပါဝင်သည့် ဒြပ်ပေါင်းများသည် နေရောင်ခြည်တွင် ပါဝင်သည့် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့ပါက ဓာတ်ပြုမှု လွယ်ကူသည့် ဓာတ်ငွေ့များအဖြစ်သို့ ပြောင်းလဲ သွားပြီး အိုဇုန်းလွှာကို ဆိုးရွားစွာပျက်စီးသော ဓာတ်ကူဓာတ်ပြုခြင်းများ ဖြစ်ပေါ်လာစေပါသည်။ နွေဦးရာသီတွင် အန္တာတိကနေရာများစွာ၌ အိုဇုန်း ပမာဏသည် ၁၉၇၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းမှစ၍ တဖြည်းဖြည်းကျဆင်းသွားကြောင်း သိပ္ပံ ပညာရှင်များက ၁၉၈၅ ခုနှစ်တွင် တွေ့ရှိခဲ့ကြပါသည်။ အိုဇုန်းလွှာ၏အထူသည် ပုံမှန် ၃၀၀ ဒေါ့ဘ်ဆန် ယူနစ်ရှိရမည့်အစား ၁၉၈၁ - ၁၉၈၂ ခုနှစ်တွင် ၂၂၀ ဒေါ့ဘ်ဆန်ယူနစ်အောက်သာ ရှိကြောင်း တွေ့ရှိရပြီး ယင်းတွေ့ရှိချက်အရ အန္တာတိကတိုက်ပေါ်ရှိ အိုဇုန်းလွှာပါးလွှာမှုကို ပထမဆုံး အိုဇုန်းအပေါက်အဖြစ် သိရှိခဲ့ကြကာ အိုဇုန်းလွှာပျက်စီးလာခြင်းကို စတင်သတိပြုမိခဲ့ကြပါသည်။

 

အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းများ

 

အိုဇုန်းလွှာပျက်စီးစေသည့် ကလိုရင်းပါဝင်သော အဓိကဒြပ်ပစ္စည်းများမှာ ရေခဲသေတ္တာ၊ လေအေးပေးစက်နှင့် ရေမြှုပ်ပါဝင်သော ထုတ်ကုန် များတွင်အသုံးပြုသည့် ကလိုရိုဖလူရိုကာဗွန်(CFCs) များနှင့် ၎င်း CFCs တို့အတွက် အစားထိုးအသုံးပြု သည့် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) များ ဖြစ်ပါသည်။ အိုဇုန်းလွှာပျက်စီးစေသည့် ဘရိုမင်း ပါဝင်သော အဓိကဒြပ်ပစ္စည်းများမှာ မီးသတ်ဆေးဘူးများတွင် အသုံးပြုသည့် ဟေလွန်နှင့် ပိုးသတ်ခြင်း တွင်အသုံးပြုသည့် မီသိုင်းဘရိုမိုဒ်ဒြပ်ပစ္စည်းများ ဖြစ်ပါသည်။

 

အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ခြင်း

 

အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများကြောင့် အိုဇုန်းလွှာပျက်စီးလာမှုနှင့် ယင်း၏အကျိုး ဆက်များဖြစ်သည့် လူသားများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ကမ္ဘာ့နိုင်ငံများအနေဖြင့် သတိပြုမိလာသောကြောင့် အဆိုပါအကျိုးသက်ရောက်မှုများကို ထိန်းချုပ်နိုင် ရန် ၁၉၈၅ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံအချို့နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) တို့ ဦးဆောင်၍ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (The Vienna Convention for the Protection of the Ozone layer) ကိုကြိုးပမ်းဆောင်ရွက်မှုတစ်ခု အနေဖြင့် သဘောတူချမှတ်နိုင်ခဲ့ပြီး အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် သဘောတူစာချုပ် (The Montreal Protocol on Substances that Deplete the Ozone Layer) ကို ၁၉၈၇ ခုနှစ်တွင် ထပ်မံချုပ်ဆိုနိုင်ခဲ့ပါသည်။ မွန်ထရီရယ်သဘောတူစာချုပ်သည် နိုင်ငံပေါင်း ၁၉၈ နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အအောင်မြင်ဆုံး ပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကာ စာချုပ်အရ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်း (Ozone Depleting Substance - ODS) များအဖြစ် ကလိုရိုဖလူရိုကာဗွန်(CFCs)နှင့် ဟေလွန် (Halons) အမျိုးအစား ဒြပ်ပစ္စည်း ရှစ်မျိုးထုတ်လုပ် သုံးစွဲမှုကို အပြီးသတ်ရပ်ဆိုင်းနိုင်သည်အထိ အောင်မြင်ခဲ့ပါသည်။

 

ဆက်လက်၍ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းအသစ်များကို ထပ်မံတွေ့ရှိလာရသည့် အတွက် မွန်ထရီရယ် သဘောတူစာချုပ်၏ ပြင်ဆင်ချက်များဖြစ်သည့် ၁၉၉၀ ပြည့်နှစ် လန်ဒန်ပြင်ဆင် ချက် (London Amendment) ဖြင့် ကလိုရိုဖလူရို ကာဗွန် (CFCs) အမျိုးအစား ဒြပ်ပစ္စည်း ၁၀ မျိုး၊ ကာဗွန်တက်ထရာကလိုရိုဒ် (Carbon tetra-chloride) နှင့် မီသိုင်းကလိုရိုဖောင်း (Methyl chloroform) ၊ ၁၉၉၂ ခုနှစ် ကိုပင်ဟေဂင်ပြင်ဆင်ချက် (Copenhagen Amendment )ဖြင့် ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန် (HCFCs) အမျိုးအစား ဒြပ် ပစ္စည်း အမျိုးအစား ၄၀၊ ဟိုက်ဒရိုဘရိုမို ဖလူရို ကာဗွန် (HBFCs) ဒြပ်ပစ္စည်းအမျိုးအစား ၃၄ မျိုး၊ ၁၉၉၇ ခုနှစ် မွန်ထရီရယ်ပြင်ဆင်ချက် (Montreal Amendment) ဖြင့် မီသိုင်းဘရိုမိုဒ်၊ ၁၉၉၉ ခုနှစ် ပေကျင်း ပြင်ဆင်ချက် (Beijing Amendment) ဖြင့် ဘရိုမိုကလိုရိုမီသိန်း (bromochloromethane) နှင့် ၂၀၁၆ ခုနှစ် ကီဂါလီ ပြင်ဆင်ချက်ဖြင့် ဟိုက်ဒရို ဖလူရိုကာဗွန် (HFCs) အမျိုးအစား ဒြပ်ပစ္စည်း ၁၈ မျိုး စသဖြင့် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်း များ (Ozone Depleting Substances) ၏ ထုတ်လုပ်မှု၊ သုံးစွဲမှုများကို ပြင်ဆင်ချက် ငါးခုဖြင့် ကန့်သတ်ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါသည်။

 

အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံမှ ဆောင်ရွက်ချက်များ

 

မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေ သည့် ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ်သဘောတူစာချုပ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ထပ်မံပြင်ဆင်ချက်များတွင်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ စာချုပ်ပါ သတ်မှတ်ချက်များအတိုင်း အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ (Ozone Depleting Substances) ထုတ်လုပ်မှု၊ သုံးစွဲမှုများ အား ကန့်သတ်ထိန်းချုပ်ခြင်းကို အခြား ကမ္ဘာ့ ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ဆောင်ရွက်လျက်ရှိပြီး အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP) ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်လျက်ရှိပါသည်။

 

ဆောင်ရွက်ချက်များအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသည့် အအေးပေးဒြပ်ပစ္စည်း တစ်မျိုးဖြစ်သော ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs) သုံးစွဲမှုကို လျှော့ချရပ်ဆိုင်းနိုင်ရန် အဆိုပါဒြပ် ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်း အသုံးပြုခြင်းအား ၂၀၁၅ ခုနှစ်မှစတင်၍ ကန့်သတ်ပမာဏအတိုင်း “အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်” အရ လိုင်စင်စနစ်၊ ခွဲတမ်း ခွဲဝေစနစ်ဖြင့်သာ ခွင့်ပြု၍ နှစ်အလိုက် လျှော့ချလျက်ရှိကာ ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ် ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။ ထို့အပြင် ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန် (HCFCs- R 22) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ အောက် လေအေးပေးစက်များ ပြည်တွင်းသို့ တင်သွင်းအသုံးပြုခြင်းအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှစ၍ တားမြစ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ် ၂၈/၂၀၂၀ ဖြင့် ပြဋ္ဌာန်း ခဲ့ပြီး ဖြစ်ပါသည်။

 

ဆက်လက်၍ ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs- R 22) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅နှင့်အထက် လေအေးပေး စက်များ ပြည်တွင်းသို့ တင်သွင်းအသုံးပြုခြင်းအား တားမြစ်ခြင်းကိုလည်း ဆက်လက်၍ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

 

အိုဇုန်းလွှာပျက်စီးစေသော အအေးပေးဒြပ်ပစ္စည်း (ODS) အစားထိုး အအေးပေးဒြပ်ပစ္စည်းများနှင့် ရာသီဥတုပြောင်းလဲမှု (Climate Change) အကြောင်း တစေ့တစောင်း

 

ရေခဲသေတ္တာနှင့် လေအေးပေးစက်များတွင် အဓိကအသုံးပြုသည့် ဒြပ်ပစ္စည်းများမှာ ကလိုရို ဖလူရိုကာဗွန် (CFCs)များဖြစ်ပြီး ယင်းကို မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အရ အပြီးသတ်တားမြစ်ခဲ့ပြီးဖြစ်၍ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) များကို အစားထိုးသုံးစွဲခဲ့ကြပါသည်။ နောက်ပိုင်းတွင် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFCs) များအစား ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) များကို အစားထိုး သုံးစွဲခဲ့ကြပါသည်။

 

ထိုအစားထိုးအသုံးပြုသည့် HFCs များသည် အိုဇုန်းလွှာပျက်စီးမှုညွှန်းကိန်း မရှိသော်လည်း ကမ္ဘာ့ပူနွေးမှု အလားအလာကို တိုးမြင့်စေပါသည်။ နောက်ဆက်တွဲသက်ရောက်မှုအနေဖြင့် ကမ္ဘာ့ပူနွေး မှုတိုးမြင့်လာသောကြောင့် ရာသီဥတုပြောင်းလဲမှု များဖြစ်ပေါ်လာပြီး ဆိုးကျိုးသက်ရောက်မှုများဖြစ်သည့် အပူချိန်မြင့်မားမှုကြောင့် ရေငွေ့ပျံနှုန်းများခြင်း နှင့် မိုးရွာသွန်းမှုနည်းခြင်းကြောင့် မိုးခေါင်ခြင်း၊ ရေချိုအရင်းအမြစ် ဆုတ်ယုတ်ခြင်း၊ မိုးရွာသွန်းမှု မမှန်ခြင်း၊ ရေကြီးခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးမြေ၊ မြို့ပြဧရိယာများ ဆုံးရှုံးခြင်း၊ ဂေဟ စနစ်များ ပျက်စီးဆုံးရှုံးခြင်း၊ မြေပြိုခြင်းများဖြစ်လာ ပြီး မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာစေပါသည်။ အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်း (ODS) များနှင့် ယင်းပစ္စည်းများနေရာတွင် အစားထိုးအသုံးပြုသော ကမ္ဘာ့ပူနွေးမှုမြင့်မားစေ သည့် အအေးပေးဒြပ်ပစ္စည်းများ အသုံးပြုမှုလျှော့ချ ရပ်ဆိုင်းခြင်းသည် အိုဇုန်းလွှာကို ကာကွယ်ပေးရုံ သာမက ရာသီဥတုပြောင်းလဲမှု လျှော့ချရေးကို လည်း အထောက်အကူဖြစ်ပါသည်။

 

အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းခြင်းမှသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ခြင်းဆိုင်ရာ အထောက်အကူပြုမှုများ

 

ထို့ကြောင့် ကမ္ဘာ့ပူနွေးမှုအလားအလာမြင့်ပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် အအေးပေးဒြပ်ပစ္စည်း ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ထုတ်လုပ်မှု၊ သုံးစွဲမှုများကို ၂၀၂၉ ခုနှစ်မှစတင် လျှော့ချ ထိန်းချုပ်နိုင်ရန် ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့၌ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ကျင်းပသည့် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးတွင် သဘောတူချမှတ်ခဲ့ပါသည်။

 

ကီဂါလီပြင်ဆင်ချက်သို့ ဝင်ရောက်ပြီးသည့် မွန်ထရီရယ်သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း ၁၃၇ နိုင်ငံရှိပြီး ထိုနိုင်ငံများထဲတွင် အာဆီယံနိုင်ငံ ငါးနိုင်ငံလည်း ဝင်ရောက်ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကီဂါလီ ပြင်ဆင်ချက်သို့ ဝင်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အဆိုပါပြင်ဆင်ချက်သို့ ဝင်ရောက်ပြီးပါက ဆောင်ရွက်ရမည့် ကတိကဝတ်များနှင့် တင်သွင်းရမည့် အချက်အလက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းပေးခြင်းများ ကျင်းပဆောင်ရွက် လျက်ရှိပါသည်။

 

ကီဂါလီပြင်ဆင်ချက်သို့ ဝင်ရောက်ပြီးပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနေဖြင့် မြန်မာ နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ် တို့၏ HFCs သုံးစွဲမှုကို (Baseline Year Data) အခြေခံအချက်အလက်အဖြစ် တင်သွင်းရမည်ဖြစ် ပြီး ၂၀၂၄ ခုနှစ်တွင် HFCs သုံးစွဲမှုကို စတင်ထိန်းချုပ် ကန့်သတ်ကာ ၂၀၂၉ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၃၅ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်း၊ ၂၀၄၀ ပြည့်နှစ်တွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၄၅ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ လျှော့ချသွားရမည် ဖြစ်ပါသည်။

 

၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး - သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝန်း ပူးပေါင်းဆောင်ရွက်စို့

 

ကမ္ဘာ့နိုင်ငံများအနေဖြင့် နိုင်ငံတကာသဘောတူ စာချုပ်များတွင် တက်ကြွစွာပါဝင် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် အိုဇုန်းလွှာအရည်အသွေး ပိုမိုကောင်းမွန်လာပြီး လူသားတို့ အပါအဝင် ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံးကို စဉ်ဆက်မပြတ် အကာအကွယ်ပေးသွားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါသဘောတူစာချုပ်များနှင့်အညီ ကမ္ဘာ့နိုင်ငံများဆက်လက်ပူးပေါင်း၍ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရန်၊ ကြုံတွေ့နေရသည့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကိုဖြေရှင်းရန်နှင့် အနာဂတ်မျိုးဆက်များကို ကာကွယ်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးစေရန် ပြည်သူများအနေဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ အထိမ်းအမှတ် “Montreal Protocol@35: global cooperation protecting life on earth” (၃၅နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး - သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့် အဝန်း ပူးပေါင်းဆောင်ရွက်စို့) ဆောင်ပုဒ်နှင့်အညီ အားလုံးအတူတကွလက်တွဲ၍ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

 

ကိုးကား

(၁) https://ozone.unep.org/treaties/mon-treal-protocol

(၂)  Wikipedia Website မှ World Ozone Day အကြောင်း သိကောင်းစရာ

(၃) www.epa.gov/ghgemissions/under-standing-global-warming-potentials

(၄) www.unep.org/[email protected]

(၅) ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ထုတ်ဝေသည့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ နှင့် အိုဇုန်းလွှာပျက်စီး စေသော ဒြပ်ပစ္စည်းများအကြောင်း သိကောင်းစရာ စာအုပ်