အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းမှုဖြင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်စို့

ဆောင်းပါး -  ညွန့်ဝင်း(နတ်တလင်း) 

လူနှင့် သတ္တဝါတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့အပေါ်မူတည်၍ အသက်ရှင်နေထိုင်ကြရသည်။ ဥတုအပေါ် တည်မီအသက်ရှင်နေထိုင်ကြရာ၌ ပူခြင်း၊ အေးခြင်း၊ လေတိုက်ခြင်း၊ ဆီးနှင်းကျခြင်း၊ မိုးရွာခြင်း စသောရာသီဥတုအခြေအနေများကို မလွဲမသွေ ရင်ဆိုင်ကြရပါသည်။မျှတကောင်းမွန်သော ရာသီဥတု ကသာလျှင် သက်ရှိများ ရှင်သန်နေထိုင်ရေးကို အကျိုးပြုနိုင်ပေလိမ့်မည်။ထိုမျှတသော ရာသီဥတုအခြေအနေကို ဖန်တီးပေးသည့် သဘာဝအခြင်းအရာများတွင် အိုဇုန်းလွှာလည်း အဓိကနေရာ၌ ပါဝင်နေသည်။

အိုဇုန်းလွှာသည် လူသားအပါအဝင် 
သက်ရှိတို့ကို အကျိုးပြု

အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက် မည့်  ခရမ်းလွန်ရောင်ခြည်ကို   ကာကွယ်ပေးထား သည့် သဘာဝအလွှာတစ်ခုဖြစ်သည်။ အိုဇုန်းလွှာ ဟူသောဝေါဟာရကို    သိပ္ပံပညာရှင်များနှင့်သာ သက်ဆိုင်သော ဝေါဟာရဟု ထင်မှတ်ချင် ထင်မှတ် နေပေလိမ့်မည်။   အမှန်စင်စစ်   အိုဇုန်းလွှာသည် လူသားသက်ရှိအားလုံးနှင့်    သက်ဆိုင်ပါသည်။ အိုဇုန်းလွှာကို ပထမဆုံး   ရှာဖွေတွေ့ရှိသူများမှာ ပြင်သစ်လူမျိုး ရူပဗေဒပညာရှင် ချားလ်စ်ဖာဘရီနှင့်ဟင်နရီဘစ်ဆန်တို့ ဖြစ်သည်။ ထိုအိုဇုန်းလွှာ၏ ဂုဏ်သတ္တိအစွမ်းများကို စူးစမ်းလေ့လာခဲ့သူမှာကား အင်္ဂလိပ်လူမျိုး    မိုးလေဝသနှင့်   ဇလဗေဒပညာရှင် ဒေါ့ဘဆင်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးများ၏ကျေးဇူး ကြောင့်   အိုဇုန်းလွှာသည်   လူသားအပါအဝင် သက်ရှိတို့ကို ကာကွယ်အကျိုးပြုနေသော သဘာဝ ဆုလာဘ်တစ်ခုဖြစ်ကြောင်း သိရှိလာကြသည်။

အိုဇုန်းလွှာသည် ကမ္ဘာ့မြေမျက်နှာပြင်အထက် ၁၂မိုင်မှ မိုင် ၃၀အမြင့်တွင်ရှိသော စထရာတိုစဖီး ယားအလွှာ၏   အောက်ခြေတွင်   တည်ရှိသည်။ ဘာသာရပ်ဆိုင်ရာ ဝေါဟာရအရ  အိုဇိုနိုစဖီးယားဟု ခေါ်သည်။  အကြမ်းအားဖြင့်   အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်အထက် ကိုးမိုင်မှ ၁၉ မိုင်အကွာတွင် တည်ရှိသည်။ကမ္ဘာတစ်ခုလုံးကို ဝိုင်းပတ်သိုင်းခြုံ ထားပြီး နေနှင့် ကမ္ဘာအကြားရှိသော သဘာဝကြားခံ အလွှာတစ်ခုဖြစ်သည်။ကမ္ဘာသည်  နေနှင့် မိုင်ပေါင်း ၉၃  သန်းခန့်   ကွာဝေးသည်။   နေမှ   ကမ္ဘာသို့ တောက်ပသော အလင်းရောင်နှင့်  အပူရှိန်ကိုပေး သည်။ ထိုသို့ပေးနေသော နေရောင်ခြည်တွင် ခရမ်း လွန်ရောင်ခြည် ပါဝင်နေပေသည်။

အိုဇုန်းလွှာ၏ အခန်းကဏ္ဍအရေးပါလာ

ခရမ်းလွန်ရောင်ခြည်သည် လူနှင့် တိရစ္ဆာန် တို့ကို တိုက်ရိုက်ထိတွေ့ပါက အရေပြားကင်ဆာ နှင့်  မျက်စိအတွင်း   တိမ်ရောဂါများဖြစ်စေသည်။ မျက်စိအတွင်း  တိမ်ရောဂါဖြစ်လျှင်   မျက်ကန်း ဒုက္ခိတဘဝအဖြစ် ရောက်ရှိမည်ဖြစ်သည်။ အနိမ့်ဆုံး အဆင့်အနေဖြင့်   ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကိုလောင်ကာ    မူလအရေပြားအလှ ပျက်စီးရမည်ဖြစ်သည်။  ထို့ကြောင့်   လူသားတို့ အတွက်  ဆိုးကျိုးဒုက္ခဖြစ်စေသော   ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်ပေးသည့် အိုဇုန်းလွှာ၏ အခန်းကဏ္ဍသည် အရေးပါလာပေသည်။ အိုဇုန်းလွှာ တွင်ပါဝင်သော အိုဇုန်းဓာတ်က   နေမှ  ကမ္ဘာသို့ ထုတ်လွှတ်သော ခရမ်းလွန်ရောင်ခြည်၏ ၉၃ ရာခိုင် နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူကာ ကာကွယ်ပေး သည်။   ခရမ်းလွန်ရောင်ခြည်သည်   အိုဇုန်းလွှာ ခံကတုတ်ကို   မကျော်လွန်နိုင်သမျှ    ကမ္ဘာရှိလူသား၊ သစ်ပင်နှင့် တိရစ္ဆာန်တို့ကို ဒုက္ခ မပေးနိုင်ပေ။

ကမ္ဘာပေါ်ရှိ သက်ရှိတို့ကို ထိုသို့ အကာအကွယ် ပေးနေသော အိုဇုန်းလွှာကြီးသည် တဖြည်းဖြည်းပါးလွှာပေါက်ပြဲလာသည့်အခါ အမိုးပေါက်နေသောအိမ်ကြီးအသွင်ဖြစ်လာသဖြင့်   ကမ္ဘာမြေပြင်သို့ ခရမ်းလွန်ရောင်ခြည်များ တိုက်ရိုက်ကျရောက်လာ ပြီး ကမ္ဘာကြီးပူနွေးလာရသည်။ ရာသီဥတုဆိုးရွားမှု ဒဏ်ကို သက်ရှိတို့ ခံစားလာကြရသည်။ ထိုသို့ ဖြစ်ရ ခြင်းမှာ လူသားတို့၏ ပယောဂကြောင့်ပင်   ဖြစ် သည်။

သိပ္ပံပညာထွန်းကားလာသည်နှင့်အညီ တိုးတက် ပေါ်ပေါက်လာသော စက်မှုလုပ်ငန်းများက အိုဇုန်းလွှာ ကို ဒုက္ခပေးတော့သည်။ စက်ကိရိယာများနှင့် စက်မှု လုပ်ငန်းအမျိုးမျိုးသည်  အိုဇုန်းလွှာကို   ထိခိုက် ပျက်စီးစေသော  ဓာတုပစ္စည်းများကို   သုံးစွဲရမှု ကြောင့်ဖြစ်သည်။လူသားများ၏ ဇိမ်ခံပစ္စည်းများ ဖြစ်သည့် ရေခဲသေတ္တာ၊ လေအေးပေးစက်နှင့် ရေမွှေး များ ပြုလုပ်ရာတွင်   ဖရီယွန်ကို   အသုံးပြုသည်။ ၎င်းတို့မှ  ထွက်ပေါ်လာသော    ဖရီယွန်ဓာတ်များ လေထဲတွင်  အများအပြား   စုဝေးလာသောအခါ အိုဇုန်းလွှာကို တိုက်စားကာ ပါးလွှာပေါက်ပြဲစေတော့ သည်။ အိုဇုန်းလွှာ တစ်စတစ်စ  ပေါက်ပြဲလာမှုကို ပညာရှင်တို့က ၁၉၈၅ ခုနှစ်ကတည်းက လေ့လာ သိရှိခဲ့ကြသည်။  ထို့ကြောင့်  အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ရေးအတွက် စဉ်းစားခဲ့ကြသည်။ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အိုဇုန်းလွှာ ပေါက်ပြဲမှုမှာ လွန်စွာဆိုးရွားလာပြီး အရွယ်အစား စတုရန်းမိုင် ၁ဝ ဒသမ ၅ သန်းကျော်အထိ ရှိလာ သည်။

နိုင်ငံတကာ သဘောတူညီချက်စာချုပ်တစ်ရပ်   
လက်မှတ်ရေးထိုးခဲ့

ထို့ကြောင့် အိုဇုန်းလွှာထိန်းသိမ်းရေးကို အရေး တကြီး  ဆောင်ရွက်ရန်    ကမ္ဘာ့နိုင်ငံအသီးသီးက ဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဦးစီး ဆောင်ရွက်ခဲ့သည်။  ကမ္ဘာ့ကုလသမဂ္ဂနှင့်  နိုင်ငံ တကာအသိုက်အဝန်းတို့၏ စည်းလုံးညီညွတ်မှုဖြင့် အိုဇုန်းလွှာကာကွယ်ရေးနည်းလမ်းများကို ကြံဆောင် ခဲ့ကြသည်။ ၁၉၈၇ ခုနှစ် စက်တင်ဘာ  ၁၆ ရက် နေ့တွင် ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့၌ အိုဇုန်းလွှာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ   နိုင်ငံတကာ သဘောတူညီချက်စာချုပ်တစ်ရပ်ကို   လက်မှတ် ရေးထိုးခဲ့ကြသည်။   ယင်းစာချုပ်ကို   အိုဇုန်းလွှာ ပြုန်းတီးစေသောအရာဝတ္ထုများဆိုင်ရာ မွန်ထရီရယ် စာချုပ်ဟု   ခေါ်ပါသည်။   ထိုစာချုပ်    လက်မှတ် ရေးထိုးခဲ့သော စက်တင်ဘာ  ၁၆   ရက်ကိုလည်း အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ်ပေးခဲ့သည်။  ထိုနေ့ကို   ကမ္ဘာသူ ကမ္ဘာသားအားလုံး  အိုဇုန်းလွှာ၏   အရေးပါပုံကို သိရှိပြီး   မပြတ်သောသတိဖြင့်   ဆင်ခြင်နေထိုင် ကျင့်ကြံနိုင်စေရန် ရည်ရွယ်သတ်မှတ်ခဲ့ခြင်း ဖြစ် သည်။

စာချုပ်ပါ စည်းကမ်းချက်များအရ အိုဇုန်းလွှာ ပြုန်းတီးပျက်စီးစေသော အာနိသင်ရှိသည့် ပစ္စည်း ၁၀၀ ခန့် ထုတ်လုပ်သုံးစွဲမှုကို အချိန်ဇယားရေးဆွဲ၍ တစ်ဆင့်စီဖျက်သိမ်းရန် သတ်မှတ်ခဲ့သည်။ လုပ်ငန်း များဆောင်ရွက်ရာ၌ စာရွက်ပေါ်တွင် သဘောတရား စည်းကမ်းသတ်မှတ်ချက်များ    ဟန်ပြထားရှိမှု မဟုတ်ဘဲ အမှန်တကယ် လက်တွေ့ကျကျ ကြိုးပမ်း ဆောင်ရွက်ကြပါသည်။ တရုတ်နိုင်ငံက  စတင်၍ အိုဇုန်းလွှာပါးလွှာပျက်စီးစေသည့် ဖရီယွန် ထုတ် လုပ်မှုကို ရပ်စဲခဲ့သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ကလည်း နိုင်ငံတကာနှင့် ပူးပေါင်း၍ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း၊ အိုဇုန်း လွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း စသောပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သဘော တူညီချက်များကို   လက်မှတ်ရေးထိုး၍   လိုက်နာ ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ် တွင် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေး  စာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ်    ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီး အမျိုးသားအဆင့် အိုဇုန်းယူနစ်ကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်  အိုဇုန်းလွှာ ပျက်စီးစေသော   ဓာတ်ပစ္စည်းများ  လျှော့ချရေး၊ အများပြည်သူများအား  ပညာပေးရေး  စာချုပ်ပါ တာဝန်များကို အကောင်အထည်ဖော်ရေးလုပ်ငန်း များကို ကမ္ဘာ့အဖွဲ့နှင့်ပူးပေါင်းကာ နည်းပညာများ ရယူဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၏ ဟိုက်ဒရိုကလိုရိုဖလိုကာဗွန် (HCFC) သုံးစွဲမှု လျှော့ချရပ်ဆိုင်းရေးစီမံကိန်းကို ၂၀၁၂ ခုနှစ် မှစ၍ ရေးဆွဲအကောင်အထည်ဖော်ခဲ့သည်။ အိုဇုန်း လွှာပျက်စီးစေသော ဓာတ်ပစ္စည်းများ ချုပ်ကိုင်စေ ရေးအမိန့်ကို ၂၀၁၄ ခုနှစ် ဧပြီ ၂၅ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ဧရိယာတဖြည်းဖြည်း ကျဉ်းမြောင်းလာ

ကမ္ဘာ့အိုဇုန်းလွှာ အပေါက်ကို ၂၀၀၆ ခုနှစ်တွင် နာဆာအဖွဲ့၏ ဖော်ထုတ်မှတ်တမ်းတင်ချက်အရ စတုရန်းမီတာ သန်း ၃၀ ခန့်ရှိခဲ့ပြီး ကမ္ဘာနှင့်အဝန်း အိုဇုန်းလွှာထိန်းသိမ်းရေးအဖွဲ့၏ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုကြောင့် ဧရိယာတဖြည်းဖြည်း ကျဉ်း မြောင်းလာပြီး စတုရန်းမီတာသန်း  ၂၀   ခန့်သာ ရှိတော့ကြောင်း     သိရသည်။   ကမ္ဘာနှင့် အဝန်း လိုက်နာပူးပေါင်းဆောင်ရွက်မှုကြောင့် အိုဇုန်းလွှာ ပျက်စီးမှုကို ထိန်းသိမ်းလာနိုင်ခဲ့ရာ ကျန်ရှိနေသော ပမာဏမှာ  ကမ္ဘာကြီးကို  ကြီးမားစွာ ဒုက္ခမပေးနိုင် တော့ကြောင်း ပညာရှင်များက ဆိုပါသည်။ ၁၉၈၅ ခုနှစ်မှ   စတင်စိုင်းပြင်းဆောင်ရွက်ခဲ့သော   ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းစောင့်ရှောက်မှုသည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် (၃၇) နှစ် ပြည့်မြောက် ခဲ့လေပြီ။

ကမ္ဘာ့အိုဇုန်းလွှာကြီး ပြန်လည်ကောင်းမွန်လာ သည်မှာ လူလုပ်ဓာတုပစ္စည်းများကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်    လျှော့ချနိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း   နာဆာအဖွဲ့၏   မှတ်တမ်းများအရ သိရပါသည်။ ကျွန်တော်တို့   စုပေါင်းနေထိုင်သော ကမ္ဘာသည် တစ်ခုတည်းသော အားကိုးမှီခိုရာ ကမ္ဘာ ဖြစ်သည်။  သို့ဖြစ်ရာ  ကမ္ဘာသူ  ကမ္ဘာသားအားလုံး သည် မိမိတို့  မှီတင်းနေထိုင်သော   ကမ္ဘာကြီးကို သဘာဝဘေးအန္တရာယ်တို့မှ    ကင်းလွတ်သော၊ သာယာသောကမ္ဘာကြီးဖြစ်လာစေရန်  အိုဇုန်းလွှာ၏ တန်ဖိုးကို သိမြင်လျက် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို  အတူတကွ    ပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရ ပေသည်။        ။