အိုလံပစ်ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း မန္တလေးမြို့၌ လေ့ကျင့်ကာ ခြေစမ်းပွဲကစားမည်

၁၆  ဇန်နဝါရီ

 

                       

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၀ တိုကျိုအိုလံပစ် တတိယအဆင့်ခြေစစ်ပွဲမတိုင်မီ မန္တလေးမြို့၌ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

                         

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီ ၁၉ ရက်တွင် မန္တလေးမြို့သို့ ထွက်ခွာကာ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်ပြီး ထိုင်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ထိုင်းဘောလုံးအဖွဲ့ချုပ်တို့၏ ညှိနှိုင်းမှုအရ ခြေစမ်းပွဲကို ဇန်နဝါရီ ၂၅၊ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မန္တလေးမြို့သို့ ကြိုတင်သွားရောက်ကာ လေ့ကျင့်ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လက်ရှိအချိန်ထိ နည်းပြသစ်ခန့်အပ်နိုင်ခြင်းမရှိေသးသောကြောင့် လက်ထောက်နည်းပြများကသာ တာဝန်ယူလေ့ကျင့်ပေးလျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် ဝါရင့်ကစားသမားများဖြစ်သည့် ခင်မာလာထွန်း၊ ဝင်းသိဂီထွန်း၊ မြဖူးငုံ (ဂိုး)၊ ခင်သန်းဝေနှင့် ဝေဝေအောင်တို့ ပြန်လည်ပူးပေါင်းနေပြီး စုစုပေါင်း ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

                    

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ထိုင်းအသင်းနှင့် ခြေစမ်းပွဲအပြီးတွင် အိုလံပစ်ခြေစစ်ပွဲအတွက် အပြီးသတ်လူရွေးချယ်မည်ဖြစ်သည်။ မြန်မာအသင်းယှဉ်ပြိုင်မည့် အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့်ကို ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် အုပ်စု (က) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ တရုတ်နိုင်ငံ၌ ကျင်းပမည့် အုပ်စု (ခ) တွင် သြစတြေးလျ၊ တရုတ်၊ ထိုင်းနှင့် တရုတ်တိုင်ပေအသင်းတို့ ပါဝင်နေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်