အိုင်ဗရီကို့စ်ကို အနိုင်ရရှိခဲ့တဲ့ အီဂျစ်အသင်း ကွာတားဖိုင်နယ်တွင် မော်ရိုကိုနဲ့ ယှဉ်ပြိုင်ကစားရမည်

ဇန်နဝါရီ   ၂၈

ကင်မရွန်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ နေတဲ့ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ အိုင်ဗရီကို့စ် အသင်းနဲ့ အီဂျစ်အသင်းတို့ရဲ့ ပွဲစဉ်ကို ဇန်နဝါရီ ၂၆ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အီဂျစ်အသင်းက အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်း ခွင့်ရရှိခဲ့ပါတယ်။

အာဖရိကနိုင်ငံများ ဖလားချန်ပီယံနှစ်ကြိမ် ဖြစ်ထားတဲ့ အိုင်ဗရီကို့စ်အသင်းနဲ့ အီဂျစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံး အဖြတ်ခံယူရာမှာတော့ အီဂျစ်အသင်းက အိုင်ဗရီကို့စ် အသင်းကို ငါးဂိုး-လေးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အီဂျစ်အသင်းဟာ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၃၀ ရက်မှာ မော်ရိုကိုအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

မော်ရိုကိုအသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ မာလာဝီအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့် တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ အခြားသော အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မာလီအသင်းနဲ့ အီကွေတိုရီယယ် ဂီနီယာအသင်းတို့ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ အီကွေတိုရီယယ်ဂီနီယာအသင်းက ခြောက်ဂိုး-ငါးဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

အီကွေတိုရီယယ်ဂီနီယာအသင်းဟာ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆီနီဂေါအသင်းဟာ ၁၆သင်းအဆင့်မှာ ကိတ်ဗာဒီအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်