အိုးထရက်ဖို့ဒ်၌ စာချုပ်သစ်ချုပ်ဆိုရန် ပျက်ပြယ်ခဲ့ပြီးနောက် ဇန်နဝါရီတွင် အငှားထွက်ကစားဖွယ်ရှိနေသည့် လင်ဂတ်

နိုဝင်ဘာ ၂၁

အိုးထရက်ဖို့ဒ်၌ စာချုပ်သစ်ချုပ်ဆိုရန် ပျက်ပြယ်ခဲ့ပြီးနောက် လင်ဂတ်၏ မန်ယူအသင်း အနာဂတ် သံသယအနေအထားတွင် ရှိလာခဲ့ပြီဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် လင်ဂတ်၏ လက်ရှိစာချုပ်သက်တမ်းသည် လာမည့်နွေရာသီတွင် ကုန်ဆုံးတော့မည်ဖြစ်သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီ ဒုတိယနှစ်ဝက်တွင် ဝက်စ်ဟမ်းအသင်း၌ ခြေစွမ်းပြသထားနိုင်ပြီးနောက် လင်ဂတ်အနေဖြင့် အိုးထရက်ဖို့ဒ်တွင် သက်တမ်းတိုးစာချုပ် ချုပ်လိမ့်မည်ဟုမျှော်လင့်ထားသည်။ ထို့အပြင် ကစားသမားကိုယ်တိုင်က နည်းပြဆိုးလ်ရှားအနေဖြင့် ၎င်းကို ပွဲကစားခွင့် ပိုမိုရရှိအောင် ကူညီပေးလိမ့်မည်ဟု ယုံကြည်ကာ ယခုနှစ်ရာသီ အိုးထရက်ဖို့ဒ်တွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း နည်းပြဆိုးလ်ရှားသည် ယခုနှစ်ရာသီတွင် စက်တင်ဘာလက ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလားပြိုင်ပွဲ၌ မန်ယူအသင်းက ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင်သာ လင်ဂတ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး ကျန်သောပွဲစဉ်အများစု၌ လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုခဲ့သည်။

၎င်းသည် လူစားဝင်ကစားသမားအဖြစ် ခုနစ်ကြိမ်အထိ ပါဝင်ကစားထားပြီး စုစုပေါင်း ၇၆ မိနစ်သာ ပါဝင်ကစားခွင့် ရရှိထားသေးသည်။ ထို့ကြောင့် အင်္ဂလန်နည်းပြဆောက်ဂိတ်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အယ်လ်ဘေးနီးယား၊ ဆန်မာရီနိုတို့နှင့်ကစားခဲ့သည့်ပွဲစဉ်တွင် လင်ဂတ်ကို အသင်းကစားသမားစာရင်းမှ ချန်လှပ်ခဲ့ရခြင်း ဖြစ်သည်။

လင်ဂတ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း၏ ကစားသမားစာရင်း၌ ပြန်လည်ရွေးချယ်ခံခွင့်ရရန် ပွဲကစားခွင့်များစွာ လိုအပ်နေသည့်အတွက် ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် အငှားထွက်ကစားဖွယ်ရှိသည်။

အောင်ဇော်