အိုးထရက်ဖို့ဒ်တွင် မန်စီးတီးကို ဂိုးပြတ်အရေးနိမ့်ခဲ့သည့် မန်ယူ

နိုဝင်ဘာ ၇

ပရီမီယာလိဂ်ပွဲစဉ် (၁၁)၏ အစောဆုံးပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ပွဲစဉ်ကို အိုးထရက်ဖို့ဒ်၌ နိုဝင်ဘာ ၆ ရက် ညပိုင်းက အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် မန်ယူကို အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲစဉ်တွင် မန်ယူအသင်းသည် အားထားရသည့် ကာဗာနီ၊ ဗာရာနီတို့ ဒဏ်ရာကြောင့် လွဲချော်ခဲ့သလို ပေါ့ဂ်ဘာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့သည်။ သို့သော်လည်း နည်းပြဆိုးလ်ရားသည် အဓိက ကစားသမား အများစုဖြင့် ပွဲထွက်လာသလို မန်စီးတီး အသင်းကလည်း အဓိကကစားသမား အများစုဖြင့် မန်ယူအသင်းကို ရင်ဆိုင်လာခဲ့သည်။ ပွဲစသည်နှင့်တစ်ပြိုင်နက်မန်စီးတီးအသင်းသည် မန်ယူအသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၇ မိနစ်တွင် မန်ယူအသင်းမှ ခံစစ်ကစားသမား ဘိုင်လီ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့၍ မန်စီးတီးအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။

ခံစစ်ပိုင်းအမှားများနေသည့် မန်ယူအသင်းသည် ယနေ့ပွဲစဉ်တွင်လည်း ဘိုင်လီ၊ လင်ဒီလော့ဖ်တို့ အမှားမှတစ်ဆင့် သွင်းဂိုးခွင့်ပြုပေးခဲ့ရသည်။ သွင်းဂိုးတစ်ဂိုးခွင့်ပြုပေးခဲ့ရသော်လည်း မန်ယူအသင်း၏ကစားဟန် ကောင်းမွန်လာခြင်းမရှိဘဲ ပြိုင်ဘက်မန်စီးတီးအသင်း၏ ဖိအားပေးမှုကိုသာ ရင်ဆိုင်ခဲ့ရသည်။ ပထမပိုင်း ပွဲချိန်ပြီးခါနီးတွင် မန်စီးတီးအသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဆေးလ်ဗားက သွင်းယူပေးနိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် မန်ယူအသင်းသည် ဘိုင်လီကို အနားပေးကာ ဆန်ချိုကို ထည့်သွင်းအသုံးပြုခဲ့သည်။ သို့သော်လည်း မန်ယူအသင်းသည် အသင်းလိုက်စွမ်းဆောင်ရည် ကျဆင်းနေပြီး မန်စီးတီးအသင်းက ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှု အသာ၊ နည်းဗျူဟာအသာဖြင့် ကစားနိုင်ခဲ့သည်။ ထို့နောက်တွင် နှစ်သင်းစလုံး လူစားပြောင်းလဲမှုများ ပြုလုပ်လာသော်လည်း တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် မန်စီးတီးအသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ယနေ့ပွဲစဉ်ရှုံးနိမ့်မှုကြောင့် နောက်ဆုံး အိမ်ကွင်းပွဲစဉ် နှစ်ပွဲတွင် နှစ်ပွဲစလုံး ဂိုးပြတ်ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် မန်ယူအသင်းသည် ပရီမီယာလိဂ်တွင် (၁၁)ပွဲ ကစားပြီး ရှုံးပွဲလေးပွဲအထိ ရှိလာကာ ရမှတ် ၁၇ မှတ်သာ ရရှိထားသေးသည်။ ပြိုင်ဘက် မန်စီးတီးအသင်းက ယခုပွဲစဉ် အနိုင် ရရှိမှုကြောင့် ရမှတ် ၂၃ မှတ်အထိ ရှိလာပြီဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များအဖြစ် ဆောက်သမ်တန်က ဗီလာကို တစ်ဂိုး-ဂိုးမရှိဖြင့်နိုင်ပြီး ချယ်ဆီးနှင့် ဘန်လေ တစ်ဂိုးစီ သရေဖြစ်ခဲ့ သည်။ ဘရန့်ဖို့ဒ်ကို နော့ဝှစ်ခ်ျက နှစ်ဂိုး-တစ်ဂိုးဖြင့်နိုင်ပြီး ယင်းနိုင်ပွဲမှာ နော့ဝှစ်ချ်အတွက် ယခုရာသီပထမဆုံး နိုင်ပွဲ ဖြစ်သည်။ ပဲလေ့စ်က ဝုလ်ဖ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသည်။

အောင်ဇော်