အဇာဘိုင်ဂျန်၊ အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးများနှင့် ကြားဝင်စေ့စပ်ပေးသောနိုင်ငံများ ဆွေးနွေးမှုပြုလုပ်မည်

၈ အောက်တိုဘာ

အဇာဘိုင်ဂျန်နှင့်အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးများသည် နာဂေါ်နို-ကာရာဘတ်ခ် ဒေသနှင့်ပတ်သက်သည့် ပဋိပက္ခတွင် ကြားဝင်စေ့စပ်ပေးသောနိုင်ငံများနှင့် သီးခြားဆွေးနွေးမှုများ ပြုလုပ်မည်ဟု ဆိုသည်။

 

အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့် ပြင်သစ်နိုင်ငံတို့သည် အဇာဘိုင်ဂျန်နိုင်ငံရှိ ထိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်ပတ်သက်ပြီး ကာလရှည်ကြာဖြစ်ပွားနေသော ပဋိပက္ခတွင် ကြားဝင်စေ့စပ်ပေးသောနိုင်ငံများဖြစ်သည်။

 

စက်တင်ဘာ ၂၇ ရက်နေ့က အဇာဘိုင်ဂျန်နှင့်အာမေးနီးယားတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ်ချက်ချင်းရပ်စဲရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

 

အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးသည် ကြာသပတေးနေ့တွင် ဂျီနီဗာ၌ သုံးနိုင်ငံမှကိုယ်စားလှယ်များနှင့် ဆေွးနွေးမည် ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဇိုဟတ်ဘ် အမ်နတ်ဆာကန်ယန်သည် တနင်္လာနေ့တွင် မော်စကိုသို့ သွားရောက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ရော့ဗ်နှင့် ဆွေးနွေးမည်ဟု ၎င်းဝန်ကြီးဌာနက ဆိုသည်။

 

တူရကီတို့ ကျောထောက်နောက်ခံပေးထားသော အဇာဘိုင်ဂျန်နိုင်ငံသည် အာမေးနီးယားတပ်ဖွဲ့များ ထိုဒေသမှဆုတ်ခွာရန် တောင်းဆိုထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို