အကောင်းဆုံးဖြစ်ချင်သလား . . .

၂၇  အောက်တိုဘာ

 

မကြာလှသေးသောနှစ်များအတွင်းတွင် “အကောင်းဆုံး” ဟူသော အသုံးအနှုန်းတစ်ခု တိုင်းပြည်တွင်း၌ ခေတ်စားပြီး အသုံးများလာသည်ကို သတိပြုမိပါသည်။

 

ပြိုင်ပွဲဝင်အဆိုရှင် မည်သူက အကောင်းဆုံးဖျော်ဖြေသွားပါသည် ဆိုသည်ကအစ၊ ဝန်ဆောင်မှု အကောင်းဆုံးပေးနေသည့် ဘာကုမ္ပဏီ ဆိုသည်က အလယ်၊ အကောင်းဆုံး ထုတ်လုပ်ထားသော ဘာပစ္စည်း ဆိုသည်အဆုံး နေရာတကာတိုင်းလိုလို နယ်ပယ်အသီးသီးမှာလိုလို ကြားသိမြင်တွေ့နေရသည့် စကားအသုံးအနှုန်းဖြစ်လာပါသည်။

 

ယင်းစကားလုံးကို စကားအဖြစ် ပြောဆိုသုံးနှုန်းခြင်းများလာသည့်အခါ အကောင်းဆုံးဆိုသည်က အကောင်းဆုံးဟူသည့် မူရင်းဆိုလိုရာ အဆင့်အတန်းမှာ မရှိတော့ဘဲ သာမန်ကဲ့သို့ ဖြစ်လာတော့သည်။

 

ဤနေရာတွင် အကောင်းဆုံး ဝန်ဆောင်မှု၊ အကောင်းဆုံးပစ္စည်း၊ အကောင်းဆုံး... အကောင်းဆုံး... ဆိုသည်တို့ထက် ပို၍အရေးကြီးသည်မှာ အကောင်းဆုံးဖြစ်ရေး အမှန်တကယ် ကြိုးစားခြင်းဟု ထင်မြင်ပါသည်။

 

အမှန်တကယ် ကောင်းစေချင်သော စိတ်စေတနာဖြင့် အင်တိုက်အားတိုက်ကြိုးစားကြသော အလေ့အကျင့်က အထူးအရေးပါသည်ဟု ယူဆပါသည်။ ပြီးစလွယ်လုပ်ခြင်းမျိုး၊ ပြီးပြီးရောလုပ်ခြင်းမျိုးသာမက၊ တာဝန်ကျေလုပ်ခြင်း၊ သည့်ထက်ပိုမိုကောင်းမွန်နိုင်ပါသေးလျက် သည်မျှလောက်ဆိုလျှင်ရပြီဟူသည့် သဘောဖြင့် ဆက်လက်မကြိုးပမ်း တော့ခြင်းမျိုးတို့က နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို နှောင့်နှေးစေသည့် အကြောင်းခြင်းရာများတွင် ပါဝင်နေသည် ယူဆပါသည်။

 

ရာဇဝင်လာ၊ တစ်ရံရောအခါ ထီးနန်းအမွေပေးရန် သားနှစ်ဦးရှိသည့်အနက် တစ်ဦးကို ထီးနန်းလွှဲအပ်ရန် အကြောင်းပေါ်လာသည့်အခါ သားတော်များကို နန်းတော်တည်ဆောက်ခိုင်း၍ အလျင်ပြီးစီးသူကို ဘုရင်မြှောက်မည် ဟူ၏။ သားတော်ကြီးက ခိုင်ခံ့သေချာသည့် နန်းတော်တည်ဆောက်နေစဉ် သားတော်ငယ်က သစ်ဝါးငယ်တို့ဖြင့် အမြန်တည်ဆောက်ပြီးစီးသွားသည့်အတွက် သားတော်ငယ်ကို နန်းအပ်ရသည်ဟူ၏။ ဤသည်ကား မြန်မာအစ တကောင်းက ဟူသည့် တကောင်းအစ ရာဇဝင်ဖြစ်ပါ၏။

 

မြန်မာ့အစဉ်အလာ မြန်မာ့မူလအစ ပုံပြင်ဒဏ္ဍာရီတို့ကလာသည့် အဆိုပါ ကံရာဇာကြီး ကံရာဇာငယ်တို့၏ လွှမ်းမိုးမှုကြောင့်လားမသိ။ များစွာသော တိုင်းပြည်တွင်းရှိ ကိစ္စရပ်များတွင် မြန်မြန်ပြီးရေးက ရှေ့တန်းရောက်ကာ အရည်အသွေးမြင့်မားရေးက နောက်တန်းမှာ ကျန်ခဲ့သည်ဟု ခံစားရပါသည်။

 

အရည်အသွေးမြင့်မားရေး၊ ရေရှည်တည်တံ့ကောင်းမွန်ရေးတို့က မြန်မြန်ပြီးကြောင်း မည်ကာမတ္တ လုပ်ငန်းများ လုပ်ဆောင်ပြနေခြင်းထက် ပိုမိုလိုအပ်သည်ဟု ယူဆမိပါသည်။

 

မိမိအစွမ်းရှိသလောက် အားထုတ်မည်၊ မိမိတတ်နိုင်သမျှစိုက်ထုတ် ကြိုးပမ်းမည်ဟူသည့် စိတ်ဓာတ်နှင့် အမူအကျင့်များ လိုအပ်မည်ဟု ထင်မြင်ပါသည်။ အထူးသဖြင့် ပြည်သူ့ဘဏ္ဍာကို သုံးစွဲလုပ်ကိုင်နေသူ များအဖို့ အလွန်ဂရုစိုက်သင့်သည့် အချက်ဖြစ်ပါမည်။ ပြည်သူ့ဘဏ္ဍာ များကို သုံးစွဲနေရသူများအနေဖြင့် မကုန်သင့်တာ မကုန်ကျရေး၊ ကုန်ကျသည်နှင့် ထိုက်တန်သည့်အရည်အသွေးမြင့်မားရေးတို့အပြင် စိတ်စေတနာ မှန်မှန်ဖြင့် အကယ်ပင်လိုအပ်သည့် လုပ်ငန်းများကို လုပ်ဆောင်နေခြင်း ဖြစ်ပါ၏လော ဆိုသည်ကို သတိပြုသင့်ပါသည်။

 

အစဉ်အဆက် လုပ်ရိုးလုပ်စဉ်ဖြစ်နေသည့်အတွက် အမှန်တကယ် လိုအပ်လှသည်မဟုတ်ဘဲ လုပ်နေသည့်ကိစ္စများ၊ ပုံစံကျ ခေါက်ရိုးကျိုးနေသော လုပ်နည်းလုပ်ဟန်များကို အလေးထားစဉ်းစားကာ ပြုပြင်တန် ပြုပြင်၊ ပြောင်းလဲတန်ပြောင်းလဲ၊ ရပ်ဆိုင်းတန် ရပ်ဆိုင်း လုပ်ကြရမည်ဟု ယူဆပါသည်။

 

ချွတ်ခြုံကျနေသော နိုင်ငံတစ်ခုဘဝမှ တိုးတက်သည့် နိုင်ငံအဖြစ်သို့ အားသွန်ကြိုးပမ်းနေချိန်တွင် ပြည်သူ့ဘဏ္ဍာကို ရယူသုံးစွဲနေကြသည့် ဌာနအားလုံးတို့သည် မိမိတာဝန်ယူနေရာ ကျရာကဏ္ဍတို့၌ အကောင်းဆုံးရလဒ် ပေါ်ထွက်စေချင်သည့် စိတ်ဓာတ်ဖြင့် မကုန်သင့်တန် မကုန်ရန်၊ ကုန်ကျသည်နှင့် ထိုက်တန်သည့် အရည်အသွေးရရှိရန် အားထုတ်ကြိုးပမ်းကြရန် လိုမည်ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

 

မြန်မာ့အလင်း