အခြေခံစားသောက်ကုန် ၅ မျိုးကို မကွေးတိုင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၃သိန်းထံ ဖြန့်ဝေမည်

မကွေး ၉  ဧပြီ 

ဆန်၊ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ စသည့် အခြေခံစားသောက်ကုန်(၅)မျိုးကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၃)သိန်းထံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ထံမှ သိရသည်။ 

မကွေးတိုင်း ၊ ခရိုင်(၅)ခုရှိ ခေါင်းရွက်ဗျက်ထိုးဈေးသည်များ ၊ ဆိုက်ကား/မြင်းလှည်း/ဆိုင်ကယ်ကယ်ရီ/ စက် လှေမောင်းသူများ ၊ နေ့စား အလုပ်သမားများ ၊ လယ်မဲ့၊လယ်ယာမဲ့ လယ်ကူလီများ၊  ကျပမ်း၊ အလုပ်လက်မဲ့များ စသည်တို့ကို ပုံမှန်ဝင်ငွေမရှိသူများအဖြစ် စာရင်းကောက်ယူထားပြီး ၄င်းတို့ကို ဖြန့်ဝေသွားမည်ဖြစ်သည်။ 

 

‌ေ

 

“မကွေးတိုင်းတစ်တိုင်းလုံးက အိမ်ထောင်စုဝင် သုံးသိန်းကို ဖြန့်ဝေဖို့ ပြည်ထောင်စုကို တင်ပြမယ်။ ပြည်ထောင်စုက လက်ခံရင် ဝေတော့မယ်” ဟု မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို က အတည်ပြုပြောကြားသည်။

မိသားစုတစ်စုလျင် ဆန်(၈)ပြည်၊ ပဲတစ်ပိဿာ၊ ကြက်သွန်နီတစ်ပိဿာ၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား ဖြန့်ဝေရန်စီစဉ်ထားပြီး နိုင်ငံတော်မှ မကွေးတိုင်းအတွက် ငွေကျပ်(၃)ဘီလီယံခန့်သုံးစွဲကာ ကုန်သည်များထံမှ ပစ္စည်းများ ဝယ်ယူဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က ဆိုသည်။ 

ယနေ့ ဧပြီလ ၉ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းရှိ ကုန်သည်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံညှိနှိုင်းချက်အရ  မနောသုခဆန်တစ်အိတ် ငွေကျပ် ၂၈၀ဝ၀၊ လုံးတီးဆန် တစ်အိတ် ငွေကျပ်  ၃၁၀ဝ၀ ၊ ကြက်သွန်တစ်ပိဿာ ငွေကျပ် ၅၀ဝ၊ ဆားတစ်ပိဿာ(၂၃၀)ကျပ် ၊စားအုံးဆီငါးဆယ်သား တစ်ဘူး(၁၁၀ဝ)ကျပ်၊ နေကြာဆီ(ရောဆီ)တစ်ဘူး(၁၇၅၀)ကျပ် ၊ ကုလား ပဲလုံး တစ်ပိဿာ ၁၃၅၀ကျပ် ၊ ဆွန်တာနီပဲ တစ်ပိသာ(၈၀ဝ)ကျပ် စသည်ဖြင့် ဈေးနှုန်းများသတ်မှတ်ခဲ့ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တိုင်းဥက္ကဌ ဦးဖိုးနီထံမှ သိရသည်။ 

သက်ဆိုင်ရာထွေအုပ်ဦးစီးဌာနမှ ပုံမှန်ဝင်ငွေမရှိသူများလက်ထဲအရောက် ထောက်ပံ့ပစ္စည်းများကို လူစုလူဝေး မဖြစ်စေဘဲ ဖြန့်ဝေသွားမည်ဖြစ်ပြီး အခန့်မသင့်၍ စာရင်းမပါခဲ့သူများရှိပါကလည်း လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၏ ပစ္စည်းများရှိသည့်အတွက် ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မကွေးတိုင်းလူမှုရေးဝန်ကြီးထံမှ သိရှိရသည်။

ဇေယျတု(မကွေး)