အခြေခံကျန်းမာရေးဝန်ထမ်းများ ညီလာခံနှင့် ဗဟိုအဆင့်လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၈) ကျင်းပ

နေပြည်တော် ၁၆  စက်တင်ဘာ 


အခြေခံကျန်းမာရေးဝန်ထမ်းများညီလာခံနှင့် ဗဟိုအဆင့်လူထုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ (၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC - 2) ၌ ကျင်းပသည်။ 


အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတစ်ဝန်း ကျေးလက်ဒေသ အောက်ခြေအထိ ပြည်သူများအားလုံး ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်ရေး၊ ရောဂါကြိုတင် ကာကွယ်ရေး၊ ကျန်းမာရေးအဆင့် အတန်းမြင့်မားရေး၊ ရောဂါရှာဖွေကုသရေးနှင့် ပြန်လည်ထူထောင်ရေး တို့ပါဝင်သော ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ဝန်ကြီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာတွင် အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စေရေး၊ (၂၀၃၀) ခုနှစ်တွင် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးတို့အတွက် အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုများတွင် လက်တွေ့မြေပြင်၌ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်ကောင်းမွန်စေရေးအတွက် အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များထံမှအတွေ့ အကြုံနှင့် အကြံဉာဏ်များရယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ 


ထို့အပြင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ တာဝန်ဝတ္တရားများကိုလည်း မဖြစ်မနေ အဓိကလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများနှင့် သာမာန်လုပ်ငန်းတာဝန် ဝတ္တရားများအဖြစ် သတ်မှတ်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ယခုထက်ပိုမိုလျင်မြန်ထိရောက်မှု ရှိစေရန်အတွက် လာမည့် (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလမှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများအား လုပ်ပိုင်ခွင့် များပိုမိုပေးအပ်သွားမည်  ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဗဟိုမှ လုပ်ငန်းလမ်းညွှန် နှင့်လုပ်ထုံးလုပ်နည်းများ ပြုစုထုတ်ဝေပေးရမည်ဖြစ်ပါကြောင်း။ 


ဒေသန္တရကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၏လုပ်ငန်းစွမ်းဆောင်မှု များ၊ လိုအပ်ချက်နှင့် အားနည်းချက်များကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ ဖြည့်ဆည်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲများ ကျင်းပရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များကို ပိုမိုပါဝင်တက်ရောက်ဆွေးနွေးစေလိုပါကြောင်း၊ လူထုကျန်းမာရေးလုပ်သားများနှင့် စေတနာ့ ဝန်ထမ်းငှက်ဖျားလုပ်သားများကို အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးကိုလည်း ညီလာခံတွင် ဝိုင်းဝန်းအကြံပြုကြစေလိုပါကြောင်း။


ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုပီပြင်အောင်မြင်စေရေး၊ ဝန်ထမ်းများလုပ်ငန်းခွင်အဆင်ပြေ ချောမွေ့စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးတို့အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် ခင်းကျင်းပြသထားသည့် ပြခန်းများကိုလှည့်လည်ကြည့်ရှုကြသည်။


ဆက်လက်၍ ပထမနေ့ ညီလာခံနှင့် ဆွေးနွေးပွဲကိုအစီအစဉ်များအတိုင်း ဆွေးနွေး အကြံပြုမှု၊ အစုအဖွဲ့ဖြင့်ဆွေးနွေးမှုနှင့် အကြံပြုချက်များကိုဆွေးနွေးအတည်ပြုမှုများ ဆောင်ရွက် ကြသည်။


အဆိုပါ ညီလာခံနှင့် ဆွေးနွေးပွဲကို အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ဝတ္တရား များနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို ဆန်းစစ်ဆွေးနွေးရန်၊ အခြေခံကျန်းမာရေးဝန်ထမ်းများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်နေသည့် အထောက်အပံ့များ၊ ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဆန်းစစ်ဆွေးနွေးရန်၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ကျန်းမာရေးစေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးကို ဆွေးနွေးဖော်ထုတ်ရန်၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားတိုးတက် လာစေရန်အတွက် အထက်အဆင့်အသီးသီးမှ တာဝန်ယူပံ့ပိုးပေးရမည့် ကိစ္စများကိုဆွေးနွေးဖော်ထုတ်၍ ရှေ့လုပ်ငန်း စဉ်များချမှတ်နိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် အကြံပြုချက် များကိုဆန်းစစ်ဆွေးနွေးရန် ရည်ရွယ်ချက်များဖြင့် စက်တင်ဘာ(၁၆) ရက်မှ (၁၈) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)