အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကြက်ခြေနီအသင်းက ပူးပေါင်းဆောင်ရွက်

ရန်ကုန် ၂၂ ဇူလိုင်

 

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဒေသအသီးသီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာ ဇူလိုင် ၂၁ ရက်က မွန်ပြည်နယ် မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ဖွဲ့မှူး ဦးအောင်ဆန်းထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် မုဒုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် ဗိုလ်တေဇ ကျောင်းများတွင် ကျောင်းသို့လာရောက်သော ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စနစ်တကျ လက်ဆေးနည်းပြသပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ အသိပညာပေးခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ ချင်းပြည်နယ် ဟားခါးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ချွန်ကျုံးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် လက်သန့်ဆေးရည် (၁၀)ဘူး၊ နှာခေါင်းစည်း (၂၀၀)ခုကို လှူဒါန်းခဲ့ကြပြီး အသိပညာပေး ပိုစတာများ၊ စတစ်ကာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းအတွက် လက်ဆေးဘေစင် (၄)ခုကို လှူဒါန်းခဲ့ကြသည်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လှိုင်းဘွဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးနည်း လက်တွေ့သရုပ်ပြသခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။   

 

ဝင်းအောင်(MRCS)