အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းပွဲကျင်းပ

နေပြည်တော်  ၁၆   ဇူလိုင် 

 

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ Video conferencing ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့် လှစ်ချိန်တွင် ကျောင်းများ၌ ကိုဗစ်-၁၉ ဖြစ်ပွား ကူးစက်မှု မရှိစေရေးသည် လက်ရှိအချိန်၌ နိုင်ငံအတွက် အထူးအရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်သဖြင့် မိမိတို့အားလုံး စုပေါင်းညှိနှိုင်း၍ သေချာစွာ စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားသူ လူနာစတင်  တွေ့ရှိခဲ့ရစဉ်ကကဲ့သို့ပင် သတိအပြည့်၊ အားစိုက်မှု အပြည့်တို့ဖြင့် ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပေါ်စေရေး အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို လုံးဝ လစ်ဟာမှုမရှိစေဘဲ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ကျောင်းများ၌ ရောဂါမဖြစ်ပွားစေရန် ဆောင်ရွက်ရာ၌ ကျောင်းသား/သူများ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးသည်ဆိုသည့်အချက်ကို အသိအမှတ်ပြု ရမည်ဖြစ်ပါကြောင်း၊  ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ  တို့မှသာမက အခြားနှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများ နှင့် ကျောင်းသား/ သူ၊ မိဘများ၊ မိဘ-ဆရာအသင်းများ အားလုံး၏ စုစည်းညီညွတ်စွာ ဆောင်ရွက်ပါက ကူးစက်မှုဒုတိယလှိုင်းဖြစ်ရန် အလားအလာအလွန် နည်းပါးပါကြောင်း။

 

မိမိတို့အနေဖြင့် ကျောင်းသားများ စာသင်ကြားမှုအခွင့်အရေးကို မဆုံးရှုံးစေရန်အတွက် မြန်မာနိုင်ငံ၌ ဤရောဂါ လောလောဆယ်ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့မှု ပုံစံအခြေအနေများကို နောက်ခံထားချိန်ထိုးစဉ်းစား ၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်သော ရောဂါဖြစ်သည့်အတွက်  ကူးစက်ပျံ့နှံ့မှုနှုန်းမှာ မြန်သည်ဆိုသည့်အချက်ကိုလည်း သတိပြုကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းတွင် ရောဂါကူးစက်ဖြစ်ပွားမှုမရှိရန် အာရုံစိုက်ဆောင်ရွက်နေသကဲ့သို့ ကျောင်းသူ/ ကျောင်းသားများ ကျောင်းတက်ပြီး အိမ်သို့ပြန်ရောက်ချိန်၌ ရောဂါကူးစက်မှုမရရှိစေရန်ဟူသော အချက်သည်လည်းအရေးကြီးပါကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ နေရာစုံမှ ကျောင်း သား/သူများသည် နေရာတစ်ခုတည်းတွင် စုစည်းရောက် ရှိလာမည် ဖြစ်သဖြင့် ကျောင်းပြင်ပမှ ကိုဗစ်-၁၉ ကူးစက်လာနိုင်သူ ကျောင်းသား/ကျောင်းသူတစ်ဦးမှ တစ်ဆင့် အခြား ကျောင်းသား/ကျောင်းသူနှင့် ဆရာ/ ဆရာမများထံ ထပ်ဆင့်ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ် လာနိုင်ပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ရောဂါကူးစက် ဖြစ်ပွားမှုများ ကြောင့် ပြန်လည်ပိတ်ရသည့် အဖြစ်မျိုး မဖြစ်စေလိုပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် ကျောင်းတက်ချိန်တွင် ကျောင်းမှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာသော်လည်း ကျောင်းသို့မလာမီနှင့် ကျောင်းဆင်းချိန် ကျောင်းပြင်ပနေရာများတွင် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာမှုမရှိပါကလည်း ရောဂါကူးစက်မှုများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ကျောင်းသား/ကျောင်းသူများကိုယ်တိုင်နှင့် မိဘများအနေဖြင့် မိမိတို့ကိုယ်တိုင်နှင့် အခြားသူ များထံ ရောဂါမကူးစက်စေရေးအတွက် မိမိကိုယ်တိုင်၏အရေးကဲ့သို့သဘောထားကာ ပူးပေါင်းပါဝင် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ ကျန်းမာရေးအသိပညာ ဗဟုသုတများကို ပိုစတာများ၊ QR code များ ချိတ်ဆွဲပေးထားမည့်အပြင် ကျောင်းစာသင်ချိန် မစတင်မီတွင်လည်း ဆရာ၊ ဆရာမများက ရောဂါကာကွယ် ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အနည်းငယ်စီကို နေ့စဉ်ပုံမှန်ပြောကြားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ပြောကြား ရမည့်အချက် များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပေးထားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းလမ်း ညွှန်များ၊ လုပ်ထုံးလုပ်နည်းများ၊ ကျန်းမာရေးအသိပညာဗဟုသုတအချက်အလက်များနှင့် ဆန်းစစ်မှုပုံစံ (checklist) များကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တာဝန် ရှိသူများ၊ ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများထံသို့ အမြန်ဆုံးရောက်ရှိစေရန် ဖြန့်ဝေပေးရမည်ဖြစ်ပါ ကြောင်း၊ အခြေခံပညာကျောင်းများမဖွင့်လှစ်မီ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများ ပြည့်စုံမှုရှိ၊ မရှိအား ဝန်ကြီးဌာနနှစ်ခု၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ ပူးပေါင်းကာ ဆန်းစစ်မှုပုံစံ (checklist) များအသုံးပြု၍ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပါကြောင်း။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရေးဆွဲထားသော ဆန်းစစ်မှုပုံစံ (checklist) တွင် အချက်ပေါင်း (၈၀) ခန့်ပါဝင်ပြီး ဆန်းစစ်ချက်ပြည့်မီမှု (A)၊ (B)နှင့်(C) ဟူ၍ အဆင့် (၃) ဆင့်ခွဲခြားထားပါကြောင်း၊ (A) အဆင့်ရမှသာလျှင် အဆိုပါကျောင်းကို ချက်ချင်းပြန်လည်ဖွင့် ခွင့်ရမည်ဖြစ်ပြီး (B) နှင့် (C) တို့ရရှိပါက လိုအပ်သည့် အချက်များကို အမြန်ဆုံးဖြည့်ဆည်းပြီး ဆန်းစစ်ချက် အဆင့်ပြည့်မီလာမှသာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တစ်လျှောက် လုံးတွင်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် ဆန်းစစ်အကဲဖြတ်အဖွဲ့ (monitoring team) များဖွဲ့စည်းကာ ကျောင်းများ၌ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် စည်းကမ်းလိုက်နာ ဆောင်ရွက်မှုအခြေအနေများကို ပုံမှန် နှင့် ရှောင်တခင် စစ်ဆေးခြင်းနှင့် စောင့်ကြည့်ဆန်းစစ်အကဲဖြတ်ခြင်း (monitoring) အား အထူး တိတိကျကျ ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်း (၁) ကျောင်းစီ အလိုက်လည်း စောင့်ကြည့်ဆန်းစစ်အကဲဖြတ်ခြင်းများကို အဖွဲ့ဖွဲ့ကာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆန်းစစ်ချက်များအားလုံးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများထံ ပေးပို့ရမည်ဖြစ်ပြီး လိုအပ်သလိုဆက်လက်ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပါကြောင်း။

 

ကိုဗစ်-၁၉ သံသယလက္ခဏာရှိသူကို တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများအားလုံးက ကောင်းစွာနားလည်သိရှိထားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံးနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဤရောဂါကာကွယ်တားဆီးရာ၌ ကျောင်းအုပ်ကြီး များ၊ ဆရာ၊ ဆရာမများ၊ မိဘ-ဆရာအသင်းဝင်များ၏ ကဏ္ဍအလိုက် တာဝန်ခွဲဝေ သတ်မှတ်မှု (division of labour) သည် အရေးကြီးပါကြောင်း၊ ကိုဗစ်-၁၉ အန္တရာယ်ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများဖွင့်လှစ် နိုင်ရေးလုပ်ငန်းများကို စုစည်းညီညွတ်စွာ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြစေ လိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး (ကျောင်းကျန်းမာ) ဒေါက်တာစုမွန်မြတ်က ရောဂါကာကွယ်တားဆီးရေး စံလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များ၊ ဆန်းစစ်အကဲဖြတ်မှု ပုံစံ (joint monitoring checklist) များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦး၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ အန္တရာယ် ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးမှုများနှင့် အကြံပြုမှုများကို ဆောင်ရွက်သည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိ သူများက (က) ပိုးသတ်သန့်စင်ခြင်းနှင့် (ခ) Infrared thermometer ဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်းတို့အား လက်တွေ့သရုပ်ပြခဲ့သည်။

 

(သတင်းစဉ်)