အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ သန့်ရှင်းသာယာလှပရေး စနေနေ့အထူး စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှု ရန်ကုန်မြို့တော်ဝန် ကြည့်ရှုအားပေး


ရန်ကုန် မေ ၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ လေးထောင့်ကန် (၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဝင်းအတွင်း တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းအင်အားဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းစုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှု၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းရှိ ရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ဆောင်ရွက်နေမှုနှင့် ကျောင်းအရှေ့ဘက်ရှိ ရေမြောင်းအတွင်း အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီးဘေးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ဝင်းအတွင်း အလျားပေ ၃၀၀၊ အနံပေ ၁၆၀၊ အနက် ၈ ပေရှိ ရေကန်တူးဖော်ဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အားဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ကျောင်းရှိ ရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ဆောင်ရွက်နေမှု၊ အမှတ် (၂၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်ဝင်းအတွင်း ရေကန်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။သတင်းစဉ်