အခြေခံပညာသင်ရိုးညွှန်းတမ်းကို JICA နည်းပညာဖြင့် အောင်မြင်စွာဆောင်ရွက်

စစ်တွေ  ၂၀  ဇူလိုင် 

 

ပညာရေးဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA-ဂျိုက်ကာ)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေးကို အောင်မြင်စွာဆောက်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဂျိုက်ကာ( မြန်မာ)ရုံးမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Mr. Masayuki KARASAWA ကပြောသည်။

 

စစ်တွေမြို့ မင်းဂံရပ်ကွက် အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်း၌ ဂျပန်အစိုးရအထောက်အပံ့ဖြင့် ဆောက်လုပ်ပေးသော ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ဂျိုက်ကာဌာနေ ကိုယ်စားလှယ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ အခြေခံပညာသင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲရေး စီမံချက်အောက်တွင် လုပ်ဆောင်လျက်ရှိသော ယမန်နှစ်က ထုတ်ဝေခဲ့သော Grade - 1 ဖတ်စာအုပ်များနှင့် ယခုနှစ် ဇွန်လ ၁ ရက်တွင် စတင်ထုတ်ဝေခဲ့သော Grade - 2 ဖတ်စာအုပ်သစ်များနှင့်လည်း မိတ်ဆက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ရခိုင်ဒေသ ပညာရေး အဆင့်အတန်းမြင့်မားရေးအတွက် ကျောင်းဆောင်သစ်များနှင့်အတူ သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်သစ်များကို JICA က ပညာရေးဝန်ကြီးဌာနသို့ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ယနေ့ ၂ ဒသမ ၃ သန်းသော မြန်မာနိုင်ငံတစ်ဝန်း Grade - 1 နှင့် Grade - 2  ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား JICA  ထောက်ပံ့သော သင်ရိုးသစ်ဖတ်စာအုပ်များဖြင့် စတင်သင်ကြားပေးနေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

၂၀၁၄ ခုနှစ်ကတည်းက ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာလမ်းညွှန်စာအုပ်များ ရေးဆွဲရေးတွင် လည်းကောင်း၊  ပညာရေးကောလိပ်ရှိဆရာ ဆရာမများအား လေ့ကျင့်သင်ကြားပေးရေးနှင့် အကဲဖြတ်စနစ် ပြုပြင်ပြောင်းလဲရေးတို့အတွက်လည်းကောင်း၊ ဂျပန်နိုငံမှပညာရှင် ၄၀ ကျော်တို့နှင့်အတူ ပညာရေးဝန်ကြီးဌာန၏ မူလတန်းအဆင့်သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေးကို JICA မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ သင်ရိုးညွှန်းတမ်းဖတ်စာအုပ်သစ်များသည် ကလေးများ လက်တွေ့လုပ်ဆောင်ခြင်း၊ တွေးခေါ်စဉ်းစားနိုင်ခြင်း၊ ဆရာ၊ ဆရာမများ  ကျောင်းသား၊ ကျောင်းသူအချင်းချင်း ဆက်သွယ်ပြောဆိုနိုင်မှု တို့ကို အလေးထားထည့််သွင်း ဆောက်ရွက်ထားကြောင်း သိရသည်။

 

ယင်းသင်ရိုးညွှန်းတမ်း အကြိုလေ့လာဆန်းစစ်ချက်အနေဖြင့် အပြုသဘောဆောင် သက်ရောက်မှုများကို ညွှန်ပြနေပြီး အကျိုးသက်ရောက်မှု ခြုံငုံလေ့လာချက် Impact Survey အရ ယခုစနစ်သစ်ဖြင့် သင်ကြားသော Grade – 1 ကျောင်းသား ကျောင်းသူများ၏ သင်္ချာရမှတ်များမှာ ယခင်စနစ်ဟောင်းထက် ရမှတ်များ ပိုမိုကောင်းမွန်လာသည့်အတွက် စနစ်သစ်သင်ရိုးညွှန်းတမ်းသည် အောင်မြင်သော ပြုပြင်ပြောင်းလဲမှု ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ - မြင့်မောင်စိုး