သတင်းဆောင်းပါး - မောင်ကောင်းဆု
ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲစနစ်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် သမ္မတရွေးကောက်ပွဲများ၊ ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲများ၊ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲများ၊ မြူနီစီပယ်ရွေးကောက်ပွဲများ ကျင်းပရာ၌ မိမိ ကျင့်သုံးသည့် နိုင်ငံရေးစနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများ၊ နိုင်ငံသမိုင်းကြောင်းအခြေအနေတို့အပေါ်မူတည်၍ ရွေးကောက်ပွဲစနစ်အမျိုးမျိုးကို ရွေးချယ်အသုံးပြုကြသည်။ ရွေးကောက်ပွဲစနစ်တစ်မျိုးတည်းသာ အသုံးပြုခြင်း၊ လွှတ်တော် တစ်ရပ်လျှင် ရွေးကောက်ပွဲစနစ်တစ်မျိုးစီ ခွဲခြားကျင့်သုံးခြင်း၊ ရွေးကောက်ပွဲစနစ်နှစ်မျိုး ပူးတွဲကျင့်သုံးခြင်း၊ ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲစနစ်ကို ပြန်လည်သုံးသပ်၍ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်းတို့အပြင် မိမိနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်မည့် ရွေးကောက်ပွဲစနစ်သစ်တစ်ခု တီထွင်အသုံးပြုခြင်းများလည်း ရှိကြသည်။
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပါလီမန်ဒီမိုကရေစီခေတ် ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ နှင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲ များတွင် မဲအများဆုံးရသူ အရွေးခံရသည့်စနစ် (First Past the Post - FPTP) တစ်နည်း နိုင်သူအကုန်ယူစနစ် (Winner takes all) ကို ကျင့်သုံးခဲ့ကြသည်။ သို့ရာတွင် ယင်းကာလဖြစ်သည့် ၁၃- ၇- ၂၀၁၂ ရက်တွင် နိုင်ငံရေးပါတီ ၁၀ ပါတီပါဝင်သည့် ဒီမိုကရေစီမိတ်ဆွေပါတီ များက ရွေးကောက်ပွဲစနစ်ပြုပြင်ရေးနှင့်ပတ်သက်၍ အကြံပြုချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံတင်ပြခြင်း၊ ပထမ အကြိမ် လွှတ်တော်သက်တမ်းကာလ ၃- ၆-၂၀၁၄ ရက်တွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တင်သွင်းခဲ့သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရန်အဆို အတည်ပြုအောင်မြင်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသမိုင်း၊ ကြုံတွေ့ခဲ့သောဖြစ်စဉ် များကို လေ့လာသုံးသပ်ပြီး မိမိနိုင်ငံနှင့် ကိုက်ညီသင့်လျော်သည့် ရွေးကောက်ပွဲစနစ်ကို ရွေးချယ်အသုံးပြုရန် လိုအပ်လာပါသည်။
နိုင်ငံတကာတွင် ကျင့်သုံးသည့် ရွေးကောက်ပွဲစနစ်များ
နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်များကို လေ့လာဆန်းစစ်မှုများအရ အောက်ပါအတိုင်း အုပ်စုသုံးစုတွေ့ရှိ ရသည်-
(က) ဗဟုအများစုကိုယ်စားပြုစနစ် (Plurality / Majority System)
(ခ) အချိုးကျကိုယ်စားပြုစနစ် (Proportional Represen-tation System)
(ဂ) အခြားစနစ် (Other System)
ဗဟုအများစုကိုယ်စားပြုစနစ်တွင် မဲအများဆုံးရသူ အနိုင်ရစနစ် (FPTP) ၊ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲမရ၍ မဲနှစ်ကြိမ် ပြန်ပေး ရသည့် နှစ်ကျော့ပြန်စနစ် (Two Round System – TRS)၊ ကိုယ်စား လှယ်ဗဟိုပြုမဲအများစုစနစ် (Block Vote – BV)၊ ပါတီဗဟိုပြု အများစု စနစ် (Party Block Vote – PBV)၊ ကြိုက်နှစ်သက်မှု မဲအများစုစနစ် (Alternative Vote–AV) တို့ ပါဝင်သည်။
အခြားစနစ်တွင် လွှဲပြောင်း၍မရသော တစ်မဲပေးစနစ် (Single Non Transferable Vote – SNTV ) ၊ ကန့်သတ်မဲပေးစနစ် (Limited Vote – LV )နှင့် ဦးစားပေးမှုကို တွက်ချက်သောစနစ် (Borda Count– BC) အစရှိသည်တို့ ပါဝင်သည်။
အချိုးကျကိုယ်စားပြုစနစ် (Proportional Representation - PR)
အချိုးကျကိုယ်စားပြုစနစ် (PR) ဆိုသည်မှာ တစ်ဦးထက်ပိုသော ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရန်အတွက် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီ အဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်းအလိုက်ရရှိသည့် ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးသည့် စနစ်လည်းဖြစ်သည်။ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ရရှိသော ထောက်ခံဆန္ဒမဲအပေါ် မူတည်ကာ ရွေးကောက်တင်မြှောက်ခံရနိုင်သည်။ အချိုးကျကိုယ်စားပြုစနစ်ကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း သုံးမျိုးခွဲခြားနိုင်သည် -
(က) ပါတီအမည်ကို မူတည်ပြီး အချိုးကျကိုယ်စားပြုစနစ် (PartyList Proportional Representation System – LPR)
(ခ) ရောနှောထားသည့် အချိုးကျကိုယ်စားပြုစနစ် (Mixed
Member Proportional System – MMP)
(ဂ) လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ် (Single Transferable Vote – STV)
ပါတီအမည်ကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (Party List – PR )တွင် စာရင်းပိတ် (Closed List )၊ စာရင်းဖွင့် (Open List) နှင့် စာရင်းလွတ် (Free List) တို့ ပါရှိသည်။ ရောနှောထားသည့် အချိုးကျကိုယ်စားပြုစနစ်သည် သာမန်အားဖြင့် FPTP နှင့် PR ကို ရောနှောကျင့်သုံးသည့်စနစ်ဖြစ်သည်။ ယင်းစနစ်တွင် ပူးတွဲအပြိုင် စနစ် (Parallel System)နှင့် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (Mixed Member Proportional System )တို့ ပါဝင်ကြသည်။ Single Transferable Vote စနစ်မှာ မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်၏အဆင့်ကို သတ်မှတ်ပေးပြီး ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ဦးစားပေး၍ ဆန္ဒမဲပေးခြင်းဖြစ်သည်။ ပထမဦးစားပေး မဲဝေစုရသည့် ကိုယ်စားလှယ်လောင်းက ရွေးချယ် ခံရပြီး သတ်မှတ်အရေအတွက်ထက်ပိုသောမဲများကို ကျန်ကိုယ်စား လှယ်များထံ ဖြန့်ဝေနိုင်သောစနစ်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် မဲအများဆုံးရသူ အရွေးခံရသည့် စနစ်ကျင့်သုံးသည့်နိုင်ငံ ၇၄ နိုင်ငံ၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံး သည့်နိုင်ငံ ၁၁၁ နိုင်ငံနှင့် အခြားစနစ်ကျင့်သုံးသည့်နိုင်ငံ ရှစ်နိုင်ငံ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် မဲအများဆုံးရသူအနိုင်ရစနစ် (FPTP) ခြားနားချက်
အချိုးကျကိုယ်စားပြုစနစ် (PR)နှင့် မဲအများဆုံးရသူအနိုင်ရသည့် စနစ် (FPTP) အသီးသီးတွင် အားနည်းချက်၊ အားသာချက်အပါအဝင် ခြားနားချက်များစွာရှိသည်။ အဓိကခြားနားချက်မှာ မဲဆန္ဒရှင် ပြည်သူများက ပေးလိုက်သည့် ဆန္ဒမဲများ၏တန်ဖိုးနှင့် သက်ရောက်မှု ကွာခြားခြင်းဖြစ်သည်။ FPTP စနစ်ဖြင့် ကျင်းပသည့်ရွေးကောက်ပွဲ များတွင် အနိုင်ရသူရရှိသည့် ဆန္ဒမဲအရေအတွက်သည် ခိုင်လုံမဲ စုစုပေါင်း၏ ထက်ဝက်အောက်ရှိသော်လည်း ယင်းကိုယ်စားလှယ်ကို ပေးလိုက်သည့် ဆန္ဒမဲများကသာ တန်ဖိုးနှင့် သက်ရောက်မှုရှိပြီး ကျန်ဆန္ဒမဲများမှာ တန်ဖိုးနှင့် သက်ရောက်မှုလုံးဝမရှိ အဟောသိကံ၊ အလဟဿဖြစ်ခြင်းဖြစ်သည်။ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ကျင်းပသည့် ရွေးကောက်ပွဲတွင်မူ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေး ပါတီများ၊ တစ်သီးပုဂ္ဂလများအပါအဝင် မဲဆန္ဒရှင်များက ပေးလိုက် သည့် ဆန္ဒမဲအရေအတွက် စုစုပေါင်းအပေါ် မိမိတို့ရရှိသည့် ဆန္ဒမဲ အချိုးအစားအတိုင်း ကိုယ်စားလှယ်နေရာရရှိခြင်းဖြင့် ဆန္ဒမဲအားလုံး နီးပါး၏ တန်ဖိုးနှင့် သက်ရောက်မှုရှိခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍လည်း FPTP စနစ်ဖြင့် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများကို လေ့လာပါက တစ်နိုင်ငံလုံးအတိုင်းအတာအရ ရရှိသော ခိုင်လုံ မဲများ၏ ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ်ရရှိသည့် ရာခိုင်နှုန်းအချိုး အစား ညီညွတ်မျှတမှုမရှိကြောင်း တွေ့ရှိရမည်ဖြစ်သည်။
အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုရလဒ်
နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တည်ဆဲနိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးခြင်းများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများ၌ လေးကြိမ် ဆောင်ရွက်ခဲ့ရာ နိုင်ငံရေးပါတီအများစု တက်ရောက်ခဲ့သည်။ ပထမနှစ်ကြိမ်ကို နေပြည်တော်တွင် ဆောင်ရွက်ခဲ့ပြီး အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးကို မူအားဖြင့် သဘောတူညီခဲ့ကြသည်။ ဒုတိယနှစ်ကြိမ် ကိုမူ ရန်ကုန်မြို့တွင်ဆောင်ရွက်ခဲ့ပြီး ပါတီများ၏ စာတမ်းများ ဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်းနှင့်စပ်လျဉ်း၍ ပါတီအစုအဖွဲ့ အလိုက် ဆွေးနွေးညှိနှိုင်းပြီး စာတမ်းများ ဖတ်ကြားရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ရလဒ်အဖြစ် အောက်ပါဘုံသဘောတူညီချက်များ ရရှိခဲ့သည် -
(က) လာမည့်ရွေးကောက်ပွဲများတွင် စာရင်းပိတ် အချိုးကျ ကိုယ်စားပြုစနစ် (Closed List–PR) စတင်ကျင့်သုံးရန်၊
(ခ) မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ်မြောက်မှု၊ ရွေးကောက်ပွဲအတွေ့အကြုံနှင့် နိုင်ငံရေးယဉ်ကျေးမှု ရေချိန်မြင့်တက်လာချိန်တွင် (Open List – PR) သို့မဟုတ် အခြား PR စနစ်တစ်မျိုးမျိုးကို ပြောင်းလဲ ကျင့်သုံးရန်၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် မပြောင်းလဲ ဘဲ မဲဆန္ဒနယ်များကိုပိုင်းခြား၍ ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ သတ်မှတ်ဆောင် ရွက်ရန်၊
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁ (က) ပါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက် တင်မြှောက်ရန်နှင့် ပုဒ်မ ၁၆၁ (ခ) ပါ တိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ရန်အတွက် ယခင်ကျင့်သုံးခဲ့ သည့် FPTP စနစ်ကိုသာ ဆက်လက်ကျင့်သုံးရန်၊
(င) Closed List PR အတွက် နိုင်ငံရေးပါတီများက မိမိပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအမည် စာရင်းအား ဦးစားပေးအစီအစဉ်အတိုင်း ကော်မရှင်သို့ ကြိုတင်တင်ပြရန်၊
(စ) မဲဆန္ဒရှင်များအနေဖြင့် မိမိမဲပေးလိုသည့်ပါတီနှင့် ၎င်းပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများကို သိရှိနိုင်ရန် ပါတီအမည်အောက်တွင် ကိုယ်စားလှယ် လောင်းအမည်နှင့် ဓာတ်ပုံဖော်ပြထားသော ဗီနိုင်း၊ ပိုစတာများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကပ်ထားရန်၊
(ဆ) Closed List PR စနစ်ဖြင့် မဲရေတွက်မှုနည်းလမ်းအရ ရိုးရှင်းလွယ်ကူသော လက်ကျန်မဲအများဆုံးစနစ် (The Largest Remainder) ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ်အလိုက် ခိုင်လုံမဲအပေါ်မူတည်၍ ကိုယ်စား လှယ်တစ်ဦးရရှိရမည့် အနိမ့်ဆုံးအခြေခံမဲ (Thre-shold) သတ်မှတ်ရန်၊
(ဇ) PR စနစ်၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများ ဖောင်းပွလာနိုင်မှုအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဥပဒေဖြင့်လည်းကောင်း၊ ညွှန်ကြား ကြပ်မတ်ထိန်းကျောင်းခြင်းဖြင့် လည်းကောင်း ကန့်သတ်ရန်၊
(ဈ) ပြောင်းလဲကျင့်သုံးမည့် PR စနစ်ဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် မဲဆန္ဒရှင် ပြည်သူများ နားလည်သဘောပေါက်စေရန် ရွေးကောက် ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွား ရန်တို့ဖြစ်သည်။
လွှတ်တော်သုံးရပ်အတွက် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးနိုင်မှု
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ (က) ပြည်သူ့လွှတ်တော်ဖွဲ့စည်း ခြင်းတွင် “ ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက် တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ” ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁ (က) အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်းတွင် “ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး ” ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်း ခြင်းတွင် “ မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ” ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၉) ရွေးကောက်တင်မြှောက်ခြင်းပါ ပုဒ်မ ၃၉၉ (ဂ) အရ “ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း” သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏တာဝန်ဖြစ်ပြီး ပုဒ်မ ၄၀၂ (က) အရ “ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ” နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ် ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေအတွက်အတိုင်း ဖွဲ့စည်းရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ မဲဆန္ဒနယ် များ သတ်မှတ်ပြီး လွှတ်တော်ရွေးကောက်ပွဲများကို အချိုးကျ ကိုယ်စားပြုစနစ် (PR)အသုံးပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုမရှိဘဲ ကျင်းပဆောင်ရွက်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သုံးရပ်လုံးကို PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရန်အတွက် ကျယ်ဝန်းသော မဲဆန္ဒနယ် နှင့် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ရန် လိုအပ်မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ၃၃၀ ဦးထက်မပိုသော ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရမည်ဖြစ်ရာ လူဦးရေကို အခြေခံတွက်ချက် ပါက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုယ်စားလှယ်ရရှိမှုများ ပြောင်းလဲပြီး လူဦးရေနည်းသည့်ပြည်နယ်များအတွက် ကိုယ်စားလှယ် အရေအတွက် များစွာလျော့နည်းနိုင်သဖြင့် ယခင်နည်းတူ မြို့နယ် ကိုသာ အခြေခံတွက်ချက်မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် များကို တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ ခရိုင်/ မြို့နယ်များကို လိုအပ်သလို စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပါမည်။
အလားတူ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ ရွေးကောက်တင်မြှောက်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒနယ်များ လိုအပ်သလို ပိုင်းခြားသတ်မှတ်နိုင်ပါ သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် သတ်မှတ်ရာတွင်မူ မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်ရမည်ဖြစ်၍ တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ် သတ်မှတ်ဆောင်ရွက်နိုင်ပါသည်။
သို့ရာတွင် အမျိုးသားလွှတ်တော်ဖွဲ့စည်းရာတွင် ပါရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသတစ်ခုစီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ဖွဲ့စည်းရာတွင်ပါရှိသော သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်ချက်နှင့် အညီ ရရှိမည့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များကိုမူ တစ်ဦးစီသာ ရွေးကောက်တင်မြှောက်ရမည်ဖြစ်သဖြင့် FPTP စနစ်ဖြင့် သာ ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အချိုးကျကိုယ်စားပြုစနစ် (Closed List) ဖြင့်
ရွေးကောက်ပွဲကျင်းပခြင်းနှင့် ရလဒ်ထုတ်ပြန်ခြင်း
အချိုးကျကိုယ်စားပြုစနစ် (Closed List) ဖြင့် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ များသည် သက်ဆိုင်ရာလွှတ်တော် မဲဆန္ဒနယ်အလိုက် ရွေးကောက် တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း လွှာများကို သတ်မှတ်ချက်နှင့်အညီ စိစစ်ခြင်းနှင့် ကိုယ်စားလှယ် လောင်းအမည်စာရင်း ကြေညာခြင်းများ ဆောင်ရွက်ရသည်။ PR – Closed List စနစ်သည် ပါတီကိုသာ မဲပေးရခြင်းဖြစ်၍ ရွေးကောက် တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းများကို အများပြည်သူ လေ့လာသိရှိနိုင်ရန်အတွက် မဲဆွယ်စည်းရုံးရေးကာလအတွင်း မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းစာရင်းကို ဗီနိုင်း၊ ပိုစတာ စသည်များဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကပ်ထားခွင့်ရရှိ မည်ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ဆောင် ရွက်ပြီးပါက မဲဆန္ဒနယ်ပြင်ပနှင့် မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများ၌ မဲပေးခြင်းနှင့် မဲရေတွက် ခြင်းများ ဆောင်ရွက်ပြီးနောက် ရလဒ်စာရင်းဇယားများကို မဲရုံမှူးများ နှင့် ကော်မရှင်အဖွဲ့ခွဲများက သတ်မှတ်ပုံစံအတိုင်း ရေတွက်ဖြည့်သွင်း ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရသည်။ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် PR မဲဆန္ဒနယ်များအလိုက် ရလဒ်များ ကို စုစည်းပြီး နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ ရရှိသည့် ခိုင်လုံမဲအရေအတွက်ကို တွက်ချက်ခြင်း၊ ခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ်အရေအတွက်ဖြင့် စားခြင်းဖြင့် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအတွက် အနည်းဆုံးရရှိရမည့် အခြေခံမဲ (Threshold)တွက်ချက်သတ်မှတ်ခြင်းများ ဆောင်ရွက်ရသည်။ ၎င်းနောက် သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေ ပြည့်မီသည်အထိ ကြွင်းကျန်မဲအများဆုံးစနစ် (Largest Remainder Formula) ဖြင့် တွက်ချက်ခြင်းနှင့် ရလဒ် ထုတ်ပြန်ခြင်းတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်သည်။
အချိုးကျကိုယ်စားပြုစနစ်(PR)၏ အားသာချက်များနှင့်
တိုင်းရင်းသားများအတွက် အခွင့်အလမ်းများ
အချိုးကျကိုယ်စားပြုစနစ်(PR)၏ အဓိကအားသာချက်မှာ မဲဆန္ဒရှင်ပြည်သူများကပေးသော ဆန္ဒမဲများ အဟောသိကံ၊ အလဟဿဖြစ်မှု အလွန်နည်းပါးခြင်းဖြစ်သည့်အပြင် အောက်ပါ အားသာချက်များရှိသည် -
(က) ကိုယ်စားပြုမှုကို အချိုးကျသတ်မှတ်ခြင်းဖြစ်၍ အချိုးအစားကျနသော ဥပဒေပြုလွှတ်တော်ကို ပုံဖော်နိုင်ပြီး ပါတီစုံစနစ် (Multi-party System) ကို ပေါ်လွင်အားကောင်းစေခြင်း၊
(ခ) လွှတ်တော်အတွင်း ပါတီကြီးများ၏ လက်ဝါးကြီးအုပ်မှု ကို ကန့်သတ်ပေးခြင်းနှင့် ပါတီကြီးတစ်ခု၏ မူဝါဒနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုများကို အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်း၊
(ဂ) လူနည်းစုများ၏ ဆန္ဒသဘောထားကို ဖော်ထုတ်နိုင် ပြီး ပါတီငယ်များအနေဖြင့် ပါတီကြီးများကဲ့သို့ ကိုယ်စားလှယ်နေရာရရှိနိုင်ပြီး ပါတီတစ်ခုတည်း၏ ကြီးစိုးလွှမ်းမိုးမှုကို လျှော့ချနိုင်ခြင်း၊
(ဃ) မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံရသော ပါတီစုံမှ ကိုယ်စားလှယ်များသည် မဲဆန္ဒနယ်တစ်ခုလုံး၏ ကိုယ်စားလှယ်ဖြစ်ပြီး မဲဆန္ဒနယ်အတွင်းရှိ ပြည်သူ လူထုအားလုံးကို ကိုယ်စားပြုသဖြင့် ကိုယ်စားလှယ် အချင်းချင်း၊ ပါတီအချင်းချင်း ပြည်သူလူထုထောက်ခံမှု ရရှိရေး အပြိုင်ကြိုးစားစေသည့် အားသာချက်ရှိခြင်း၊
(င) စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် အသုံးပြုခြင်းဖြင့် လူပုဂ္ဂိုလ်ထက် ပါတီဦးဆောင်မှုမြင့်မားစေပြီး ပါတီ များ၏ မူဝါဒလမ်းစဉ်များ ပိုမိုတည်တံ့ခိုင်မြဲစေခြင်း၊
(စ) မဲဆန္ဒရှင်များအနေဖြင့် မဲရုံများသို့ သွားရောက် မဲပေးခြင်းသည် တန်ဖိုးရှိသည်ဟူသောအမြင်နှင့် ယုံကြည်မှုမြင့်မားလာပြီး မဲပေးမှုရာခိုင်နှုန်း (Voter Turn Out) ကောင်းလာစေခြင်း၊
(ဆ) ပါတီစုံနှင့် လူတန်းစားစုံ၊ အလွှာစုံမှ ကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် စွမ်းဆောင်ရည် မြင့်မားသော အစိုးရတစ်ရပ် ဖွဲ့စည်းဖော်ဆောင်နိုင်ခြင်းတို့ဖြစ် သည်။
အလားတူ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးခြင်းဖြင့် တိုင်းရင်းသားပါတီများ၊ လူနည်းစုများနှင့် ပါတီငယ်များအတွက် အောက်ပါအခွင့်အလမ်းများနှင့် အားသာချက်များ ရရှိနိုင်ပါသည် -
(က) တိုင်းရင်းသားပါတီများနှင့် လူနည်းစုပါတီများအနေဖြင့် ကိုယ်စားလှယ်နေရာ ပိုမိုရရှိပြီး ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ပိုမို ပါဝင်ခွင့်ရရှိခြင်း၊
(ခ) တိုင်းရင်းသားပါတီများအနေဖြင့် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် ပိုမိုပါဝင် ခွင့်ရရှိပြီး မိမိတိုင်းရင်းသားမျိုးနွယ်စု၏အကျိုးကို ပိုမိုဖန်တီးဖော်ဆောင်နိုင်ခြင်း၊
(ဂ) လွှတ်တော်အတွင်း ပါတီစုံ၊ တိုင်းရင်းသားလူမျိုးစုံ ကိုယ်စားလှယ်များနှင့် အမျိုးသမီးကိုယ်စားလှယ်များ စုံညီမျှတစွာ အချိုးကျကိုယ်စားပြုခွင့် ရရှိခြင်းဖြင့် နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမို ကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု ကြီးပေါ်ထွန်းရေး အထောက်အကူဖြစ်ခြင်းတို့ ဖြစ်ပါ သည်။
နိဂုံး
မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းနှင့် ဖြစ်စဉ်များကို လေ့လာ သုံးသပ်ပြီး အနာဂတ်ရွေးကောက်ပွဲများ ကျင်းပရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်မည့် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အချိုးကျကိုယ်စား ပြုစနစ် (PR) ကျင့်သုံးခြင်းဖြင့် တစ်ပါတီကြီးစိုးမှု လျှော့ချနိုင်ပြီး ပါတီစုံစနစ် ခိုင်မာအားကောင်းခြင်း၊ တိုင်းရင်းသားလူမျိုးစုပါတီများနှင့် ပါတီငယ်များ ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ခွင့်ရပြီး မိမိဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ခြင်းမှတစ်ဆင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရရှိနိုင်ခြင်း အစရှိသည့် အကျိုးရလဒ်များ ရရှိမည်ဖြစ်သည်။
နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည်ဖြစ်ရာ ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ရွေးကောက်ပွဲများကို အကြားအလပ်မရှိ ကျင်းပနိုင်ရပါမည်။ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက်မှာ မဲဆန္ဒနယ်များ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရှိရန်ဖြစ်သည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီး နိုင်ငံတော်က မျှော်မှန်း သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။