အခက်အခဲများကြားမှ ပန်းတိုင်သို့တက်လှမ်း

 

မြန်မာနိုင်ငံသည် ပြည်သူများလိုလားသော ဒီမိုကရေစီနိုင်ငံဖြစ်ထွန်းရေး အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော် လျက်ရှိသည်။ တစ်ချိန်တည်းတွင် ပြည်ထောင်စု၏ လိုလားချက်ပန်းတိုင် ဖြစ်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ် ထွန်းရေးအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်လျက်ရှိသည်။

 

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်း စဉ်များကို ခိုင်မာအောင်ဖော်ဆောင်ရသည်။ ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ချုပ်ဆိုခဲ့ရာ ယခုအောက်တိုဘာလ ၂၈ ရက်နေ့တွင် NCA (၄)နှစ် မြောက်နှစ်ပတ်လည်နေ့ကျင်းပတော့ မည်ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေးကို ၂၀၁၆ ခုနှစ်တွင် စတင် ကျင်းပခဲ့ရာ တတိယအစည်း အဝေးတွင် ကျင်းပနိုင်ခဲ့သည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအစည်းအဝေးကို တစ်နှစ်လျှင် (၂) ကြိမ်ကျင်းပနိုင်ရမည် ဆိုသည့် အတိုင်းကျင်းပနိုင်ခဲ့လျှင် ယနေ့ဆိုလျှင် (၈)ကြိမ်မျှ ကျင်းပပြီးစီးပြီဖြစ်သည်။ တတိယအကြိမ် အစည်းအဝေးပြီးသည်အထိ ပြည်ထောင်စုသဘောတူစာချုပ်ပါအချက် (၅၁)ချက် ရရှိပြီးဖြစ်ရာ (၈)ကြိမ်တိုင် ကျင်းပနိုင်ခဲ့မည်ဆိုပါက အချက်ပေါင်း များစွာရရှိပြီး ခိုင်မာသည့်ဖက်ဒရယ်အခြေခံအုတ်မြစ်များကို ချမှတ်နိုင် ကာ ပြည်ထောင်စုငြိမ်းချမ်းရေးခရီး အလှမ်းနီးလောက်ပြီဖြစ် သည်။

 

သို့သော် အစုအဖွဲ့များ၊ အသိုက်အဝန်းများကြားတွင်ရှိနေသည့် မယုံကြည်မှုများ၊ စိုးရိမ်ကြောင့်ကြမှုများ၊ အစွန်းထွက်များနှင့် အသာစီး ရလိုမှုများကို မချေဖျက်နိုင်သောကြောင့် (၂၁) ရာစုပင်လုံအစည်းအဝေး များ ကို သတ်မှတ်ထားသည့်အကြိမ်၊ သတ်မှတ်ထားသည့်ကာလအတိုင်း မကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ ရေရှည်တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးရရှိရေးသည် အားလုံး၏ရည်မှန်းချက်၊ အားလုံး၏ တာဝန်ဖြစ်သည်ဟုခံယူပြီး ဘုံတူညီမှုများကို ကြိုးစားရှာဖွေ၍ စိတ်ရှည်မှု၊ နားလည်မှု အပေးအယူများဖြင့် ပြည်ထောင်စုပန်းတိုင်သို့ရောက်ရှိအောင် မြန်နိုင် သမျှမြန်မြန် တက်လှမ်းနိုင်အောင် ကြိုးပမ်းအားထုတ်ရ မည်ဖြစ်သည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တုံ့ဆိုင်းနေသည်ဟုဆိုသော်လည်း အစိုးရ အပိုင်းတွင် ညှိနှိုင်းမှုများပြုလုပ်ရသကဲ့သို့ အမျိုးသားပြန်လည်သင့်မြတ် ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ NCA-S EAO (၁၀)ဖွဲ့အကြားတွင်အကျေအလည် ညှိနှိုင်းမှုများ ကြိမ်ဖန်များစွာပြုလုပ် ခဲ့ကြ သည်ကို မြင်တွေ့ရသည်။ အဖွဲ့များအချင်းချင်း အကြား ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ကြိုးပမ်းခဲ့ရသည်။ သူ့ဘက်ကိုယ့် ဘက်မျှမျှတတဖြစ်ရန် ဟန်ချက်ညီ ရန်ပြုလုပ်ကြရသည်။ တစ်ဖွဲ့ချင်းအကျိုး၊ အစုအဖွဲ့လိုက်အကျိုးနှင့် အားလုံးအကျိုးအကြား သဟဇာတရှိရှိဖြင့် အချိတ်အဆက်မိအောင်၊ ပွတ်တိုက်မှုမရှိအောင် ထိန်းညှိပေးခဲ့ကြသည်။

 

တတိယအကြိမ် ပင်လုံညီလာခံအစည်းအဝေးနောက်ပိုင်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ရပ်တန့်နေသည် ဆိုသော်လည်း ယနေ့ကာလအထိ အစိုးရနှင့် KNU ကိုယ်စားလှယ်များ တွေ့ဆုံမှု (၇)ကြိမ်၊ RCSS နှင့်တွေ့ဆုံမှု (၆)ကြိမ်၊ CNF နှင့်တွေ့ဆုံမှု(၁)ကြိမ်၊ ALP နှင့်တွေ့ဆုံမှု(၁)ကြိမ်၊ NCA-S EAO (၁၀)ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှု(၁၁)ကြိမ်အပြင် NCA လက်မှတ်မထိုးထားသော အဖွဲ့များနှင့်ပါအလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ ကြရာ ယင်းတို့ကိုအသိအမှတ်ပြုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံကြားမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေခြင်းသည် မိမိတို့တစ်ဦးတည်း၊ တစ်ဖွဲ့တည်း၊ အစုအဖွဲ့တစ်ခုတည်း၏ အကျိုးအတွက်ဆောင် ရွက်နေခြင်းမဟုတ်ဘဲ ပြည်ထောင်စုအကျိုး၊ ပြည်ထောင်စုသားအားလုံး၏ အကျိုးအတွက်ဆောင်ရွက်နေ သည်ဟုရှုမြင်ပြီး ရည်မှန်းချက်ပန်းတိုင်သို့ ဆက်လက် တက်လှမ်းကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ