အခက်အခဲတွေဖြစ်လာရင် အားလုံးစည်းလုံးဖို့လိုတယ်၊ အားလုံးစုပေါင်းပြီးလုပ်မှရမယ်၊ ကောင်းတဲ့အားလိုတယ်

ပါမာက္ခ ဒေါက်တာအောင်ထွန်းသက် 

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီက ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းစဉ်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် စပ်လျဉ်းပြီး လက်ရှိအခြေအနေအထိပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်နေမှုများ၊ မောင်တောဒေသ၏နယ်မြေအခြေအနေ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံရေးဆောင်ရွက်ထားရှိမှု စသည်တို့နှင့်ပတ်သက်၍ သိရှိနိုင်ရန် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အား တွေ့ဆုံမေး မြန်းထားပါသည်။

 

(ယမန်နေ့မှအဆက်)

 

မေး။ ။ မောင်တောဒေသမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကစားဝတ်နေရေး အကျပ်အတည်းနဲ့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် နေရပ်စွန့်ခွာသွားနေရတယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်။

 

ဖြေ ။ ။ အားလုံးက စိတ်ကူးစိတ်သန်းပေါ့။ စိုးရိမ်စိတ်တွေရှိတယ်။ စိုးရိမ်စိတ်တွေရှိတော့ ဆက်ပြီးနေရင် မလုံခြုံဘူး။ တစ်ဖက်ကလည်းပြောနေကြတယ်။ စားဝတ်နေရေး မပြည့်စုံဘူး။ ဒါကြောင့်မို့ဖြစ်တယ်လို့ ပြောနေကြတယ်။ ကျွန်တော့်ဘက်ကတော့ ပြောနိုင်တာ တစ်ခုပဲရှိတယ်။ 

 

ဘာလဲဆိုရင် လူသားချင်းစာနာမှု အထောက်အပံ့တွေပေးနေတယ်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ ရှိနေတဲ့၊ ကျန်ရစ်တဲ့လူတွေကို လိုအပ်တဲ့ ထောက်ပံ့မှုတွေပေးနေတယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့လည်း လုံခြုံရေးတပ်ဖွဲ့တွေက အဲဒီနေရာတွေမှာ အခြေစိုက်ထားခြင်း၊ တပ်စွဲထားခြင်း မရှိဘူး။ ကိုယ့်ဘက်ကတော့ သေချာဆောင်ရွက်ပေးထားတယ်။ သူတို့ဘက်ကတော့ သူတို့စိတ်ထဲမှာ မလုံခြုံတာတို့၊ စားဝတ်နေရေး မပြေလည်လို့ ထွက်သွားရတယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်။ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ သူတို့စိတ်ချရအောင် ကြိုးစားကြည့်တယ်၊ ကြိုးစားရမှာ ကိုယ့်တာဝန်၊ ဒါကိုယုံတာ၊ မယုံတာက သူတို့ကိစ္စပေါ့လေ။
မေး။ ။ UEHRD အနေနဲ့ မောင်တောဒေသ ဖွံ့ ဖြိုးရေးဆောင်ရွက်ရာမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ ရှိရင်လည်း သိချင်ပါတယ်။

 

ဖြေ ။ ။ အခက်အခဲလို့ မစဉ်းစားမိပါဘူး။ ကျွန်တော့်အနေနဲ့ အမြဲတမ်းဆင်ခြင်နိုင်အောင် စိန်ခေါ်မှုလို့ စဉ်းစားရင်လူတွေက လုပ်ချင်ကိုင်ချင်စိတ်ပျောက်သွားမယ်။ စိန်ခေါ်မှုမဟုတ်ဘူး။ စိန်ခေါ်မှုက အခွင့်အရေးပဲ။ အခက်အခဲတွေတော့ရှိတယ်။ ဥပမာဆိုပါတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ တကယ်ဆောက်တော့မယ်၊ လုပ်တော့မယ်ဆိုရင် လုပ်သားမရှိဘူး။ လုပ်သားမရှိတာ စိန်ခေါ်မှုပဲ။ ဒါက အခက်အခဲမဟုတ်ဘူး။ ရှိအောင်ဘယ်လိုလုပ်မလဲ ရန်ကုန်ကပဲဖြစ်ဖြစ်၊ စစ်တွေကပဲဖြစ်ဖြစ် ပြည်နယ်တွေမှာရှိတဲ့ ဝန်ထမ်းတွေ ခေါ်ရမှာပဲ။ ဒါမျိုးတွေတော့ရှိတယ်။ အလုပ်လုပ်တဲ့အခါမှာ အားလုံးချောမွေ့တယ်ဆိုတာ မရှိနိုင်ဘူး။ အားလုံး ပြီးပြည့်စုံတယ်ဆိုတာမရှိနိုင်ဘူး။ တစ်ခုပဲ ။ ကျွန်တော့်စိတ်ထဲမှာတော့ ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေကို ကိုယ်က သင်ခန်းစာယူဖို့လိုတယ်။ ကျော်လွှားရမှာ ကိ်ုယ့်မှာတာဝန်ရှိတယ်။ စိန်ခေါ်မှုတွေစဉ်းစားနေရင်းနဲ့ လက်ပိုက်ကြည့်နေလို့မရဘူး။ 

 

ဘာတွေလုပ်နေသလဲဆိုတာရှင်းပြဖို့လိုတယ်
ပိုပြီးလိုအပ်တာက မီဒီယာလိုတယ်။ ကိုယ်လုပ်တာတွေ လူတွေနားလည်အောင် ပြောတတ်ဖို့ ပိုပြီးအားထည့်ရမယ်။ပြည်တွင်းကလည်း သိဖို့လိုတယ်။ နိုင်ငံတကာကလည်း သိဖို့လိုတယ်။ ကိုယ့်လူမျိုးတွေရဲ့အကျင့်က ကိုယ်လုပ်နိုင်သမျှလုပ်မှာပဲ။ သူများသိစရာမလိုဘူးဆိုတဲ့ စိတ်က ကျွန်တော်တို့မှာရှိနေတယ်။ ကိုယ့်လူမျိုးစရိုက်ပေါ့။ အခုတော့ ပြောပြဖို့လိုတယ်။ ဘာတွေလုပ်နေသလဲဆိုတာ ရှင်းပြဖို့လိုတယ်။နားလည်အောင် လုပ်ပေးဖို့လိုတယ်။

 

ရခိုင်တိုင်းရင်းသားတွေရဲ့ စိုးရိမ်စိတ်ကိုလည်း ရှင်းပြဖို့လိုတယ်။ ရှင်းပြဖို့ အားပိုထည့်ရမှာပေါ့။ လူထုဆက်သွယ်ရေးနည်းလမ်းက ဆက်သွယ်ရေးနဲ့ ဆက်ဆံရေးက နေရာတိုင်းလိုတယ်။ UEHRD မှာ ဒါကြောင့်လည်း နှစ်ဖွဲ့တောင်ထည့်ထားတယ်။ တစ်ဖွဲ့က ပြည်တွင်း ဆက်သွယ်ဆက်ဆံရေး၊ နောက်တစ်ဖွဲ့ နိုင်ငံတကာဆက်သွယ်ဆက်ဆံရေး ဖြစ်တယ်။ 

 

ကိုယ်လုပ်နေတာတွေကို ချပြဖို့အရေးကြီးတယ် 
ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာ ရေးနေတာတွေကိုလည်း တုံ့ပြန်မှရမယ်။ သူတို့ရေးချင်တာ ရေးနေတာ ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ ပြောလို့မရဘူး။ ကျွန်တော်တို့ အနေနဲ့က နိုးနိုးကြားကြားရှိဖို့လိုတယ်။ အခုခေတ်မှာ ဆိုရှယ်မီဒီယာကအင်အားကြီးတဲ့အခါကျတော့ ကိုယ်လုပ်နေတာတွေကို ချပြဖို့အရေးကြီးတယ်။ ဖေ့စ်ဘုတ်တွေကို အသုံးချပြီး အမုန်းတရားပွားတာတို့၊ လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ အချင်းချင်း အမုန်းပွားတာ၊ခိုက်ရန်ဒေါသဖြစ်တာ၊ ပဋိပက္ခဖြစ်အောင် အားပေးတာမျိုး မဖြစ်အောင် ကိုယ်က ဆင်ခြင်ဖို့လိုတယ်။ ဆက်သွယ်၊ ဆက်ဆံရေးက အရေးကြီးတယ်။ ဒါတွေကို မီဒီယာကတစ်ဆင့် ဖော်ပြဖို့လိုတယ်။
ရခိုင်ပြည်နယ်ကို နဂိုထက် ပိုကောင်းအောင်လုပ်ရမယ်။ နိုင်ငံ့ခေါင်းဆောင်ကလည်း ဒီလိုပဲပြောတယ်။ နဂိုပုံစံထက်ပိုကောင်းအောင်လုပ်ဖို့ òန်ကြားထားတော့ ရအောင်တော့လုပ်ရမှာပဲ။ ဖိအားတွေရှိတယ်။ ဖိအားရှိလည်း ဘာဖြစ်သလဲ၊ သူ့ဟာသူ ဖိအားပဲ။ စိန်ခေါ်မှုတွေရှိလည်း ကျော်လွှားရမှာပဲ။ စိန်ခေါ်မှုရှိတော့ ပိုပြီး အလေးအနက်ထားပြီး အလုပ်လုပ်တဲ့အခါဆင်ခြင်နိုင်ရမယ်။

 

နောက်တစ်ခုက အားလုံး ပွင့်လင်းမြင်သာမှုရှိရမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေမှာ ဝမ်းသာစရာကောင်းတာက UEHRD မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက လူကြီးတွေလည်း ပါတယ်။ သူတို့ကပညာရှင်တွေ ဖြစ်တာကြောင့် အဆောက်အအုံ ဆောက်လုပ်တဲ့ပုံစံကို စနစ်တကျ အရည်အသွေးလေးထိန်းပေးတဲ့ အနေအထားတွေရှိတယ်။ တစ်ဖက်ကလည်း မြန်မာနိုင်ငံ ဆရာဝန်အသင်းကလည်းဆရာဝန်ကြီးတွေ၊ ပါမောက္ခကြီးတွေပါတယ်။ သူတို့နဲ့မဆိုင်ဘူးလို့ သဘောမထားဘဲ ကျန်းမာရေးနဲ့ဆိုင်တဲ့စောင့်ရှောက်မှုတွေ ပေးနေတယ်။

 

အားလုံးစုပေါင်းပြီးလုပ်မှရမယ်
နိုင်ငံမှာဖြစ်နေတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံတော်အဆင့် အမျိုးသားတုံ့ပြန်မှုအနေနဲ့ ဆောင်ရွက်တဲ့အခါမှာ အားရစရာပါ။ လူငယ်တွေကလည်း လူသားချင်းစာနာမှု အထောက်အပံ့ပေးတဲ့နေရာမှာ ဦးစီးပြီးလုပ်နေတာတွေ့ရတယ်။ ဒါ အခွင့်အရေးတစ်ရပ်ပေါ့။ ကျွန်တော်ထင်တယ်၊ဒါက အဆိုးထဲက အကောင်းပေါ့။ အခက်အခဲတွေဖြစ်လာရင်အားလုံးစည်းလုံး ဖို့လိုတယ်။ အားလုံး စုပေါင်းပြီးလုပ်မှရမယ်။ ကောင်းတဲ့အား လိုတယ်။

 

နောက်တစ်ခုက ပြည်ထောင်စုအဆင့်က အလုပ်တွေလုပ်တယ်။ ပြည်နယ်အစိုးရကလည်း သူ့နေရာနဲ့သူ တာဝန်ယူလုပ်နေတယ်။ တကယ်တော့ ပေါင်းစပ်ထားတာ။ နိုင်ငံတော်အဆင့် ဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနလှုပ်ရှားမှုတွေ၊ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်အပါအဝင်၊ နောက်တစ်ခုက လွှတ်တော်၊ လွှတ်တော်ကိုလည်း UEHRD အနေနဲ့ ဘာတွေလုပ်နေတယ်ဆိုတာလည်း ရှင်းပြတယ်။ သူတို့ လည်း ပါဝင်ပတ်သက်ပါရစေဆိုပြီး တောင်းဆိုတယ်။ သူတို့တောင်းဆိုချက်အရ ကျွန်တော်တို့ ရှင်းပြတယ်။ 

 

ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ ပြောရရင် ကိုဖီအာနန်အစီရင်ခံစာ၊ အကြံပြုချက် ၈၈ ချက်ရှိတယ်။ အဲဒါကို အကောင်အထည်ဖော်တဲ့ကော်မတီကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တာဝန်ယူထားတယ်။ ကိုဖီအာနန်ရဲ့ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီရယ်၊ ရခိုင်ပြည်နယ်အစိုးရရယ်၊ ဝန်ကြီးဌာနတွေရယ် ဒီသုံးခုနဲ့ ကျွန်တော်တို့ တာဝန်ယူတဲ့ UEHRD က ရခိုင်ပြည်နယ်ရဲ့ အခြေအနေတစ်ရပ်ကို တုံ့ပြန်တဲ့နေရာမှာနိုင်ငံတော်အစိုးရက ကိုဖီအာနန်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်ကို အကောင်အထည်ဖော်တဲ့အဖွဲ့ရှိသလို ပြည်နယ်အစိုးရကလည်း သူ့နည်းသူ့ဟန်နဲ့ ဆောင်ရွက်နေတယ်။

 

ရခိုင်ပြည်နယ်အစိုးရက လူမှုစီးပွားဘဝ ဖွံ့ ဖြိုးမှု စီမံချက် ၅ နှစ်စာမှာ ဦးစားပေး ၆ ခု သတ်မှတ်ထားတယ်၊ UEHRD က ၁၀ ခုရှိတယ်၊ သူ့ ၆ ခုနဲ့ ကျွန်တော်တို့ ၁၀ ခုက သိပ်မကွာဘူး၊ ကျွန်တော်တို့မှာ ထူးခြားတာက ဆက်သွယ်၊ ဆက်ဆံရေးပါတယ်၊ သူ့ဆီမှာမပါဘူး။

 

ကျွန်တော်တို့အဖွဲ့မှာ လုပ်ငန်းရှင်တွေ၊ လူငယ်တွေ၊ အိုင်တီသမားတွေပါတော့ အလှူငွေကောက်ခံတဲ့နေရာမှာ အိုင်တီနည်းပညာနဲ့ ကောက်တယ်။ ကျွန်တော့်အိပ်မက်ကတော့ နိုင်ငံမှာရှိတဲ့ ၅၁ သန်းကျော် ပြည်သူတွေက တစ်လ တစ်ထောင်ကျပ်လှူရင် နည်းတဲ့ငွေမဟုတ်ဘူး။ တစ်ထောင်ကျပ် လှူနိုင်အောင် ကြိုးစားရမှာပေါ့။ 

 

ချမ်းသာတဲ့သူဌေးတွေ၊ အဖွဲ့ အစည်းတွေက လှူတာ တစ်ပိုင်းပေါ့၊ အားလုံး တစ်ပိုင်တစ်နိုင် တစ်လတစ်ထောင်နဲ့ စုလိုက်ရင် စုစည်းလို့ရတဲ့ငွေကို စနစ်တကျ ပွင့်ပွင့်လင်းလင်းသုံးနိုင်ရင် ရခိုင်ပြည်နယ် ဖွံ့ ဖြိုးဖို့အတွက်ပေါ့။ UEHRD ကို ရခိုင်ပြည်နယ်ဖွံ့ ဖြိုးရေးအတွက်တင်မကဘူး။ နိုင်ငံရဲ့ အခြားဒေသတွေမှာလည်း ဒီပုံစံအတိုင်းလုပ်လို့မရဘူးလား။  UEHRD ဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံတော်အစိုးရရယ်၊ ပြည်နယ်အစိုးရရယ်၊ ပြည်နယ်မှာရှိတဲ့ လုပ်ငန်းရှင်တွေရယ်၊ ရန်ကုန်မှာရှိတဲ့ လုပ်ငန်းရှင်တွေပေါင်းပြီး ပြန်လည်ထူထောင်ရေးပေါ့။ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ကြိုးစားနေတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် စီးပွားရေးလုပ်ငန်းရှင်တွေကို ဘယ်လိုပါလာမလဲဆိုတာပါ။

 

ဖြစ်နိုင်တာကတော့ မွန်၊ ကရင်၊ ကယားပြည်နယ်တွေနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ရခိုင်ပြည်နယ်ကရတဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေကို ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲ။ ခုနကပြောတဲ့ စိန်ခေါ်မှုနေရာမှာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာက အရေးကြီးတယ်။ လုပ်ပုံကိုင်ပုံက မတူဘူး။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိဖို့ အရေးကြီးတယ်။ သဘောသဘာဝချင်းက မတူဘူး။ အစိုးရလုပ်ပုံကိုင်ပုံနဲ့ ပုဂ္ဂလိက လုပ်ပုံကိုင်ပုံချင်းကမတူဘူး။ အစိုးရက အမြဲတမ်း စည်းစနစ် မူဘောင်နဲ့ လုပ်တယ်၊ ပုဂ္ဂလိကက မြန်တယ်၊ သွက်တယ်။ သွက်တာနဲ့ မြန်တာနဲ့ စနစ်ကျဖို့နဲ့က တော်တော် ချိန်ဆရတယ်။ သိပ်မြန်ရင်လည်း ဘောင်လွတ်သွားမယ်၊ ဘောင်ကြည့်ပြန်ရင်လည်း လိုချင်တဲ့အချိန်မပြီးဘူး၊ ချိန်ဆရတာပေါ့။

 

မေး။ ။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါခင်ဗျား။

 

ဖြေ ။ ။ ပြောချင်တာကတော့ အခုဖြစ်တဲ့ ရခိုင်ပြည်နယ်ကိစ္စက ကိုယ့်နိုင်ငံအတွက် အင်မတန်အရေးပါတယ်။ အရေးပါတဲ့အပြင်ကို ဒီအခြေအနေက နိုင်ငံတကာ ဖိအားပေးမှုတွေ ရှိတယ်။ ဒါကို ပြည်သူတွေ သိစေချင်တယ်။ ဒါကိုဂရုမစိုက်ဘူး၊ အရေးမပါဘူး၊ မလိုဘူးလို့ဆိုတာထက်ကို လူတွေအားလုံးအနေနဲ့ နိုးနိုးကြားကြား ရှိစေချင်တယ်။ ဒီမှာလည်း ကျွန်တော်တို့ တတ်နိုင်သမျှ ဖိအားတွေကြောင့် ဘာအကျိုးဆက်တွေ ရှိနိုင်တယ်ဆိုတာ ရှင်းပြတယ်။ ရှင်းပြပေမယ့် ပိုပြီး အခုခေတ်မှာ ဆိုရှယ်မီဒီယာရှိတယ်။ ဘယ်လောက်ထိ အန္တရာယ်ရှိတယ်ဆိုတာ ထောက်ကြည့်ရင် ပွတ်ကြည့်ရင်သိတယ်။

 

တစ်ဖက်ကလည်း ဒီအန္တရာယ်ကို ရှိရုံတင်မဟုတ်ဘဲနဲ့ ကိုယ့်ဘက်က ကိုယ်ဘာလုပ်နိုင်တယ်၊ ဥပမာ အခုဆိုရင် UEHRD ဖွဲ့ထားတယ်၊ အောက်တိုဘာကနေစပြီး လုပ်လိုက်တဲ့အခါ အခုဆို ခြောက်လလောက်ရှိသွားပြီ။ အတော်အသင့်အောင်မြင်မှုရတယ်၊ အဆင်သင့်တော့ဖြစ်တယ်။ လူကြီးတွေတာဝန်ပေးထားတဲ့ လူသားချင်းစာနာမှုနဲ့ ပတ်သက်လို့ကတော့ တော်တော်လေးလုပ်ဖြစ်တယ်။ ပြန်လည်တည်ဆောက်ရတာခက်တယ်နောက်တစ်ခုက လုပ်ဖြစ်တာက ပြန်လည်နေရာချထားရေးကိစ္စ၊ ဖွံ့ဖြိုးမှုကတော့ လုပ်ရဦးမယ်။ တကယ်က ဒါတွေကအမာတွေလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တယ်။ အမာတွေဆိုတာ လုပ်လို့လွယ်တယ်။ အပျော့က လုပ်ဖို့လိုသေးတယ်။အပျော့ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပျက်ပြားခဲ့တာ။ တစ်ယောက်နဲ့တစ်ယောက် စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ အမျိုးမျိုးရှိတယ်။ လူ့ရဲ့စိတ်က ထိန်းလို့ သိပ်ရတာမဟုတ်ဘူး။ ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာပျက်တာ လွယ်တယ်၊ ပြန်တည်ဆောက်ရတာခက်တယ်။

 

ရေရှည်သည်းခံမှ ရမယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ လိုတယ်။ ဒီနေရာမှာ တိုက်တွန်းချင်တာကကိုယ့်လူမျိုးရဲ့ ချစ်စရာကောင်းတဲ့၊ အမြဲတမ်း အလယ်အလတ် မဇ္ဈိမပဋိပဒါစိတ် ထားစေချင်တယ်။ အစွန်းမရောက်ဖို့ အရေးကြီးတယ်၊။ ကရုဏာထားဖို့၊ စာနာဖို့ လူတိုင်းမှာလိုတယ်။ ဒီကြားထဲမှာလည်း စိန်ခေါ်မှုတွေက အများကြီးရှိနေတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီထက်ကောင်းတဲ့ အခြေအနေတစ်ခု၊ အခွင့်အရေးပေးတယ်လို့ ယူဆတယ်။

 

အချက်အချာကျတဲ့ဒေသဖြစ်
ဖြစ်စေချင်တာက ရခိုင်ပြည်နယ်က လက်ရှိအခြေအနေမှာ ပြည်ထောင်စုအတွင်းမှာ ဒုတိယအနိမ့်ကျဆုံးဒေသ ဖြစ်တယ်။ အခြေအနေတစ်ခုမှာ လုံးဝမဖြစ်သင့်ဘူး။ သူ့ရဲ့သဘာဝအနေအထား၊ သယံဇာတပစ္စည်းြွကယ်ဝမှု ပိုပြီးအရေးကြီးတာ သူ့ရဲ့တည်နေရာ။ ရခိုင်ကိုကြည့်ရင် ကမ်းရိုးတန်းဖြစ်တဲ့အတွက် နိုင်ငံရေးအနေနဲ့ကြည့်ရင် အင်မတန်မှအချက်အချာကျတဲ့ဒေသဖြစ်တယ်။ အရှေ့တောင်အာရှဒေသနဲ့ တောင်အာရှဒေသချိတ်တဲ့ ဒေသဖြစ်တယ်။ သူ့မှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဓာတ်ငွေ့တွေလည်း ရှာတွေ့တဲ့ အနေအထားရှိတယ်၊ ဘေးကပ်လျက်မှာလည်း အိန္ဒိယနိုင်ငံရှိတယ်၊ အိန္ဒိယနိုင်ငံဟာ အချက်အချာကျတဲ့ နိုင်ငံလည်းဖြစ်တယ်။

 

ကိုယ့်ရဲ့ ဖြစ်ရပ်မှန်တွေ များများဖော်ပြနိုင်ဖို့လို
ရခိုင်တိုင်းရင်းသားတွေကို အားပေးဖို့လိုတယ်။ သူတို့ရဲ့လိုအပ်ချက်တွေ၊ သူတို့ရဲ့ စိုးရိမ်စိတ်တွေ လျော့ပါးအောင် အားလုံးဝိုင်းလုပ်ရမှာ။ အဲဒီလိုလုပ်တဲ့အခါမှာ မီဒီယာကသိပ်အရေးကြီးတယ်။ သတင်းမှန်တွေ ထုတ်ဖော်ဖို့လိုတယ်။ အခုကျတော့ သိတဲ့အတိုင်း ဆိုရှယ်မီဒီယာကို မေ့လိုမရဘူး။ ကိုယ့်ရဲ့ ဖြစ်ရပ်မှန်တွေ များများဖော်ပြနိုင်ဖို့လိုတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ အဝေးကြီးလို့ မတွေးကြစေချင်ဘူး။ နိုင်ငံတော်အတွက် အရေးကြီးတဲ့အတွက် ကိုယ်နဲ့ မိတ်ဖက်နိုင်ငံတွေရှိသလို ကိုယ့်ကို နားလည်မှုပေးတဲ့ နိုင်ငံတွေ၊ အကူအညီပေးဖို့ အဆင်သင့်ရှိတဲ့ နိုင်ငံတွေနဲ့ ပေါင်းစပ်ရမှာပါ။ ကိုယ့်ကို နားလည်မှုလွဲနေတဲ့ နိုင်ငံတွေကိုလည်း ရှင်းပြရမှာ ကျွန်တော်တို့ တာဝန်ပါ။ ပြည်သူတွေအားလုံးအနေနဲ့ ရခိုင်အရေးဟာ ကိုယ့်ရဲ့အရေးလို့ မြင်စေချင်တယ်။ ပြောတာဆိုတာ သတိထားစေချင်တယ်။ အခြေအနေကို ဒီထက် ပိုမဆိုးအောင် ပိုမကောင်းရင်တောင် ကိုယ့်တာဝန်ပဲလို့ ခံယူဖို့လိုတယ်။

 

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

 

တွေ့ဆုံမေးမြန်း - သီသီမင်း၊ မင်းသစ်(MNA)
ဓာတ်ပုံ - ရဲထွဋ်