အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဖျာပုံခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပေး

ဖျာပုံ  ၁၆  ဇွန် 

 

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ရှိ သီရိအဏ္ဏဝါခန်းမ၌ ဖျာပုံ ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။ 

 

အခမဲ့ နယ်လှည့် ဆေးကုသရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း က “ အမျိုးသားကျန်းမာရေးကွန်ရက်အနေနဲ့ မြန်မာတစ်ပြည်လုံးမှာ သွားရောက်ပြီး ဆေးကုသပေးနေတာ ၈၆ ကြိမ်ရှိပါပြီ။ ကျန်းမာရေးကွန်ရက်အနေနဲ့ နယ်လှည့်ဆေးကုတဲ့အထဲမှာ ဧရာဝတီတိုင်းက ရှစ်ကြိမ်ရှိပါပြီ။ အထူးသဖြင့် ပြည်နယ်တွေကို ဦးစားပေးပြီးသွားနေပါတယ်။ ဒီမှာလာတဲ့အခါမှာလည်း ပါရဂူတွေ၊ အထူးကုတွေအားလုံး စုံအောင်ခေါ်ခဲ့ပါတယ်။ လူတစ်ယောက်မှာ အလွန်အဓိကကျတဲ့ အချက်ထဲမှာ ကျန်းမာရေးပါတယ်။ မကျန်းမာရင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးထိခိုက်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ကိုယ်နိုင်တဲ့ဘက်က ကူညီတဲ့သဘောပါ ’’ ဟု ပြောသည်။

 

ယနေ့ ဖျာပုံမြို့သို့ ကျန်းမာရေးလာရောက်စောင့်ရှောက်ပေးသည့် အခမဲ့နယ် လှည့် ဆေးကုသရေးအဖွဲ့တွင် သားဖွားမီးယပ်ပါရဂူကြီးများ၊ အထွေထွေရောဂါကု၊ ကလေးအထူးကု၊ ခွဲစိတ်၊ အရိုး၊ ဓာတ်မှန်၊ သွား၊ မျက်စိ၊ နှား၊နှာခေါင်း၊ လည်ချောင်းနှင့် စိတ်ရောဂါကု စသည့်ဆရာဝန်ကြီးများ ပါဝင်ကြောင်း သိရသည်။ 

 

ဖျာပုံမြို့ (၉)ရပ်ကွက်မှ လာရောက်ဆေးကုသမှုခံယူသည့် ဒေါ်တင်တင်မိက  “ချော်လဲလို့ လက်လာပြတာပါ။ ဆရာဝန်ကြီးကဆေးပေးတယ်။ လက်ကိုလေ့ကျင့်ခန်း လုပ်ခိုင်းတယ်။ ဆေးကုတာကတော့ ထိရောက်မှုရှိတယ်။ ပိုက်ဆံလည်း မကုန်ဘူး။ ကျွန်မတို့က ချမ်းသာတဲ့သူတွေမဟုတ်ပါဘူး။ ဆင်းရဲတဲ့သူတွေဆိုတော့ ဒီလိုအခမဲ့ လာရောက်ကုသပေးတဲ့အတွက် ဆရာဝန်ကြီးတွေရော၊ လုပ်ကိုင်ပေးတဲ့သူတွေကိုရော ကျေးဇူးတင်ပါတယ်။ ဆေးကုသဖို့အတွက် ဖျာပုံခရိုင် ၄ မြို့နယ်ကသူတွေ အခမဲ့ ဆေးကုသပေးမယ်ဆိုပြီး ကားနဲ့လိုက်ဆော်သြပေးတယ်။ နီးစပ်တဲ့သူတွေက ပြောတာနဲ့ ဆေးကုသဖို့ စာရင်းပေးလိုက်ပါတယ် ’’ ဟု ပြောသည်။

 

ထို့အတူ ကျိုက်လတ်မြို့ အမှတ်(၅) ရပ်ကွက်မှ ဦးထွန်းအေးက “ ခါးနာလို့လာပြ တာပါ။ ကျိုက်လတ်မြို့က လာတာပါ။ သွားလာရေးအတွက်လည်း ကားတွေစီစဉ်ပေး တယ်။ ဒီမှာစားဖို့၊ သောက်ဖို့လည်း စီစဉ်ပေးထားပါတယ်။ ဆရာဝန်ကြီးက သေသေ ချာချာ မေးမြန်းပြီးကုသပေးပါတယ်။ သောက်ဖို့ ဆေးတွေလည်းပေးလိုက်ပါတယ်။ အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် ကုသပေးတော့ ထိရောက်မှုရှိပါတယ်။ ကျိုက်လတ်မြို့က လာရောက်ဆေးကုသမှုခံယူတာ လူဦးရေ ၂၀ဝ လောက်ရှိပါတယ် ’’ ဟု ပြောသည်။ 

 

111

 

ဆေးရုံ၊ ဆေးခန်း လက်လှမ်းမမီသည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်နှင့် ကျန်းမာရေးအသိပညာပေးရန် ရည်ရွယ်ချက်ဖြင့် အမျိုးသားကျန်းမာရေး ကွန်ရက်ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ် မေလမှစတင်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

 

အမျိုးသားကျန်းမာရေးကွန်ရက်မှ အမှုဆောင် ဦးစောဝင်း က “ တိုင်းရင်းသား ဒေသတွေကို သွားတဲ့အခါမှာ ဘာသာစကား အခက်အခဲတွေရှိတယ်။ တိုင်းရင်းသား ဘာသာစကားကျွမ်းကျင်တဲ့ လုပ်အားပေးလူငယ်တွေကနေတစ်ဆင့် ဘာသာပြန်ပေး တဲ့အခါ ဆေးရုံဆေးခန်းတွေကို မသွားရဲတဲ့ တိုင်းရင်းသားတွေက အထူးကု ဆရာဝန်ကြီး တွေနဲ့ စကားပြောခွင့်ရတယ်။ ဒီလိုဆေးကုသပေးတဲ့အတွက် ပြည်သူ တွေမှာ ဘယ်လိုရောဂါတွေ အဖြစ်များနေတယ်ဆိုတဲ့ အချက်အလက်တွေရတယ်။ အဲ့ဒါတွေကို ကျန်းမာရေးဝန်ကြီးဌာနကို ပြောပါတယ်။ ခွဲစိတ်ရမယ်လူနာတွေကိုလည်း ဆေးရုံ၊ဆေးခန်းပို့ပေးပါတယ်။ ကျွန်တော်တို့မှာ အလှူရှင်ရှိပါတယ်။ အလှူရှင်မရှိရင် အဖွဲ့ရန်ပုံငွေနဲ့ပဲ ကားဌားပြီးသွားတယ်။ ဆေးဝါးကို ၂ ပတ်စာလိုအပ်ရင် တစ်လစာ အခမဲ့ ပေးခဲ့ပါတယ်။ အဖွဲ့အစအစဉ်နဲ့ သွားတာများပါတယ်။ 

 

“ ခွဲစိတ်ရမယ့်လူနာတွေ ရက်ရှည်ကုသရမယ်လူနာတွေကို ဆေးရုံ၊ ဆေးခန်း တွေ ကို ညွန်ပေးပါတယ်။ ဆက်လက်ကုသရမယ်လူနာတွေကို ဆရာဝန်ကြီးတွေက သူတို့ဆေးရုံကို ခေါ်လိုက်တယ်။ ခွဲစိတ်ရမယ်သူ ဆေးရုံ၊ ဆေးခန်းသွားရမယ့်သူဆို စာရေးပေးလိုက်တယ်။ ဆေးရုံကိုလည်း ဆက်သွယ်ပေးလိုက်တယ်။ မြန်မြန်ဆန်ဆန်နဲ့ ကုသခွင့်ရသွားတာပေါ့ ’’ ဟု ပြောသည်။

 

ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက် လတ်၊ ဘိုကလေးမြို့တို့မှ လူဦးရေ ၂၀ဝ၀ကျော် စာရင်းပေးသွင်းထားပြီး လူဦးရေ ၃၀ဝ၀ စာအတွက် ဆေးဝါးများအပြည့်အစုံစီစဉ်ပေးထားသည့်အပြင် သွားလာရေးနှင့် စားသောက်ရေးအတွက် မော်တော်ယာဉ်များ၊ စားစရာ ဒန်ပေါက်များ၊ အချိုရည်နှင့် ရေသန့်ဘူးများ စီစဉ်ပေးထားကြောင်း သိရသည်။

 

ထို့ပြင် ဖျာပုံမြို့ပေါ်ရှိ မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီလူငယ်များနှင့် မြို့ခံလူငယ်များကလည်း တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည်။ 

 

(သတင်း-မင်းသစ်/ ဓာတ်ပုံ-ရဲထွဋ်)

 

222.J