အချွန်အမွန်ဆုံးသူများကို ရှာဖွေခြင်း

နိုင်ငံရေးတွင်ဖြစ်စေ၊ စီးပွားရေးတွင်ဖြစ်စေ၊ လူမှုရေးအဖွဲ့ အစည်းများတွင်ဖြစ်စေ အဖွဲ့အစည်းတို့၏ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် သူများအား စုဆောင်းရွေး ချယ်ကြသည့်အခါ လူချွန်လူမွန်များ၊ ထက်မြက်သူများ၊ အရည်အသွေး မြင့်သူများကို ဦးတည်ရည်မှန်းကာ ရွေးချယ်ကြလေ့ရှိသည်။

အစိုးရအဖွဲ့ ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းကြီးများ၏ အဆင့်ဆင့်သော ခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့ အစည်းများအပါအဝင် အခြားသော အဖွဲ့အစည်း အမျိုးမျိုးတို့၏ ဦးဆောင်မှုပေးမည့်သူများကို နေရာပေးရန်၊ တာဝန်ပေးရန် ရွေးချယ်ကြသည့်အခါ အထက်မြက်ဆုံးသူများ၊ အထူးချွန်ဆုံးသူများ၊ စိတ်စေတနာ အမှန်ကန်ဆုံးသူများ၊ အကောင်းမြင်မှုဖြင့် ပြဿနာများကို သဘောထားမှန်မှန်ထားကာ ချဉ်းကပ်ဖြေရှင်းနိုင်ဆုံးသောသူများ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင် သူများကို ရှာဖွေရွေးချယ် နေရာပေးလေ့ရှိသည်မှာ လုပ်ရိုးလုပ်စဉ်များသာ။

သို့သော်လည်း ပညာရေးစနစ်၊ စီးပွားရေးစနစ်တို့ အားနည်းကာ ခေတ်နောက်ကျသည့် အခြေအနေအတွင်းတွင် နှစ်လရှည်ကြာ နေခဲ့ရသည့် မြန်မာနိုင်ငံအဖို့မူ ထိုသို့သော အချွန် မွန်ဆုံးသူများ၊ အထက်မြက်ဆုံးသူများ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း အလုပ်လုပ်နိုင်သူများကို မည်မျှလောက် မျှော်လင့်၍ ရမည်နည်း။ ထို့ပြင် ထိုသို့သော လူတော်လူထက်များကို ရွေးချယ် ခြင်းထက် စိတ်စေတနာ မမှန်ကန်သူများ၊ ညံ့ဖျင်းလေး ကန်သူများ၊ မရိုးသားသူများ၊ ကောက်ကျစ်စဉ်းလဲသူများ၊ လူဆိုးလူမိုက် များကို မရွေးချယ်မိဖို့ကလည်း အရေးကြီးသည်မှာ အမှန်။

ထို့ကြောင့်ပင် လက်ငင်းကာလ လူချွန်လူမွန်များ ရှာဖွေစုဆောင်းရေးလုပ်ငန်း၏ အခြားတစ်ဖက်တွင် မဖြစ်မနေ ပြန်လည် ထူထောင်ရမည့် လုပ်ငန်းစဉ်တစ်ခုက ကလေးငယ်များ၊ လူငယ်များကို အနာဂတ် လူချွန်လူမွန်များအဖြစ် ပေါ်ထွန်းရေးကို အလေးထားအားထုတ်ရန် ဖြစ်ပါသည်။ အခြေခံပညာရေး စနစ်၏ အင်အားဖြင့် အနာဂတ်လူချွန်လူထက်များ များစွာ မွေးထုတ်နိုင်ရေးကို ဦးတည်သင်ကြားရေးက အရေးပါမည် ဖြစ်ပါသည်။ ကလေးငယ်များ၊ လူငယ်လူရွယ်များကို အရည် အသွေးမြင့်မား သူများ၊ ဖြူစင်ဖြောင့်မတ်သူများအဖြစ် အနာဂတ် လူချွန်လူထက်များအဖြစ် မွေးထုတ်ရေးတွင် အခြေခံ ပညာရေး စနစ်က အရေးပါဆုံး ဖြစ်ပါလိမ့်မည်။

နိုင်ငံအတွက် လူမှန်နေရာမှန် လိုအပ်သည်ဆိုသည်မှာ အမှန်ကန်ဆုံး စကားဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သည့်နေရာ အတွက်ကိုမျှ လူညံ့လူဆိုးကို ရွေးမိလို့မဖြစ်။ ယနေ့၊ စီးပွားရေးလုပ်ငန်းကြီးများတွင် ထင်ရှားသိသာစွာ ကြားနေရသည့် ခေါင်းစဉ်တစ်ခုမှာ အရည်အချင်း လည်းပြည့်၊ စိတ်သဘောထားလည်း မှန်ကန်ဖြောင့်မတ်သည့် မန်နေဂျာ များရရှိရေးက လစာများများ ပေးသည်ဆိုရုံ မျှဖြင့် မရဟူသည့် စကားရပ်များပဲ ဖြစ်ပါသည်။

နှစ်ပေါင်းများစွာ ဝါးလုံးခေါင်းထဲ လသာနေခဲ့ရသည့် အဝန်းအဝိုင်းအတွင်းက မိမိတို့လုပ်ငန်းရပ်များ အကောင် အထည်ဖော်ရေး အတွက် နိုင်ငံတကာ အမြင်လည်းရှိသူ၊ မိမိ၏ လုပ်ငန်းအပေါ် စိတ်စေတနာလည်း မှန်ကန်သူ၊ ထက်မြက်လုံ့လကြီးသူများကို အများအပြားရရှိရေးကို မျှော်လင့်ရင်း ပင်ပန်းကြီးစွာရှာဖွေရသကဲ့သို့ အနာဂတ်အတွက် လူချွန်လူထက်များကို သင်ကြား မွေးထုတ်ရေးက အရေးကြီးသကဲ့သို့၊ အခြားတစ်ဖက်တွင် အရည်အချင်း အလွန်နိမ့်သူများကို ရွေးချယ်မိ၊ တာဝန် ပေးမိ မဖြစ်ရေးကိုလည်း အထူးသတိထားရမည် ဖြစ်ပါသည်။ ဤသည်က အချို့နေရာများတွင် ပို၍ပင် အရေးကြီးသည်ဟု ထင်မိပါသည်။

နိုင်ငံက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ကျားကုတ်ကျားခဲ အားထုတ်နေရချိန်တွင် လူချွန်လူမွန်များကို ရွေးချယ်နိုင်ရေးက အရေးကြီးသလို လူဖျင်းလူညံ့ လူဆိုးလူယုတ်များကို မရွေးချယ်မိရေးကလည်း အရေးကြီးသည်ပဲ ဖြစ်သည်မဟုတ်ပါလော။    ။

မြန်မာ့အလင်း