အခွန်ဘဏ္ဍာကိစ္စရပ်များမှာ ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုနယ်ပယ်တွင် မရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ပြောကြား

နေပြည်တော် ၂၉ ဇန်နဝါရီ 

 

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အများပြည်သူအတွက် အသိပညာ ဗဟုသုတ တိုးတက်စေမယ့် စာအုပ်၊ စာပေ ထုတ်လုပ်ဖြန့်ချိတဲ့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့်အတွက် အခွန်အကောက်များ လျှော့ချ ပေးမည်ဆိုပါက ထောက်ခံသော်လည်း အခွန်ဘဏ္ဍာကိစ္စရပ်များမှာ ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှု နယ်ပယ်တွင် မရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားခဲ့ပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးရဲထွဋ် မေးမြန်းသည့် ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနတွင် ထုတ်ဝေခြင်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားရယူ၍ ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချသော စာအုပ်၊ စာပေ၊  စာစောင်များ၊ နိုင်ငံတော်က သတ်မှတ်ပေးထားသော ကုန်သွယ်မှု နည်းလမ်းများဖြင့် ပြည်ပမှ တင်သွင်းရောင်းချသော စာအုပ်၊ စာပေ၊ စာစောင်များနှင့် ဆက်နွှယ်သော ဝန်ဆောင်မှု Supply Chain တစ်ခုလုံးကို ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုနှင့် ပတ်သက်ပြီး ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပုံနှိပ်ခြင်းလုပ်ငန်း လုပ်ကိုင်သူများ၊ ထုတ်ဝေခြင်းလုပ်ငန်း လုပ်ကိုင်သူများ၊ သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနှင့်အညီ အသိအမှတ်ပြုလက်မှတ်ကိုသာ ထုတ်ပေးခြင်းဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

 

ယင်းလုပ်ငန်းများ လုပ်ကိုင်သူတွေအပေါ် စည်ပင်သာယာအဖွဲ့မှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်း၊ လုပ်ငန်းအပေါ် ဝင်ငွေခွန်၊ အမြတ်ခွန် ကောက်ခံခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်း စတဲ့လုပ်ငန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က သတ်မှတ်ထား တဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်သွားရမှာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သီးခြားဆောင်ရွက်ရန် မရှိဘူးလို့ ဆိုပါတယ်။ 

 

လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေရေးဆွဲချိန်တွင် ပြဋ္ဌာန်းမယ့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သို့ပါ၍ ကိုယ်စားလှယ်တော်ကြီးမှ စာအုပ်၊ စာပေ၊ စာစောင်များအပေါ် ကုန်သွယ်မှုလုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြဋ္ဌာန်းရရှိနိုင်ရေးကို လွှတ်တော်တွင် ဝင်ရောက်ဆွေးနွေးဆုံးဖြတ်မှု ခံယူသင့်ပါကြောင်းနှင့် ကင်းလွတ်ခွင့်များ ပေးပါက ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ကောက်ခံရရှိနိုင်တဲ့ ကျပ်သန်းပေါင်းများစွာ အခွန်ဘဏ္ဍာငွေများ ဆုံးရှုံး နိုင်ဖွယ်ရှိသည်ကိုလည်း ချင့်ချိန်ထည့်သွင်း ဆွေးနွေးသင့်သည်ဟု သက်ဆိုင်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြန်လည်ညှိနှိုင်း အကြောင်းကြားလာတယ်လို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်လည် ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပြည်တွင်းတွင် စာအုပ်၊ စာပေ၊ စာစောင်များ ထုတ်လုပ်ရောင်းချခြင်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကျပ် ၂၈၀ ဒသမ ၅၇၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၇၂၅ ဒသမ ဝ၇၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၆၂၃ ဒသမ ၁၇၆ သန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အောက်တိုဘာလအထိ ၂၃၆ ဒသမ ၂၈၄ သန်း ကောက်ခံရရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

 

၂၀၁၇ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ(က)တွင် ဖော်ပြထားရှိသော ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်များမှာ အကျုံးဝင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

 

မျိုးထက်ဦး(MDN)