အချင်းချင်းတိုက်တာ၊ ပစ်ခတ်တာမှာ ကြားက ကျွန်မတို့က ဒုက္ခရောက်ရတယ်၊ အဲဒါကိုကြောက်လို့ ထွက်လာတာပါ

ကချင်ပြည်နယ် မြစ်ကြီးနားသို့ မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သုံးရက်ကြာသွားရောက်ခဲ့သည့် သတင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲ၊ မြစ်ဆုံကျေးရွာရှိ မာရီယာကောင်းကင်ဘုံ သခင်မ ဘုရားကျောင်း၊ ကဝါးခ၊ နောင်နန်းကျေးရွာအုပ်စု တြီနတီနှစ်ခြင်း ဘုရားကျောင်း၊ ယခင် KIA တပ်မဟာ (၂) ထိန်းချုပ်ခဲ့ရာညောင်ရမ်းစခန်း (၁၊၂၊၃၊၄) နှင့် တပ်မဟာ (၂) ဌာနချုပ်တည်ရှိသည့် အောင်လောဒ့် ကျေးရွာများသို့ ရောက်ရှိသည်။

 

ရောက်ရှိခဲ့ရာနေရာတိုင်းတွင် နေရပ်မှ ခေတ္တတိမ်းရှောင်လာသည့် စစ်ရှောင် ကျေးရွာသူ ကျေးရွာ သားများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ  ကိုမြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည်။

 

 

အင်ဂျုံဂျာတောင် (၆၀)နှစ်
တန်ဘောင်ယန်ကျေးရွာ
မြစ်ဆုံကျေးရွာရှိ မာရီယာကောင်းကင်ဘုံသခင်မဘုရားကျောင်း

 

နန့်ပေါ်ယန်ကျေးရွာကလာတယ်။ တစ်ရွာလုံးစုလာကြတယ်။ လူပေါင်း ၁၀ဝ ကျော်လောက်ရှိမယ်။ စားရေး၊ နေရေးကအဆင်ပြေပါတယ်။ ရွာမှာကတောင်ယာလုပ်တယ်။ မိသားစု ၄ ယောက်ရှိတယ်။ ပစ္စည်းတွေဘာမှ မပါဘူး။ ဒီအတိုင်းထွက်လာကြရတယ်။ အေးအေးချမ်းချမ်းနဲ့ ကိုယ့်နေရာမှာကိုယ်နေချင်ပါတယ်။   သူတို့ အချင်းချင်းတိုက်တာ ၊ ပစ်ခတ်တာမှာ  ကြားက ကျွန်မတို့က ဒုက္ခရောက်ရတယ်။ အဲဒါကိ်ုကြောက်လို့ ထွက်လာတာပါ။

 

လဖိုင်ဘရန်ရှောင် (၃၈) နှစ်
(၁၈) မိုင်ရွာ
မြစ်ဆုံကျေးရွာရှိ မာရီယာကောင်းကင်ဘုံသခင်မဘုရားကျောင်း

 

စစ်ကပြေးတာနှစ်ခေါက်ရှိပြီ။ လွန်ခဲ့တဲ့ ၇ နှစ်က ဇန်ပိုင်မှာကျည်ဆံကြားထဲကလွတ်လာတာကတစ်ခေါက်။ အဲဒီကနေအခု ၁၈ မိုင်မှာနေတော့ တစ်ခေါက် ပြေးလာတာပေါ့။ သေနတ်သံတွေကြားတော့ ကြောက်စရာကြီးလေ။ နေလို့မှ မရတော့တာ။ ဒီကို မေလ ၃ ရက်နေ့ကရောက်တာ ဖြစ်မယ်။ မိသားစုလိုက်ပြေးလာတာ။ တစ်ခါတည်းတောက်လျှောက် မရောက်နိုင်ဘူးလေ။ တောကနေပတ်ပြီးမှ ရောက်လာခဲ့တာ။ ခြေကျင်လာခဲ့တာ။ ကျွန်တော်တို့က နောက်ကျတယ်။ ယောက္ခမအဖွားကြီးက ၁၁၇ နှစ်ဆိုတော့ သူကိုပိုးပြီးမှ လာရတော့ နောက်ကျတယ်။ ကျွန်တော့်မှာမိသားစု ၅ ယောက်ရှိတယ်။ အမျိုးတွေနဲ့ အိမ်ထောင်စုသုံးစုဆိုတာ့ အားလုံး ၁၂ ယောက်ပါတယ်။ တောင်ယာပဲခုတ်တယ်။ စစ်နဲ့ပတ်သက်ပြီး သိပ်မပြောချင်တော့ဘူး။ ခံတော့ခံစားရတယ်။ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး ကိုယ့်အိမ်ထောင်စုနဲ့ကိုယ် နေစေချင်တာပေါ့။ ဒီမှာကအခက်အခဲ သိပ်မရှိပါဘူး။ အသက်ကြီးတဲ့ ယောက္ခမအတွက်ပဲစိုးရိမ်တယ်။

 

 

လတောင်ထု(၈၀) နှစ်
အင်ဂျန်းယန်ရွာ
နောင်နန်းကျေးရွာအုပ်စု တြီနတီနှစ်ခြင်းဘုရားကျောင်း

အင်ဂျန်းယန်ရွာနားက အင်ဂရန်းကောင်ရွာကပါ။ စစ်ဖြစ်နေတော့ ကြောက်လို့ ပြေးလာတာ။ သားနဲ့ချွေးမမြေးလေးယောက်ပါပါတယ်။ အင်ဂျန်းယန်မှာတော့ မိသားစုတွေ ကျန်နေသေးတယ်။ သူတို့လာမလား၊ မလာဘူးလားတော့ မသိဘူး။ စစ်ပွဲဒဏ်ကိုခံစားရတာအသက် ၂၀ လောက်ကတည်းကပဲ။ စစ်နဲ့ပတ်သက်ပြီးဘာမှ မပြောတတ်ဘူး။ ငြိမ်းချမ်းပါစေ။ စစ်ပွဲတွေ ရပ်ပါစေပဲပြောတတ်တယ်။

 

 

ဗိုလ်မှူးချုပ်ကျော်စိုးမင်း
(နယ်မြေခံတပ်နယ်မှ )

 

အဓိကတော့ ကျွန်တော်တို့ တံတားညီနောင် ဖားကန့် မြစ်ကြီးနားမှာ ဖြစ်တာ။ အဲ့ဒါက ဧပြီလခြောက်ရက်နေ့မှာ ဖြစ်တာ။ ပြီးတော့ လမုံပေါ့။ ကားနဲ့ ဆို ၁၅ မိနစ်လောက်ပဲသွားရတယ်။ လမုံရွာကိုဧပြီလရှစ် ရက်နေ့မှာသူတို့   လာတိုက်တယ်။ အဲဒီဖြစ်စဉ်တွေကြောင့် ဒီဒေသမှာ ကျွန်တော်တို့တစ်တွေကနယ်မြေရှင်းလင်းရေးလုပ်တယ်။ နယ်မြေရှင်းလင်းရေးလုပ်တာ တနိုင်းက KIA ရဲ့ ညောင်ရမ်း၁  ၊ ၁ ၊ ၃ ၊ ၄ နဲ့ တပ်မဟာ (၂) ဌာနချုပ်ပေါ့။ ရှင်းလင်းရေးလုပ်တဲ့အခါ အရပ်သားတွေ မထိခိုက်အောင် စစ်ရေးပစ်မှတ်တွေပဲအဓိကထားတယ်။   ကျေးရွာထဲကိုမကျအောင်၊ နေအိမ်တွေ မထိခိုက်အောင်ဆောင်ရွက်ပါတယ်။ နေအိမ်တွေ ထိခိုက်မှု မရှိတာ သွားတဲ့သူတွေ အားလုံးသိပါတယ်။ လူဆိုတာကိုယ့်နေရာမှာနေချင်ကြတယ်။ လာနေပါ။ သူတို့ရဲ့ နေရေး၊ ထိုင်ရေး၊ လုံခြုံရေးကို ကျွန်တော်တို့ စီစဉ်ပေးမယ်။

 

 

ဒုတိယဗိုလ်မှူးကြီးစိုးထက်
(နယ်မြေခံ တပ်မှ)

အောင်လော့ဒ် ကျေးရွာမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေပါတယ်။ မေလ ၁ ရက်နေ့က ရောက်ပါတယ်။  ကျွန်တော်တို့ရောက်လာတဲ့အချိန် ပထမတွေ့ခဲ့ရတာကမီးလောင်ထားတဲ့ တပ်မဟာ(၂) စခန်းတွေပါ။ မျှော်စင်ဒီဘက်အပိုင်းမှာတော့ ပျက်စီးမှု လုံးဝ မရှိတဲ့ ကျေးရွာပါ။ ကျွန်တော်တို့ မရောက်ခင်မှာရော၊ ရောက်ရှိ လာတဲ့ အချိန်မှာရောပိတ်မိနေတဲ့ ပြည်သူဆိုပြီးတော့ လာရောက် ဆက်သွယ်တာမရှိပါဘူး။ ကျွန်တော်တို့ မရောက်ခင်မှာတော့ အသင်းတော်ကနေပထမအကြိမ် ဆက်သွယ် တာကတော့ လူ ၂၀ဝ ကျော်ပေါ့။ ဒကစ(တနိုင်း)ကနေပြီး ကြကက်ခြေနီတွေနဲ့ ချိတ်ဆက်ပြီး ခေါ်ယူသွားပါတယ်။ ဒါကလည်းအောင်လော့ဒ်ကမဟုတ်ဘဲ ရွှေလုပ်သားနဲ့ ဈေးသည်တွေမို့ သူတို့တွေ နေထိုင်ရာကို ပြန်ပို့ခဲ့ပါတယ်။ အောင်လောဒ့် ကျေးရွာမှာရှိတဲ့ ဘုရားကျောင်းတွေကိုတော့ သန့်ရှင်းရေးလုပ်ပြီး နေအိမ်တွေကိုတော့ နဂိုမူလအတိုင်းပဲ  ခြံတံခါးတွေကိုတော့ ပိတ်ပေးထားပါတယ်။

 

 

ဦးဂဲနက်(စ်) ဥက္ကဋ္ဌ
ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ

ဧပြီလ ၁၇ ရက်နေ့မှာအောင်လော့ဒ်မှာရွာသူရွာသားတွေ ပိတ်မိနေတယ်လို့ သတင်းရလို့ ကျွန်တော်တို့ ပြည်နယ်အစိုးရကို တင်ပြတာ သူတို့က ချက်ချင်းခွင့်ပြုပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ကျွန်တော် တို့ကိုညှိနှိုင်းပေးတဲ့ အခါ ဧပြီလ ၁၈ ရက်နေ့မှာခွင့်ပေးတဲ့ အတွက် ဧပြီလ ၂၀ ရက်နေ့မှာ အောင်လောဒ့်ကိုရောက်ပါတယ်။ စရောက်ကတည်းကအောင်လော့ဒ်မှာ လူမတွေ့ပါဘူး။ ကြက်ခြေနီအဖွဲ့ လာတယ်ဆိုတာ ပိတ်မိနေတဲ့ ရွှေမှော် လုပ်သားတွေနဲ့ ဈေးရောင်းတဲ့ ဈေးသူတွေကြားတော့ ဒီကို ဧပြီလ ၂၀ ရက်နေ့မှာထွက်လာပါတယ်။ အောင်လော့ဒ်ရွာကလူတွေကိုလည်းပါလာတဲ့ သူတွေနဲ့ ချိတ်ဆက်တဲ့ အခါ ငါးကြိမ် အဆက်အသွယ်ရပါတယ်။ ထွက်လာဖို့ ချိတ်ဆက်တဲ့အခါ ကျွန်တော်တို့ကိုလာကြိုတာ ကျေးဇူးတင်ပါတယ်၊  လာလည်းလာချင်ပါတယ်၊  ဒါပေမဲ့ တိုင်ပင်လိုက်ဦးမယ်ဆိုပြီးထွက်မလာတော့ပါဘူး။ ကျွန်တော်တို့ KBC ဘုရားကျောင်းမှာ သုံးရက်ကြာစခန်းဖွင့်ပြီးစောင့်ပါတယ်။ နောက်ဆုံးတော့ ရွှေမှော် လုပ်သားတွေနဲ့ ဈေးရောင်းတဲ့ ဈေးသူ ၂၂၅ ယောက်ကိုပဲကယ်ထုတ်ပြီး တနိုင်းအုပ်ချုပ်ရေးမှူးရုံးက နေ သူတို့နေထိုင်ရာတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန် အောင်လောဒ့်ရွာမှာရှိတဲ့ သူတွေက သုံးရက်လောက် လမ်းလျှောက်ရင် ရောက်နိုင်တဲ့ နေရာမှာရှိတယ် ပြောပြီးမလာတော့တာပါ။
 
တွေ့ဆုံမေးမြန်း-ရဲခေါင်ညွန့်
ဓာတ်ပုံ-ဖိုးထောင်