အခုရတဲ့စာအုပ်က ဆယ်စုနှစ်တစ်စုစာလောက် အချက်အလက်တွေ စုဆောင်းခဲ့ရတယ်

ရန်ကုန် ၁၇ မတ်

 

မြန်မာနိုင်ငံ၌ ရှေးနှစ်ပေါင်းများစွာကတည်းက ရဟန်း၊ လူပုဂ္ဂိုလ် စာပေအကျော်အမော်များ ရေးသားပြုစုခဲ့ကြ သော စာကောင်းပေမွန်များ၊  မြန်မာစာပေအနုပညာများ မပျောက်မပျက်လက်ဆင့်ကမ်း နိုင်ရေးနှင့် စာပေလိုက် စားသူ၊ စာပေမြတ်နိုးသူ တိုးပွားရေးအတွက် ၂၀ဝ၆ ခုနှစ်မှ စတင်ကာ တစိုက်မတ်မတ် ချီးမြှင့်ပေးခဲ့သော ထွန်းဖောင်ဒေးရှင်း စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်း မြို့နယ် အမှတ် (၂)စည်ပင်လမ်းသစ်ရှိ ဘဏ်များအသင်းအဆောက်အအုံ၌ ထွန်းဖောင်ဒေးရှင်း စာပေဆု ၂၀၁၇ အတွက် ကျင်းပသည်။ 

 

ယနေ့  ၁၂ ကြိမ်မြောက်အထိ အောင်မြင်စွာချီးမြှင့်ပေးနိုင်ခဲ့သော ထွန်းဖောင်ဒေးရှင်း ၂၀၁၇ စာပေ ဆုချီးမြှင့်ပွဲတွင် ကဏ္ဍအသီးသီးမှ ဆုရရှိသော စာရေးဆရာကြီး/ဆရာ မကြီးများအား တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

 

ထွန်းဖောင်ဒေးရှင်း စာပေဆုရ သိပ္ပံစာရေးဆရာ ကိုကိုအောင်က

 

“စာရေးဆရာတစ်ဦးအနေနဲ့ အခုလိုဆုရတာကို အလွန်ပဲ ပိတိဖြစ်ပါတယ်။ စာပေဆုလည်းဖြစ်တော့ တန်ဖိုးမြင့်တယ်လို့လည်း ခံစားမိပါတယ်။ အခုရတဲ့စာအုပ်က ဆယ်စုနှစ်တစ်စုစာလောက် အချက်အလက်တွေ စုဆောင်းခဲ့ရတယ်။ 

 

ပထမငါးနှစ်က တော်တော်လေးရုန်းကန်ခဲ့ရတယ်။ ဒုတိယငါးနှစ်ကတော့ အင်တာနက်တွေ ကောင်း လာတဲ့အတွက် အချက်အလက်တွေစုဆောင်းတဲ့အခါမှာ အရင်လောက်အခက်အခဲမရှိတော့ဘူး။ ဒါပေ မယ့် ဒီစာအုပ်ဖြစ်မြောက်ဖို့က ၁၀ နှစ်စာလောက်စုဆောင်းခဲ့ရတယ်။  အိတ်သွန်ဖာမှောက် အကုန်ပေးလိုက်လို့ အခုလိုစာအုပ်ဖြစ်လာတာပါ။ အခုလိုကြိုးစားထားတဲ့စာအုပ်နဲ့ ဆုရတယ်ဆို တော့ စာရေးဆရာတစ်ယောက် အနေနဲ့ရော ပညာရှင်တစ်ယောက်အနေနဲ့ပါ ဝမ်းသာမိတိဖြစ်မိပါတယ်။ 

 

အရင်က ကျွန်ုပ်တို့ပတ်ဝန်းကျင် လျှပ်စစ်ဆိုတဲ့စာအုပ်နဲ့ နယူကလီးယားစွမ်းအင် သဘာဝပတ်ဝန်းကျင် နှင့် ဓာတ်ရောင်ခြည်အန္တရာယ် စာအုပ်နှစ်အုပ်နဲ့ စာပေဗိမာန် ဆုနှစ်ခု ရခဲ့ပါတယ်။ ဒီကနေ့ ထွန်းဖောင်ဒေးရှင်းပေးတဲ့ စာပေဆုကတော့ ဆရာ့အနေနဲ့ တတိယမြောက် ရတဲ့ဆုပါ။ ယနေ့ခေတ်လူငယ်တွေကို ပြောချင်တာက စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့ စကားရှိတာပေါ့။ ယေဘုယျအားဖြစ်တော့ မှန်သော်လည်း စာအုပ်စာပေတိုင်းကတော့ မိတ်ဆွေမဖြစ်နိုင်ဘူး။ 

 

ဒီနေ့အချိန်မှာဆို လောကဓမ္မတာကို ဆန့်ကျင်လှုံ့ဆော်တဲ့စာတွေက အများကြီးဖြစ်လာတယ်။ ရသ စာပေနဲ့ သုတစာပေ နှစ်မျိုးရှိတဲ့ထဲက ရသစာပေဆိုတာ စိတ်နှလုံးကို နူးညံ့သိမ် မွေ့အောင် တိုးတက်ရာ တိုးတက်ကြောင်းတွေကို အားပေးအားမြှောက်ပြုတဲ့ စာပေဖြစ်တယ်။ ဆရာ့အနေနဲ့ ၁၉၇၃ ခုနှစ်ကတလည်းက စာတွေရေးလာခဲ့တယ်။ စာရေးသက် ခုဆိုရင် ၄၄ နှစ်ကျော်ရှိပါပြီ။ စာအုပ်ပေါင်း ၁၀ အုပ်ရေးခဲ့သလို ဆောင်းပါး မြောက်မြားစွာလည်း ရေးခဲ့ပါတယ်။ ဒီနေ့စာပေဆုရတဲ့စာအုပ်က ဆရာ့အနေနဲ့ ကိုးအုပ် မြောက်မှာရခဲ့တာပါ။ စာပေရဲ့ သဘောသဘာဝဟာ ပေးချင်တဲ့ Massage ကို ပရိသတ်ထံ ရောက်အောင်ပေး ဖို့လိုသလို ပရိသတ်ကလည်း ယူတတ်ဖို့လိုတယ်။ အကြောင်းအရာတစ်ခုအပေါ်မှာ ရှုမြင်တတ်ဖို့လည်းလိုတယ်။ ယနေ့ခေတ်လူငယ်တွေအနေနဲ့ စာပေကိုလေ့လာသင့်တယ်၊ ဖတ်ရှုသင့်တယ်၊ အဲဒီထဲကမှ ကောင်းတာ ကိုယူဖို့လိုတယ်။ ဆရာ့အနေနဲ့ ပြောချင်တာက သုတ၊ ရသ နှစ်ဖြာကို မျှတအောင် ဖတ်မှတ်သွားမယ်ဆိုရင် တန်ဖိုးရှိတဲ့လူသားတစ် ယောက်ဖြစ်လာမယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။ 

 

MDN