အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားသမားများ ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိ

ရန်ကုန် ၇ သြဂုတ်

 


ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပမည့်အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့ချုပ်များအား ယမန်နေ့နံနက်က အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ဦးထွန်းမြင့်တို့ သွားရောက်ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြကြောင်း သိရသည်။ 

 


အဆိုပါ ညွှန်ကြားရေးမှူးချုပ်များသည် ရန်ကုန်မြို့အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများကို လည်းကောင်း၊ ကျိုက္ကဆံမြားပစ်ကွင်းရှိ  မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှစခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားသမားများအားလည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်မှ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားမျာအားလည်းကောင်း၊ ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ  စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများအားလည်းကောင်း၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ စခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားသမားများ၏ နေထိုင်၊ စားသောက်၊ လေ့ကျင့်နေမှုများနှင့် စံချိန်များကို ကြည့်ရှုစစ်ဆေးအားပေးကြသည်။        

                                          
ဆက်လက်၍ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးရာ ပြိုင်ပွဲနီးကပ်လာသည့်အတွက် အားကစားသမားများမှ စနစ်တကျနှင့် လေ့ကျင့်သားပြည့်ဝစေရေး လေ့ကျင့်သွားကြရန်  အားကစားသမားများအနေဖြင့် လိုအပ်ချက်များ ရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

 

အေကေလင်း