အကြိမ် (၉၀)အမြောက် သမိုင်းဝင် ဆင်မြတ်ရှင်ဘုရား ဗုဒ္ဓပူဇနိယ မဟာဒုတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပုလဲ ၁၂ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊   ပုလဲမြို့၌  အကြိမ် (၉၀) မြောက် သမိုင်းဝင် ဆင်မြတ်ရှင်ဘုရား ဗုဒ္ဓပူဇနိယ မဟာဒုတ်ပွဲတော်ကို ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့မှ ၅ ရက်နေ့အထိ  စည်ကားသိုက်မြိုက်စွာ  ကျင်းပမည်ဖြစ်ကြောင်း သမိုင်းဝင် ဆင်မြတ်ရှင်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

 

“သမိုင်းဝင် ဆင်မြတ်ရှင်ဘုရားရဲ့ ဗုဒ္ဓပူဇနိယ မဟာဒုတ်ပွဲတော်ကို ၁၂၉၁ ခုနှစ်လောက်က စတင်ကျင်းပခဲ့ရာ ယခုနှစ်ဆိုရင် အကြိမ် (၉၀) မြောက် ရောက်ခဲ့ပါပြီ။ ဆရာ၊ ဒကာ ညီညွတ်စွာဖြင့် လက်တွဲညီညီ ဆောင်ရွက်ခဲ့တာကြောင့် ဘုရား၊ စေတီ၊ တန်ဆောင်းတို့မှာ လျှပ်စစ်မီး၊ ဆလိုက်မီးတို့နဲ့ ခမ်းခမ်းနားနား ဖြစ်နေပါပြီ။ အရင်နှစ်က ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနဲ့ ပုဂ္ဂလိက အလှူရှင်များက လှူဒါန်းတဲ့ သပိတ်လုံးပေါင်း ၅၀ နဲ့ အလှူငွေပေါင်း  သိန်း ၁၈၀ ကျော် ရှိခဲ့ပါတယ်။  အဲဒီ ဆွမ်းသပိတ်လုံးများမှ   လှူဒါန်းတဲ့ ဗုဒ္ဓပူဇာအလှူငွေများနဲ့ ဆရာတော်များအား လှူဒါန်းခြင်း၊ ဘုရားလောင်း ပလလဲတောအုပ်မှာ ဆင်မင်းဘဝက နေထိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်း ပန်းချီကားများ၊ ဆင်ဖြူတော်ရုပ်တုနဲ့ ဇရပ်၊ သာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဘုရားရင်ပြင် ကြွပြေားခင်းခြင်း၊ ထီးတော်နဲ့ ရုပ်ပွားတော် ရွှေချခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဗုဒ္ဓပူဇာ အလှူငွေများကို   မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစုစာအုပ်ပြုလုပ်ပြီး စနစ်တကျ ထိန်းသိမ်းထားရှိပါတယ်” ဟု သမိုင်းဝင် ဆင်မြတ်ရှင်ဘုရားဂေါပက အဖွဲ့ဝင် ဦးညွန့်ဆောင်က ပြောသည်။

 

ပုလဲမြို့၌ ကျင်းပပြုလုပ်မည့် အကြိမ် (၉၀) မြောက် သမိုင်းဝင် ဆင်မြတ်ရှင်ဘုရားဗုဒ္ဓပူဇနိယ မဟာဒုတ်ပွဲတော်တွင် သီတင်းကျွတ် လပြည့်ကျော် ၃ ရက်ညမှ စတင်၍  မြို့ပေါ်ရပ်ကွက်များ၌ မြန်မာ့ဆိုင်းတော် မင်္ဂလာနှင့်တွဲဖက်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ပွဲတော်လာ ဧည့်ပရိသတ်များအား နန်းမြို့တော် မန္တလေးဇာတ်ဖြင့် ဖျော်ဖြေခြင်း၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ ဆွမ်းသပိတ်လုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၏ ဆွမ်းသပိတ်လုံးများ၊ ပုဂ္ဂလိက ဆွမ်းသပိတ်လုံးများ၊ လှူဖွယ်ပစ္စည်းများ၊ ပဒေသာပင်များဖြင့် စီတန်းလှည့်လည်ကာ ဆင်မြတ်ရှင်ဘုရား ရင်ပြင်တော်၌ စုစည်းကြပြီး နံနက် ၁၀ နာရီတွင် ပင့်သံဃာအပါး ၅၀ ကျော်နှင့် ဆင်မြတ်ရှင်ဘုရား၏ မြသပိတ်တော်ကို စာရေးတံ မဲဖောက်၍ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

                                                                                                             

မင်းခန့်စိုး(ဇေယျာမြေ)