အကြိမ်(၄၀)မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ မန္တလေးမြို့၌ ကျင်းပ

မန္တလေး ၂၉ စက်တင်ဘာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့က ကြီးမှူးကာ ပြည်သူလူထုတစ်ရပ်လုံး စက်ဘီးစီးအားကစားနည်းကို စိတ်ပါဝင်စားလာစေရန် ၊ စက်ဘီးစီးခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ လစဉ် နောက်ဆုံးပတ်တွင် စက်ဘီးစီးနင်းပွဲကို ကျင်းပလျက်ရှိသည်။

အကြိမ်(၄၀)မြောက် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ယနေ့နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့ စုရပ်နေရာ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေးသည်။

အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲသို့ တိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိူင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူး ဦးဝေဇင်၊ ဒုတိယတိုင်းဦးစီးမှူးဒုညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်မြို့တို့မှ စက်ဘီးစီးကလပ်အသင်းများမှ စက်ဘီးအားကစားသမားများ၊ အားကာသိပ္ပံမှ စက်ဘီးစီးသမားများ၊ ကျောင်းသားကျောင်းသူများ သက်ကြီး၊ သက်လတ်၊ သက်ငယ်စက်ဘီးစီးအားကစား ဝါသနာရှင်ပြည်သူများ၊ ဝန်ထမ်းများ၊ စုပေါင်းစက်ဘီးစီးနင်း ပါဝင်ဆင်နွှဲခဲ့ကြသည်။

စက်ဘီးစီးအဖွဲ့သည် စုရပ်နေရာမှ ၂၆လမ်းအတိုင်း အနောက်ဘက် ၈၄လမ်း၊ ထိုမှ တောင်ဘက်အတိုင်း ၃၄ လမ်းအထိ၊ ထိုမှ ၇၉ လမ်း၊ ထိုမှ ၂၆ လမ်း၊ ထိုလမ်းအတိုင်း မြို့ပတ်၍ ၂၆ လမ်းကျုံးတောင်ဘက် တာလွှတ်စုရပ်နေရာအထိ စက်ဘီးစီးနင်းကြပြီး ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြသည်။ ထို့နောက်တွင် ကိုယ်လက်လှုပ်ရှားကြံ့ခိုင်မှု လေ့ကျင်းခန်းများ ပြုလုပ်ကြပြီး ဆင်နွှဲပါဝင်ကြသည့် စက်ဘီးစီး အားကစားမောင်မယ် ဝါသနာရှင်ပြည်သူများအား စေတနာရှင်များက ရွိုင်ရယ်ဒီ အားဖြည့်အချိုူရည်ဘူးများ ပေးဝေခဲ့ကြသည်။

အဆိုပါပြည်သူလူထု စုပေါင်းစက်ဘီးစီးနင်းပွဲကို လစဉ် နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပလျက်ရှိရာ မည်သူမဆို အကန့်အသတ်မရှိ မည်သည့်စက်ဘီးနှင့်မဆို ပါဝင်စီးနင်းဆင်နွှဲနိုင်ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)