အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးသူများအတွက် ကြေကွဲဝမ်းနည်းရကြောင်း အဆိုတင်သွင်း

နေပြည်တော် ၁၆  သြဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်က အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးသူ များအတွက် ကြေကွဲဝမ်းနည်းရပါကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်က “၂၀၁၉ ခုနှစ် သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဂုတ်တွင်းလုံခြုံရေးစခန်း၊ တိုးဂိတ်များနှင့် မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်၊ နယ်မြေခံတပ်ရင်း ဌာနချုပ်တစ်ခုတို့အား အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဒဏ်ရာရ၊ သေဆုံးမှုဖြစ်ပြီး အဆောက်အဦ၊ ယာဉ်၊ စက်များနှင့် ဂုတ်တွင်းတံတား ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသဖြင့် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးသူများအတွက် ကြေကွဲဝမ်းနည်း ရပါကြောင်း”  အဆိုကို တင်သွင်းသည်။

 ဦးစတီဖန်က အဆိုတင်သွင်းရာတွင်  တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲစခန်း၊ ကျောက်မဲမြို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်တစ်ခု တို့အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောက်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကနဦး သတင်းများအရ ပြင်ဦးလွင်တွင် တပ်မတော်သား ၁ ဦးနှင့် အရာရှိဇနီး ၁ ဦး ဒဏ်ရာရရှိပြီး အရပ်သားဝန်ထမ်း ၁ ဦး သေဆုံးသည်ဟု ကြားသိရပါကြောင်း၊ ဂုတ်တွင်းရဲစခန်းနှင့် ကျောက်မဲအထွက် နောင်ချိုတိုးဂိတ်တွင် တပ်မတော်သား ၂ ဦးကျဆုံးခဲ့ပြီး အရပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း၊ ဂုတ်တွင်းရဲစခန်းတွင် တပ်မတော်သား ၇ ဦးနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး အရပ်သားယာဉ်မောင်း ၁ ဦးသေဆုံးခဲ့သည်ဟု သိရှိရပါကြောင်း။

သေဆုံး၊ ဒဏ်ရာရ စာရင်းများအနေဖြင့် အပြောင်းအလဲ ရှိနိုင်ပါကြောင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်း ပညာတက္ကသိုလ်အား အဆိုပါကျောင်း၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းမှ (၁၀၇ မမ) ရှော့တိုက်ဒုံးသီးများဖြင့်လည်းကောင်း၊ အေးရှားဝေါတိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါး စစ်ဆေး ရေးဂိတ်တိုအား မော်တော်ယာဉ်တစ်စီးပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသူ ၂ ဦးက အာရ်ပီဂျီဖြင့်လည်းကောင်း၊ ဂုတ်တွင်းရဲစခန်း နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ခံခဲ့ရကြောင်း၊ ပစ်ခတ်ရခြင်းမရှိသေးသည့် ဒုံးများကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည့်အတွက် ထိုဒုံးများ အားလုံးပစ်ခတ်နိုင်ပါက သေကျေပျက်စီးမည်မှာ မတွေးဝံ့နိုင်စရာပင်ဖြစ်ပါကြောင်း၊ ထို့ပြင် ဂုတ်တွင်း တံတားတွင်လည်း ယာဉ်များသွားလာ၍ မရတော့အောင် မိုင်းခွဲဖျက်စီးခံခဲ့ရသည်ဟု ကြား သိရပါကြောင်း။ 

မြန်မာနိုင်ငံ၏ စီးပွားရေးလမ်းမကြီးဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယခုကဲ့သို့ နှောက်ယှက်ပစ်ခတ် တိုက်ခိုက်မှုသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်အကျိုးစီးပွားတို့အတွက် များစွာထိခိုက် လာပါကြောင်း၊ တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ် ကြေညာထားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးကာလအတွင်း ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် များစွာ ထိခိုက်သည်ကို အားလုံးသိပြီးဖြစ်ပါကြောင်း၊ တပ်မတော်ဘက်မှ စတင်တိုက်ခိုက်မှုမျိုးကို ရှောင်ရှားခဲ့ပြီး ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန်နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှုများကို ဖော်ထုတ် ဖမ်းဆီးမှုလုပ်ငန်းများသာ လုပ်ဆောင်လျှက်ရှိသည်ဟု သိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ယခု အကြမ်းဖက်တိုက်ခိုက်မှုအား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားကို မျှော်ကိုးပြီး လက်ရှိအစိုးရအပေါ် ပြည်သူလူထုမှ ယုံကြည်ကိုးစားစေရန် ဆောင်ရွက်သင့်သည်ဟု ထင်မြင်ယူဆပါကြောင်း။

ယခုကဲ့သို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့်  AA ၊ TNLA ၊ MNDAA အဖွဲ့များအား အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုအကျိုးစီးပွားအတွက် လိုအပ်သည့် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများ အတွက် ကြေကွဲဝမ်းနည်းစွာ အဆိုတင်သွင်းပါကြောင်းပြောကြားသည်။

ထို့နောက် မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစဲကီကော်က ဦးစတီဖန်၏ အဆိုကို ထောက်ခံဆွေးနွေးပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် ဖားဆောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၏ “ဖားဆောင်းမြို့နယ် မော်ချီးဒေသ လိုခါးလို ကွက်သစ် အမှတ် (၃) လုပ်ကွက်အတွင်းရှိ သတ္တုကျင်းများကို အရေးပေါ်အမြန်ဆုံး ပိတ်သိမ်းပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ဖားဆောင်းမြို့နယ် မော်ချီးဒေသ လိုခါးလိုကွက် သစ်အမှတ် (၃) လုပ်ကွက်အတွင်းရှိ ဒေသ အခေါ်အဝေါ်အရ ပေါင်မုန့်တုံး ပုံစံကျောက်တောင်အောက်တွင် သတ္တုတူးဖော်ထုတ်လုပ်နေသူများသည် လက်ရှိခွင့်ပြုချက် ရရှိထားသည့် ကုမ္ပဏီကမဟုတ်ဘဲ ဒေသခံအချို့နှင့် ရွှေ့ပြောင်းလုပ်သားများက တားမြစ်ခြင်းကို မလိုက်နာဘဲ တဲငယ်များထိုး၍ ဝင်ရောက်နေထိုင်ပြီး တရားမဝင် သတ္တုတူးဖော်နေမှုများကြောင့် မြေပြိုကျမှု ဘေးအန္တရာယ် ကင်းဝေးစေရန်အလို့ငှာ ဒေသအာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီတို့ပူးပေါင်းကာ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် ထိခိုက်မှုဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ပေါင်မဲဆန္ဒနယ်မှ မိကွန်ချမ်း၏ “ပေါင်မြို့နယ်အတွင်းရှိ ရေစီးရေလာ ကောင်းမွန်သောချောင်း၊ မြောင်းများကို မြေဖို့ကျူးကျော်ပြီး အကွက်ချရောင်းချခြင်းကြောင့် သဘာဝအရင်းအမြစ်များ ပျောက်ဆုံးသွားနိုင်သည့်ဘေးမှ မည်သို့ကာကွယ် ထိန်းသိမ်းပေးရန်နှင့် ကျူးကျော်သူများကို ဥပဒေနှင့်အညီ မည်သို့ထိရောက်စွာ အရေးယူမည်တို့ကို သိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မွန်ပြည်နယ် ပေါင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ချောင်းနှင့် မြောင်းများ၏ မူလဧရိယာပေါ်သို့ ရေစီးရေလာ နှောင့်နှေးစေသည့် တိုးချဲ့ကျူးကျော် ဆောက်လုပ်ထားသော နေအိမ်များ၊ အိမ်ခြံမြေများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ကျူးကျော်ရှင်းလင်းရေး မြို့နယ်ကြီးကြပ်မှုကော်မတီကို ပေါင်မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီက ဖွဲ့စည်းတာဝန်ပေးအပ်ထားပါကြောင်း။ 

 အဆိုပါကော်မတီသည် ချောင်း၊ မြောင်းများ၏ မူလဧရိယာပေါ်သို့ တိုးချဲ့ကျူးကျော် ဆောက်လုပ်ထားသော နေအိမ်များ၊ အိမ်ခြံမြေများကို ရှင်းလင်းဖယ်ရှား အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး  ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ သဘာဝရေအရင်းအမြစ်များ၊ မြစ်၊ ချောင်း၊ မြောင်း ပျောက်ဆုံးသွားနိုင်သည့်ဘေးမှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်ရေးအတွက် မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းညှိနှိုင်း၍  အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့ပြင် စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ “စေတုတ္တရာမြို့၌ ဆီမီးချောင်းရေ တိုက်စားနစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် ရေကာတာ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြားသည်။

အလားတူ ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုး၏ “ဗန်းမောက်-ဝန်းသို မြို့နယ်ချင်းဆက် လမ်းပေါ်တွင်ရှိသော အောင်သာကုန်းချောင်းကူးတံတား၊ ကန်တော်ရွာအနီး သဲဖြူချောင်းကူးတံတား နှင့် မင်းကုန်းရွာအနီး ချောင်းကူးတံတားများအား မည်သို့စီမံချက်ချမှတ်၍ ဆောင်ရွက်ပေးမည်ကိုသိလိုခြင်း” မေးခွန်း၊ မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၏ "မိုင်းရယ်မြို့နယ်အတွင်း လမ်းအပိုင်းများနှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာဌာနမှ နှစ်အလိုက်ပြီးစီးရန် လျာထားချက်နှင့် အစီအစဉ်များ မည်ကဲ့သို့ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်း” မေးခွန်း၊ ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်ထိစပ်လျက်ရှိသည့် ဒေသများရှိ ပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လက်တွေ့ကျသည့် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် မက်မန်းမဲ ဆန္ဒနယ်မှ ဦးတင်အေး၏ “မက်မန်း မြို့နယ်ရှိ နမ့်ကျွတ်-ပန်ကောက်-ရောင်ပန် ကျေးရွာများတွင် ကျေးရွာချင်းဆက် မြေသားလမ်း (၁၂) မိုင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်က “စက်မှု ဇုန်ဥပဒေကြမ်း” အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက “စက်မှုဇုန်ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း တင်သွင်းသည့် “ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုကြောင့် ၂၀၁၉ ခုနှစ် နွေရာသီတွင် ထူးခြားစွာဖြစ်ပေါ်ခဲ့သော ရာသီဥတုပြောင်းလဲလာမှုနှင့် အပူချိန်မြင့် တက် လာမှုဖြစ်စဉ်များကို သုံးသပ်ပြီး အနာဂတ်နိုင်ငံတော်နှင့် နောင်မျိုးဆက်များအပေါ် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် အကျိုးစီးပွားဖြစ်ထွန်းစေရေးတို့အတွက် သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက်ပျက်စီးနိုင်သော အခြေအနေများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးကာကွယ်ပြီး ပြန်လည်ထူထောင် အားဖြည့်ခြင်းလုပ်ငန်းများအား စနစ်တကျအရှိန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း”အဆိုနှင့်စပ်လျဉ်း၍ စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာကြည်မို့မို့လွင်က မိမိတို့ခံစားနေရသည့် သဘာဝဘေးဒုက္ခများကို နောက်မျိုးဆက်များ ဆက်လက်မခံစားရစေရန် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသည့်ကိစ္စများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးကာကွယ်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် စီမံကိန်းများကို ပြန်လည်သုံးသပ်ခြင်း၊ အနာဂတ်စီမံကိန်းများ ပြန်လည်ထူထောင်ပေးရမည့် ကုန်ကျငွေတို့ကို သေချာစွာချိန်ဆပြီး မှန်ကန်သောစေတနာဖြင့် အဂတိကင်းရှင်းစွာဖြင့် ဆောင်ရွက်သင့်ပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်အားဖြည့်ခြင်း လုပ်ငန်းများကို စနစ်တကျ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးမင်းဇာနည်ထွေးက နိုင်ငံတစ်နိုင်ငံ၏ အခြေခံ သယံဇာတသည် ရေ ၊ မြေ၊ တော၊ တောင်နှင့် ရာသီဥတုတို့ဖြစ်ပါကြောင်း၊  တော၊ တောင်များ ပျက်စီးပါက မြေလည်းပျက်၊ ရေလည်းပျက်ကာ  ရာသီဥတုဟုလည်း ဖောက်ပြန်လာမည်ဖြစ်ပါကြောင်း၊ သစ်တော သစ်ပင်များသည် လူသားများအပါအဝင် သက်ရှိများအား အရိပ်အာဝါသခိုလုံရာ၊ အစားအစာနှင့် စွမ်းအင်တို့ကို ပေးနေရုံသာမက သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေး၊ ထိန်းသိမ်းရေး၊ ရာသီဥတု ညီညွတ်မျှတရေးတို့အတွက်လည်း အဓိက အထောက်အကူပြုလျက် ရှိသည့်အတွက် သစ်ပင်၊ သစ်တောများ စိုက်ပျိုးထိန်းသိမ်းရန်သည် လူသားတိုင်း၏ တာဝန်ဖြစ်ပါကြောင်း။

 ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ နိုင်ငံသားများအနေဖြင့် နိုင်ငံပိုင်သစ်တောပြုန်းတီးနေမှုကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် သစ်များတရားမဝင် ခိုးထုတ်ခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း၊ သစ်တောများအတွင်း ကျူးကျော်ဝင်ရောက်၍ စိုက်ပျိုးမြေတိုးချဲ့ ဆောင်ရွက်ခြင်း၊ မြို့ရွာများတိုးချဲ့ခြင်း၊ ထင်း၊ မီးသွေး၊ လောင်စာများထုတ်ယူခြင်း စသည်တို့ကို လျော့ပါးသွားအောင် စီမံချက်များ စနစ်တကျ ရေးဆွဲရန်လိုအပ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းကူညီ ပါဝင်ဆောင်ရွက်လာစေရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်အတွင်း တရားဝင်နှင့် တရားမဝင်သစ်ခုတ်၊ သစ်ထုတ်လုပ်မှုများကြောင့် သစ်တော သစ်ပင်များ လျော့နည်းမှုများကို ပြန်လည်ဖြည့်တင်း စိုက်ပျိုးနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ တရားမဝင် သစ်ခိုးထုတ်မှုများကိုလည်း ထိရောက်စွာ ဟန့်တားအရေးယူဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် အရေးကြီးကိစ္စတစ်ရပ်အဖြစ် ခံယူကာ နိုင်ငံတော်၊ တပ်မတော်၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပြည်သူလူထုများ ပူးပေါင်းလက်တွဲပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ စနစ်တကျ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာ သန်းအောင်စိုး၊ မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၊  ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊  တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့က ဆွေးနွေးကြသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာ တစ်ခုဖြစ်သည့်အားလျော်စွာ ကြီးမားကျယ်ပြန့်သည့်အတွက် ဖြေရှင်းဆောင်ရွက်ရာတွင် ကာဗွန် ထုတ်လုပ်မှုမြင့်မားစေမည့် လူတစ်ဦးချင်းစီ၏ အမူအကျင့်နှင့် နေထိုင်မှုပုံစံကို ပြောင်းလဲရန် လိုအပ်သကဲ့သို့ ရန်ပုံငွေ အမြောက်အမြားသုံစွဲရန်နှင့် နည်းပညာများလည်း လိုအပ်လျက်ရှိပြီး အချိန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းမျိုး ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီ အစဉ်များနှင့်အညီ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်သူလူထုများက တက်ကြွစွာ ပူးပေါင်းပါဝင်ပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်မှသာ ပိုမိုအောင်မြင်နိုင်မည် ဖြစ်ပါသဖြင့် အဆိုကို လွှတ်တော်က အတည်ပြုပေးပါရန် ရှင်းလင်းပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အဆိုကို အတည်ပြုကြောင်း ကြေညာပြီး အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ရပ်နားလိုက်သည်။

သတင်း- မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထိုက်ထိုက်