အကြမ်းဖက်ဝါဒ အခြေချမလာရအောင်

mdn

နေြပည်တော် ၃၀ အောက်တိုဘာ

 

အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ ဘဂ္ဂဒါဒီ၏ ရုပ်ကြွင်းများကို သမုဒ္ဒရာရေသင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းဖြင့် အကြမ်းဖက် ခေါင်းဆောင်တစ်ဦး နိဂုံးချုပ်ခဲ့ပြန်ပြီ ဖြစ်သည်။ အစ္စလာမ္မစ် ခါလီဖိတ်နိုင်ငံတော်ကြီး တည်ထောင်မည် ဟုဆိုကာ ကမ္ဘာအရပ်ရပ်မှ လူသူများကိုစုရုံးပြီး အကြမ်းပတမ်းတိုက်ခိုက်မှုများ၊ မြို့ရွာများနှင့် ယဉ်ကျေးမှုအမွေ အနှစ်များစွာတို့ကို ဖြိုချဖျက်ဆီးမှုများ၊ လူပေါင်းများစွာတို့ကို အရက်စက်ဆုံးနည်းလမ်းများဖြင့် သတ်ဖြတ်ပြမှု များကြောင့် ကမ္ဘာ့အသိုင်း အဝိုင်းတစ်ခုလုံး တုန်လှုပ်ချောက်ချားခဲ့ကြရသည်။ ဘာသာရေးကို အကြောင်းပြ၍ စည်းရုံးခဲ့သော်လည်း ၎င်းနှင့် ၎င်း၏အဖွဲ့က ဘာသာတရား၏ စစ်မှန်သောပုံရိပ်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုသာ အကဲဖြတ်ခံခဲ့ရပြီး အဖွဲ့လည်းပြိုကွဲကာ ကစဉ့်ကလျားဖြစ်ခဲ့သလို အဖွဲ့ခေါင်းဆောင်မှာလည်း ကမ္ဘာပေါ်မှ ထာဝရပျောက်ကွယ်သွားခဲ့ပြီးဖြစ်ရာ အကြမ်းဖက်မှုဖြင့် အစဉ်အမြဲ အနိုင်မရနိုင်ဘဲ အချိန်တန်ပါက ကျရှုံးရသည့် သဘောကို စောကြောဖွယ်ရာပင် ဖြစ်သည်။

 

အကြမ်းဖက်ဝါဒကို ကိုင်စွဲကြသူများက ၎င်းတို့၏ နိုင်ငံရေး၊ ဘာသာရေး၊ အယူဝါဒရေး၊ လူမျိုးရေး အစရှိသည့် ရည်မှန်းချက် တစ်ခုခုတို့ကို အကောင်အထည်ဖော်ရန်အတွက် အကာအကွယ် မဲ့သူများ၊ အထူးသဖြင့် သာမန်အရပ်သား ပြည်သူများကို ပစ်မှတ်ထားကာ အကြောက်တရား သွတ်သွင်းသည့်အနေဖြင့် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများသုံးစွဲ၍ တိုက်ခိုက်ခြိမ်းခြောက် ကြခြင်းဖြစ်သည်။ အကြမ်းဖက်ဝါဒနှင့် စပ်လျဉ်း၍ အဓိပ္ပာယ် ဖွင့်ဆိုမှုများစွာရှိသော်လည်း ဘုံသဘောတူညီမှုမှာမူ ရက်စက်ကြမ်းကြုတ်သည့်နည်းလမ်းများကို သုံးစွဲခြင်းနှင့် အကာအ ကွယ်မဲ့ သူများကို ပစ်မှတ်ထားခြင်းတို့ပင် ဖြစ်သည်။

 

အကြမ်းဖက်ခြင်းက လူ့အသိုင်းအဝိုင်းကို တုန်လှုပ်ချောက်ချားစေခြင်းဖြင့် အလိုရှိရာရည်မှန်း ချက်ကို ရယူနိုင်ရန် ရည်ရွယ်သော်လည်း ရေရှည်တွင် အောင်ပွဲမရနိုင်ကြောင်း ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် သာဓကများကို တွေ့မြင် ခဲ့ကြရပြီး ဖြစ်သည်။ လူသားတို့၏ ပင်ကိုသဘောမှာ အကြမ်း ဖက်ခြင်းကို မနှစ်မြို့ သလိုပင် အကြမ်းဖက်ခြင်းနှင့်အတူ ပေါက်ဖွား လာသည့်ကြောက်ရွံ့ထိတ်လန့်မှု၊ မုန်းတီးစက်ဆုပ်မှုတို့ကိုလည်း လိုလားလက်ခံလေ့မရှိကြ။ လိုလား လက်ခံသည်ဟု ဆိုသူမျိုးတို့သည်လည်း ပုံမှန်စိတ်အခြေအနေမရှိသူ၊ ဆင်ခြင်တွေးခေါ်နိုင်စွမ်း မရှိသူများသာလျှင် ဖြစ်ကြသည်။ လူ့ကျင့်ဝတ်နှင့် လူ့စံနှုန်းတို့ ကျိုးပျက်နေသူ တစ်နည်းအားဖြင့် လူမဆန်သူများသာလျှင် ဖြစ်ကြသည်။ လူ့အသိုင်းအဝိုင်းက အကြမ်းဖက်မှုကို လက်မခံ သည့်အခါ အကြမ်းဖက်နည်းလမ်းကို ကျင့်သုံးသူသည် အချိန်တန် လျှင် ရှုံးနိမ့်ရစမြဲသာလျှင် ဖြစ်သည်။

မိမိတို့နိုင်ငံသည် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုနှင့် မကင်းသောနိုင်ငံ ဖြစ်သည်။ လူမျိုးရေး၊ ဘာသာရေး အယူအစွဲ တို့ဖြင့် မြန်မာ့လူ့အဖွဲ့အစည်းကို အကြမ်းဖက်တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်မှုများရှိနေကြောင်း သတိပေးမှု များရှိခဲ့သလို ပြည်ပမှ အကြမ်းဖက်သမားများ ဝင်ရောက်မလာစေရေး ကာကွယ်တားဆီးမှုများ၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်မှုများ ရှိကြောင်းလည်း သိရသည်။ အကြမ်းဖက်လုပ်ရပ်နှင့် အကြမ်းဖက်ဝါဒတို့က အရပ်ဘက်ပစ်မှတ်များကို ဦးတည်လေ့ ရှိသည့်အလျောက် မိမိတို့နိုင်ငံအတွင်း၊ မိမိတို့လူ့အသိုင်း အဝိုင်းအတွင်း အကြမ်းဖက်ဝါဒ လာရောက်အခြေချ အမြစ်တွယ်မလာရေး၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ် မလာရေးအတွက် ဝိုင်းဝန်း ကာကွယ်တားဆီးနိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း