အကျဉ်းထောင်ထဲက မြတ်သောဆရာ

မန္တလေး ၂၀ ဇွန်

မန္တလေးဗဟိုအကျဉ်းထောင်ကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူတွေကို အခုလ ၁၈ ရက် ဂုဏ်ပြုပွဲပြုလုပ်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့တဲ့ အကျဉ်းသားတွေအတွက် ဝမ်းမြောက်ပျော်ရွှင်စရာ နေ့တစ်နေ့ပဲဖြစ်ပါတယ်။

အကျဉ်းထောင်ထဲကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသားတွေလိုပဲ သူတို့ကို ထူးထူးချွန်ချွန် အောင်မြင်မှုတွေရလာအောင် သင်ကြားပေးခဲ့တဲ့ ကျောင်းဆရာ အကျဉ်းသားတွေလည်း ပျော်ရွှင်ကျေနပ်ရတဲ့ နေ့တစ်ခုပါ။

‘ဂုဏ်ထူးမထွက်ခင်က ကျွန်တော့်မျက်နှာကိုတောင်မကြည့်ချင်ကြဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က သူတို့ ကိုတအားဆူတယ်။ သူတို့ကိုဖြစ်စေချင်လို့လေ။သူတို့ဂုဏ်ထူးထွက်သွားတဲ့အခါ မျက်ရည်စက်လက်နဲ့ ကျေးဇူးတင်ပါတယ်ဆရာဆိုပြီးပြောတော့။ အဲဒီပီတိလေးတွေပဲကျွန် တော်တို့စားရတာ’ဟု အကျဉ်းသားတွေကို စာသင် ပေးနေတဲ့ ကျောင်းဆရာ အကျဉ်းသား ဦးသန်းထွန်းအောင်က ပြောသည်။

မန္တလေးဗဟိုအကျဉ်းထောင်တွင် ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားနေသူ ၁၃၅ ယောက်ရှိ ပါတယ်။ အကျဉ်းထောင်ထဲကို အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ကျောင်းဆရာ ၈ ဦးရှိပါတယ်။ အချို့က ပြင်ပမှာ ကျောင်းဆရာအဖြစ် လုပ်ကိုင်နေရာက မူးယစ်ဆေးဝါးကြောင့် အကျဉ်းထောင်ထဲရောက်လာတာရှိသလို အကျဉ်းထောင်ထဲကိုရောက်မှ ပညာသင်ကြားပေးလိုတဲ့စိတ်ကြောင့် ကျောင်းဆရာ ဖြစ်လာတာ တွေရှိပါတယ်။

အသက် ၄၀ အရွယ်ဦးသန်းထွန်းအောင်ကတော့ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျနေရာကနေ ပညာဒါနပေးချင်တာကြောင့် အကျဉ်းသားကျောင်းသားတွေကို ပညာသင်ပေးခဲ့ပါတယ်။ အချို့ကတော့သူကို ကျောင်း အုပ်လို့ခေါ်ကြတယ်။

‘အကျဉ်းကျတဲ့အခါမှာ ဘာတွေလုပ်ပေးရမလဲ။ ကုသိုလ်ရေးဘာရှိလဲဆိုပြီကြည့်လိုက်တယ်။ ဒီကလေးတွေကို တက်နိုင်သလောက်လုပ်ပေးလို့ရတယ်ဆိုပြီးလုပ်ပေးတာ။ ကျွန်တော်ဒီထောင်ကို ရောက်တဲ့အချိန်မှာ တက္ကသိုလ်ဝင်တန်းကျောင်းသားသုံးယောက်ပဲရှိတယ်။ မဖြစ်သေးဘူး ငါမှတ်တိုင်တစ်ခုထူမယ်ဆိုပြီး ကျောင်းသား တွေ တက္ကသိုလ်ဝင်တန်းကျောင်းသားတွေကို အောင်မြင်အောင်သင်ကြားပေးခဲ့တယ်’လို့ ဦးသန်းထွန်းအောင် ကပြောပါတယ်။

ဦးသန်းထွန်းအောင် ၂၀ဝ၃ - ၂၀ဝ၄ ခုနှစ်မှာ ကွန်ပျူတာတက္ကသိုလ်ဘွဲ့ရရှိခဲ့တယ်။ သူကအပြင်မှာ စာသင်ကြားတဲ့ အတွေ့အကြုံအများကြီးမရှိပေမယ့် တက္ကသိုလ်တက်စဉ်က နဝမတန်း ၊ ဒသမတန်းကျောင်းသား တွေကို Study Guide အနေဖြင့် စာပြပေးခဲ့ဖူးတယ်။

သူဟာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်မှာနေထိုင်ပြီး မိဘဖြစ်သူတွေက ကားဘော်ဒီ လုပ်ငန်းလုပ်တယ်လို့သိရပါတယ်။ တက္ကသိုလ်က ဘွဲ့ရပြီးနောက်မှာတော့ သင်္ဘောလိုက်ခဲ့တယ်။ သင်္ဘောပေါ်မှာ ၁၀ နှစ်ခန့် အလုပ်လုပ်ပြီး ပြန်လာတဲ့အချိန်မှာ လက်ကိုင်ဖုန်းအရောင်းဆိုင်တစ်ဆိုင်ဖွင့်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အပေါင်းအသင်းမှားပြီး မူးယစ်ဆေးဝါးကို တစ်နှစ်ကျော်ခန့်သုံးစွဲဖြစ်ခဲ့တယ်။ မူးယစ်ဆေးဝါးရဲ့ နောက်ဆက်တွဲလို့ ဆိုရမယ့် လုယက်မှု ၊ ပစ္စည်းလက်ခံမှုနဲ့ပြစ်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

‘ဒီနွံထဲကိုကျွံသွားတော့ ကျွန်တော်ပြန်ထွက်လို့မရတော့ဘူး။ ဒီထဲကကလေးတွေက မူးယစ်ဆေးဝါးနဲ့ ပြစ်မှုအမျိုးမျိုးကျလာတဲ့ ကလေးတွေ့ပဲတွေ့ရတယ်။ လူသတ်မှုကစပြီး ၊ ခိုးမှု ၊ အကုန်လုံးက မူးယစ်ဆေးဝါးနဲ့ နွယ်ပြီး ရောက်လာကြတာများတယ်။ ဒီကလေးတွေ မူးယစ်ဆေးဝါးမသုံးမိအောင်၊ ကျွန်တော်က စံပြအနေနဲ့ပြပြီး မင်းတို့ဆရာက ဒီလိုတွေသုံးခဲ့လို့ဖြစ်တာ။ မင်းတို့နောင်တရကြတော့ အပြင်ထွက်တဲ့အခါ ထောင်ထဲကနေ ရင်ကော့ပြီးထွက်ရအောင် လုပ်သွားကြဆိုပြီး သင်ပေးတယ်’လို့ ဦးသန်းထွန်းအောင်က ဆိုပါတယ်။

သူကိုယ်တိုင်မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ခဲ့ပြီး ဘဝပျက်ခဲ့ရတဲ့အတွက် အကျဉ်းကျခံနေရတဲ့ တပည့်ကျောင်းသားတွေကို သူ့လိုမဖြစ်စေချင်တဲ့ စိတ်အရင်းခံနဲ့ပါလို့ ဦးသန်းထွန်းအောင်က ဆက်ပြောပါတယ်။ ‘သင်တဲ့နေရာမှာ ကလေးတွေက စာနဲ့တော်တော်ဝေးတယ်။ဝေးတဲ့အခါ ကလေးတွေကို လေ့ကျင့်မှု အကြိမ်ရေများအောင် လုပ်ပေးတယ်။တချို့ကလေးတွေက မူးယစ်ဆေးဝါးတွေသုံးထားကြတယ်။ အကျင့် စာရိတ္တတွေ၊ စိတ်ဓာတ်စည်းကမ်း ပညာနဲ့သင်ကြားပေးတယ်’လို့ သင်ကြားမှုအပိုင်းကို ဦးသန်းထွန်းအောင်က ရှင်းပြပါတယ်။

စိတ်ဓာတ်ကျနေတဲ့ကလေးတွေကို စိတ်ဓာတ်ခွန်အားတွေရှိလာအောင်၊ အကျင့်စာရိတ္တပိုင်း ပြုပြင်ရမယ့် ကလေးတွေကို အကျင့်စာရိတ္တတွေပြုပြင်လာအောင်လည်း သင်ကြားပေးခဲ့တယ်။ စာသင်ချိန်၊ စာကျက် ချိန်တွေကိုလည်း စည်းကမ်းရှိရှိကျက်မှတ်စေတယ်။ အကျဉ်းထောင်ထဲက ကျောင်းသားတွေဟာ ပြင်ပကျောင်းသားတွေထက် စာကျက်ချိန်ပိုရကြတယ်လို့ ဆက်ပြောပါတယ်။

ဦးသန်းထွန်းအောင်ဟာ မြန်မာ ၊ သင်္ချာ ၊ အီကို ဘာသာရပ်တွေကို အဓိက သင်ကြားပေးနေပြီး၊ ပြင်ပက ပညာဒါနသင်ကြားတဲ့ ဆရာတွေ မလာသေးခင်ကာလမှာ ဘာသာရပ်တိုင်းကို သင်ကြားပြသပေးပါတယ်။ ကျောင်းသားတွေစာကျက်ဖို့အတွက် ဆူငေါက်တာရှိသလို တခါတရံမှာ ဆရာတစ်ယောက်က တပည့်ကို စာသင်တဲ့ပုံစံမျိုးထက် အကူအညီတောင်းတဲ့ပုံစံနဲ့ သင်ကြားပေးပါတယ်။

‘သွန်သင်မှုပိုင်းမှာ အကူညီတောင်းတဲ့ပုံစံနဲ့သွားတယ်။ ဆရာ့ကိုကူညီပါကွာ မင်းတို့ဒီလိုလေးလုပ်ရင် မိဘတွေစိတ်မချမ်းသာဘူးလား။ မင်းက ဒီလိုကျောင်းဝတ်စုံလေး ဝတ်ထားတာမြင်တော့ ထောင်ဝင်စာလာတွေ့ တဲ့ မိဘတွေက စိတ်မချမ်းသာဘူးလား။ မင်းအမေကျေးဇူးကိုမဆပ်နိုင်ဘူးလား’ဆိုပြီး သင်ကြားပေး တယ်လို့ ဦးသန်းထွန်းအောင်က ပြောပါတယ်။

အကျဉ်းထောင်အတွင်းက ကလေးတွေဟာ ဆိုးသွမ်းတဲ့ကလေးတွေမဟုတ်ပဲ မိဘနဲ့ဝေးကွာနေတဲ့ ကလေးတွေသာဖြစ်ပြီး သင်ကြားမှုကို ဂရုတစိုက်နားထောင်တက်ကြတယ်လို့ ဆိုပါတယ်။

မန္တလေးဗဟိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကစပြီး စာစစ်ဌာနထားရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၁၁ ယောက်ရှိပြီး ၇ ယောက်အောင်မြင်ခဲ့တယ်။ အဲဒီအထဲက ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တဲ့အကျဉ်းသား ၅ ဦးကို နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်။

ဒီလိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဟာ နောက်ထပ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသားတွေအတွက် မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ‘အခုကလေးတွေကိုလွှတ်ပေးတယ်။ လွှတ်ပေးတဲ့အတွက် ပိုပြီးထိန်းကျောင်းလို့ ကောင်းတယ်။ မနှစ်က လွတ်ပေးတဲ့အတွက် နောက်နှစ်ကလေးတွေက ဂုဏ်ထူးထွက်ရင်လွတ် မယ်ဆိုတဲ့ အသိနဲ့ ကြိုးစားကြတယ်။ အဲဒါက ကျွန်တော်တို့အတွက် အားတစ်ခုပဲ’လို့ ဦးသန်းထွန်းအောင်က ဝမ်းသာအားရဆိုပါတယ်။

ဒါကြောင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ မန္တလေးဗဟိုအကျဉ်းထောင်မှာ စာမေးပွဲဖြေဆိုသူ ၅၀ ကျော်အထိရှိ လာခဲ့ပါတယ်။ သုံးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူလေးဦး ၊ နှစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူလေးဦး ၊ တစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ ၁၃ ဦး ရှိခဲ့ပါတယ်။

‘တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မယ်လို့ထင်မထားဘူး။ ဂုဏ်ထူးပါတယ်လည်း ကြားရော အရမ်းဝမ်းသာသွားတယ်။ သင်ကြားပြသပေးတဲ့ဆရာတွေရော၊ ထောင်ကတာဝန်ရှိသူ တွေကိုလည်းကျေးဇူး တင်ပါတယ်’လို့ သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ မောင်ထက်ဆန်းစစ်က ပြောပါတယ်။

ဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးသလို ပညာသင်ကြားပေးတဲ့ဆရာတွေကိုလည်း အကျဉ်းထောင် ဥပဒေအရ လျှော့ရက်များသတ်မှတ်ပေးထားပါတယ်။

‘သင်ကြားပေးတဲ့ဆရာတွေအတွက်ခံစားခွင့်ကတော့ ဥပဒေမှာရှိပါတယ်။ သီးခြားအစီစဉ်အနေနဲ့ကတော့ ကျွန်တော်တို့ အဆင့်နဲ့ပြောလို့မရဘူး။ စာသင်ကြားတဲ့ ကလေးတွေဆို လျော့ရက်က ဘယ်လိုဆိုပြီး ဥပဒေမှာ ပြဌာန်းပြီးသားပါ’လို့ မန္တလေးဗဟို အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်း က ပြောသည်။ ဦးသန်းထွန်းအောင်ကတော့ ကျောင်းသားတွေကိုစာသင်ပေးလို့ လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက် ဘယ်တုန်းကမှမထားဖူးပါဘူး။

‘ကလေးတွေကိုဒီလိုသင်ပေးလို့ လွတ်ဖို့ဆိုတာကို ကျွန်တော်မျှော်မှန်းမထားပါဘူး။ ဒါကကျွန်တော်ရဲ့ သစ္စာ စကားပါ။ ကျွန်တော်ရဲ့ ကုသိုလ်ကောင်းမှုပေါ့’လို့ ဆိုပါတယ်။သူဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၁ နှစ်ကျခံရတာဖြစ်ပြီး အခုဆိုရင် သူလွတ်မြောက်ဖို့ အတွက် ၅ နှစ်ကျော် ကျန်သေးတယ်လို့ သိရပါတယ်။ သူထောင်က လွတ်လာရင် သူ့ရဲ့သားလေးအတွက် ရည်မှန်းချက်တွေ လည်းရှိတယ်။ သူ့ကိုယ်တိုင်လည်း ရည်မှန်းထားတဲ့ စိတ်ကူးတွေရှိပါတယ်။ သူ့ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

‘လွတ်ခဲ့သည်ရှိသော် ပရဟိတ လုပ်မယ်စိတ်ကူးထားတယ်။ သုံးနှစ်ရှိပြီဆိုတော့ ကျောင်းဆရာလုပ်လာတာ သင်ကြားရေးဆရာဆိုတဲ့စိတ်က စွဲသွားတယ်။ ကလေးတွေကိုကြည့်ပြီးသွန်သင်ဆုံးမချင်တယ်’။

အိမို့မို့ခိုင်