အကယ်ဒမီမင်းသားကြီးများ ပရဟိတသက်မွေးသင်တန်းကျောင်း ဖွင့်လှစ်

ရန်ကုန် ၃ မတ်

 

အကယ်ဒမီခန့်စည်သူ ဦးဆောင်မှုဖြင့် “အလင်းပြကောင်းကင်” ပရဟိတအဖွဲ့မှ တည်ထောင်သော အလင်းပြကောင်းကင်  ပရဟိတ ဒီဇိုင်နာ အသက်မွေးသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် ဓမ္မဝိဟာရကျောင်းတိုက် ရူပဂုဏ်ရည်ကျောင်းဆောင်၌ ကျင်းပရာ အကယ်ဒမီမင်းသားကြီးများ ဖြစ်ကြသည့်  အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီလူမင်း၊ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းနှင့် ညွှန်ကြားရေးမှူး အငြိမ်းစား ဦးရဲမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


“ကျွန်တော်တို့ အလင်းပြကောင်းကင် ပရဟိအဖွဲ့အနေနဲ့ ငွေကြေးလှူတာထက် အတတ်ပညာရပ်တစ်ခုခု လှူဒါန်းတာ ပိုကောင်းတယ်လို့ ခံယူဆုံးဖြတ်ပြီး ဒီသင်တန်းကျောင်းကို စတင်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် အမျိုးသမီးတွေကို အဆင့်မြင့်တဲ့ စက်ချုပ်ဒီဇိုင်နာ အတတ်ပညာတွေ အခမဲ့ သင်ကြားပေးမှာဖြစ်လို့ အမျိုးသမီးတွေရဲ့ လူမှုဘဝ မြင့်မားတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု အကယ်ဒမီ ခန့်စည်သူက ပြောသည်။


သရုပ်ဆောင် အကယ်ဒမီခန့်စည်သူသည် အဆိုပါကျောင်းတိုက်၌ ၂၀ဝ၆ ခုနှစ်ကတည်းက နှစ်ထပ်သိမ်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ပြီးနောက် လေးထပ်ကျောင်းဆောင် နှစ်ခုနှင့် သုံးထပ်ကျောင်းဆောင် သုံးခုတို့ကိုလည်း  ခုနစ်ရက်သားသမီးများ ပေါင်းစုလှူဒါန်းငွေဖြင့် ဦးဆောင်ကာ ဆောက်လုပ်လှူဒါန်းခဲ့သည့်အပြင် ၂၀ဝ၈ ခုနှစ်က ၎င်းကျောင်းတိုက်၌ ပရဟိတ ဘုန်းတော်ကြီးပညာရေး မူလတန်းလွန်ကျောင်းကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


“ကျွန်တော်တို့ ဒီပရဟိတ သက်မွေးသင်တန်းကျောင်းမှာ သင်တန်းသားတွေ ခေါ်ယူပြီး သင်ကြားပေးမယ့်အပိုင်းမှာ short  course ရက်တိုသင်တန်းတွေအဖြစ် အပိုင်းလိုက်သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီမှာက ငွေကြေးတစ်ပြားတစ်ချပ်မှ ကောက်ခံမှုမရှိပါဘူး။ ဒီမှာ အကုန်လုံး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းတွေက အစပေါ့နော်။ လာသင်မယ့်သူတွေက အဓိကအားဖြင့် တောင်းဆိုချင်တာက အချိန်မှန်မှန် ရက်မှန်မှန်တက်ဖို့ အရေးကြီးပါတယ်။ သို့ပေမယ့် တက်ရောက်လိုသူတွေအနေနဲ့ သင်တန်းနဲ့သက်ဆိုင်တဲ့ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား ဂဏန်းသင်္ချာတော့ တတ်ဖို့လိုပါတယ်။ အခြားကန့်သတ်ချက်တွေ မရှိပါဘူး။ ဒီသင်တန်းကျောင်းက အခြေခံအဆင့်ကနေ အဆင့်မြင့်သင်တန်းတွေအထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ တစ်လကို ရက်တိုသင်တန်း နှစ်ခုလောက်တော့ အနည်းဆုံး ဖွင့်လှစ်သွားမှာဖြစ်ပါတယ်”ဟု အလင်းပြကောင်းကင် ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးအာကာဟိန်းက ပြောသည်။


အဆိုပါသင်တန်းကျောင်းသို့ စက်ချုပ်ဒီဇိုင်းနာ တက်ရောက်လိုသူ အမျိုးသမီးငယ်များအနေဖြင့် “အလင်းပြကောင်းကင်” (မြန်မာဘာသာဖြင့်) ဖေ့စ်ဘုတ် Page တွင် လေ့လာနိုင်ကြောင်း၊ လောလောဆယ် အမျိုးသမီး ၃၉ ဦးအား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သတင်း- မြင့်မောင် 


ဓာတ်ပုံ- တင်စိုး (မြန်မာ့အလင်း)