အလှကုန်ပစ္စည်းဥပဒေကြမ်း

ယမန်နေ့မှအဆက်
(ဃ) မိမိ၏အလှကုန်ပစ္စည်းနှင့်စပ်လျဉ်းသည့် ခြေရာခံစနစ်တစ်ခု ထူထောင်ထားရှိ၍ ခြေရာခံစနစ်ပါ သတင်းအချက်အလက်များ ကိုပေးပို့ရန် ဦးစီးဌာနက ညွှန်ကြားလျှင် သတ်မှတ်ချက်များနှင့် အညီတင်ပြရမည်၊
(င) မိမိ၏စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံနှင့် ရုံးခန်းများကို ဝန်ကြီး ဌာနမှ တာဝန်ပေးအပ်ထားသော သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက အချိန်မရွေး ဝင်ရောက်ကြည့်ရှု စစ်ဆေးခွင့်ပြုရမည်၊
(စ) ဦးစီးဌာနက အခါအားလျော်စွာထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြား ချက်များကိုလိုက်နာဆောင်ရွက်ရမည်။
အခန်း (၁၂)
စီမံခန့်ခွဲမှုနည်းလမ်းအရအရေးယူခြင်း
၂၄။ ဦးစီးဌာနသည် ထုတ်လုပ်သူလက်မှတ်ရရှိသူ သို့မဟုတ် မှတ်တမ်းတင် လက်မှတ်ရရှိသူက ပုဒ်မ ၁၉၊ ၂၀ နှင့် ၂၃ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ပျက်ကွက်သည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် ဖြစ်စေ ထိုသူကို အောက်ပါစီမံခန့်ခွဲရေးအမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်-
(က) သတိပေးခြင်း၊
(ခ) ထုတ်လုပ်သူလက်မှတ် သို့မဟုတ် မှတ်တမ်းတင်လက်မှတ်ကို ယာယီပိတ်သိမ်းခြင်း၊
(ဂ) ထုတ်လုပ်သူလက်မှတ် သို့မဟုတ် မှတ်တမ်းတင်လက်မှတ်ကို ပယ်ဖျက်ခြင်း။
၂၅။ ဦးစီးဌာနသည် ထုတ်လုပ်သူလက်မှတ် သို့မဟုတ် မှတ်တမ်းတင် လက်မှတ် သို့မဟုတ် ယာယီပိတ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ ထုတ်လုပ်သူလက်မှတ် သို့မဟုတ် မှတ်တမ်းတင်လက်မှတ် ရရှိ သူတို့ကို မိမိတို့၏ သက်ဆိုင်ရာ အလှကုန်ပစ္စည်းများအား ဈေးကွက်မှ ပြန်လည်သိမ်းဆည်းစေပြီး သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲစေခြင်း ပြုရမည်။
၂၆။ ပုဒ်မ၂၄၊ ပုဒ်မခွဲ (ခ) သို့မဟုတ် (ဂ)အရ စီမံခန့်ခွဲမှုနည်းလမ်းဖြင့် အရေး ယူခြင်းခံရသူသည် အလှကုန်ပစ္စည်းကို ဆက်လက်ထုတ်လုပ်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းပြုလျှင် ထိုသူအား ဤ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဦးစီးဌာနက ဆက်လက်ဆောင်ရွက်ရမည်။
အခန်း (၁၃)
အယူခံခြင်း
၂၇။ ဤဥပဒေအရ ဦးစီးဌာန၏ ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ချက်နှင့်အညီ ဝန်ကြီးဌာနသို့ အယူခံဝင်နိုင်သည်။
၂၈။ ဝန်ကြီးဌာနသည် ဦးစီးဌာန၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
၂၉။ ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် စီမံခန့်ခွဲရေးနည်းလမ်းအရ အပြီး အပြတ်ဖြစ်စေရမည်။
အခန်း (၁၄)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
၃၀။ (က) မည်သူမျှ အောက်ပါပြုလုပ်မှုတစ်ခုခုကို မပြုရ-
(၁) ထုတ်လုပ်သူလက်မှတ်မရှိသည့် ဈေးကွက်အတွင်းရှိ
အလှကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊
(၂) ပုဒ်မ ၂၄၊ ပုဒ်မခွဲ(ခ)အရ ထုတ်လုပ်သူ လက်မှတ်ယာယီ
ပိတ်သိမ်းခြင်းခံထားရသော ကာလအတွင်း အလှကုန်
ပစ္စည်းကို ဆက်လက်ထုတ်လုပ်ခြင်း၊
(၃) ပုဒ်မ ၂၄၊ပုဒ်မခွဲ (ဂ)အရ ထုတ်လုပ်သူလက်မှတ် ပယ်ဖျက်
ခြင်းခံရပြီး အလှကုန်ပစ္စည်းကို ဆက်လက်ထုတ်လုပ်ခြင်း။
( ခ) မည်သူမဆို ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၁။ (က) မည်သူမျှ အောက်ပါပြုလုပ်မှုတစ်ခုခုကို မပြုရ-
(၁) မှတ်တမ်းတင်လက်မှတ်မရှိသည့် ပြည်တွင်း၌ ထုတ်လုပ်သော
အလှကုန်ပစ္စည်း သို့မဟုတ် ပြည်ပမှတင်သွင်းသည့် အလှကုန်
ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်း၊
(၂) ပုဒ်မ ၂၄၊ ပုဒ်မခွဲ (ခ)အရ မှတ်တမ်းတင် လက်မှတ်ယာယီ
ပိတ်သိမ်းခြင်းခံထားရသောကာလအတွင်း အလှကုန်ပစ္စည်း
ကို ဆက်လက်ဖြန့်ဖြူးရောင်းချခြင်း၊
(၃) ပုဒ်မ ၂၄၊ ပုဒ်မခွဲ (ဂ)အရ မှတ်တမ်းတင် လက်မှတ်ပယ်ဖျက်
ခြင်းခံရပြီးသည့် အလှကုန်ပစ္စည်းကို ဆက်လက်ဖြန့်ဖြူး
ရောင်းချခြင်း။
(ခ) မည်သူမဆို ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ် မှ အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
၃၂။ (က) မည်သူမျှ အောက်ဖော်ပြပါ အလှကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရ-
(၁) တားမြစ်ဓာတုပစ္စည်းများ ပါဝင်ဖော်စပ်ထားသော အလှကုန်
ပစ္စည်း၊
(၂) ကန့်သတ်သတ်မှတ်ထားသော ဓာတုပစ္စည်း၊ အရောင်ဆိုး
ဆေး၊ တာရှည်ခံပစ္စည်းနှင့် ခရမ်းလွန်ရောင်ခြည်ကာပစ္စည်း
များကို ကန့်သတ်ရာခိုင်နှုန်းထက် ပိုမိုပါဝင်ဖော်စပ်ထားသော
အလှကုန်ပစ္စည်း၊
(၃) သတ်မှတ်ထားသော အရည်အသွေးသတ်မှတ်ချက်နှင့်
ကိုက်ညီမှုမရှိသော အလှကုန်ပစ္စည်း၊
(၄) အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်
များနှင့် ကိုက်ညီမှုမရှိသော အလှကုန်ပစ္စည်း၊
(၅) ရောင်းချမှု၊ သုံးစွဲမှုနှင့် ဝန်ဆောင်မှုပေးခြင်းကို တားမြစ်ခံရ
သည့် အလှကုန်ပစ္စည်း၊
(၆) ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် ကျန်းမာရေး
အတွက်သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ကြေညာထား
သည့် ဘေးအန္တရာယ်ရှိသော အလှကုန်ပစ္စည်း။
(ခ) မည်သူမဆို ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၂၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၃။ (က) မည်သူမျှ-
(၁) အလှကုန်ပစ္စည်းအရည်အသွေးနှင့်စပ်လျဉ်း၍ ကောင်းမွန်
ကြောင်း လွန်ကဲစွာ ဖော်ပြခြင်းမပြုရ၊
(၂) မိမိ၏အလှကုန်ပစ္စည်းကို ဆေးဖက်ဝင်သည် သို့မဟုတ်
ရောဂါကုသရာတွင် အသုံးဝင်သည်ဟု ကြော်ငြာလျက်
အရောင်းမြှင့်တင်ခြင်းမပြုရ၊
(၃) အလှကုန်ပစ္စည်းကို ကုန်အမှတ်တံဆိပ်ကပ်ခြင်း၊ အညွှန်း
အမှတ်အသား ဖော်ပြခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊
ကြော်ငြာခြင်း သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတို့ ပြုလုပ်
ရာတွင် အလှကုန်ပစ္စည်းအမည်၊ ကုန်အမှတ်တံဆိပ်
အမည်၊ရုပ်ပုံနှင့်တင်စားဖော်ပြချက်များ သို့မဟုတ် အခြား
သင်္ကေတများသည် သုံးစွဲသူများကို လိမ်လည်လှည့်ဖြား
ရန် ရည်ရွယ်ချက်ဖြင့် ကုန်ပစ္စည်းတွင်မရှိသော အရည်
အသွေးကို ရှိသယောင်ဖော်ပြခြင်းနှင့် ရှိသည့်အရည်
အသွေးကို ကောင်းမွန်ကြောင်း လွန်ကဲစွာဖော်ပြခြင်းမပြုရ၊
(၄) အခြားအလှကုန်ပစ္စည်းများနှင့်နှိုင်းယှဉ်ဖော်ပြ၍ ကြော်ငြာ
ခြင်းမပြုရ။
(ခ) မည်သူမဆို ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံးကျပ်သိန်း ၂၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း (၁၅)
အထွေထွေ
၃၄။ ဤဥပဒေ ပုဒ်မ ၃၁၊ ၃၂ နှင့် ၃၃ ပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
၃၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် -
(က) ဝန်ကြီးဌာနသည်နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင် သည်၊
(ခ) ဝန်ကြီးဌာန၊ အာဏာပိုင်အဖွဲ့နှင့် ဦးစီးဌာနတို့သည် အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်နိုင်သည်။