အများဆုံးအကျိုးရှိအောင်သုံးစွဲ

၁၆  ဇူလိုင်

 

ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၈)ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင် ၁၃ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အနည်းဆုံးသုံးစွဲမှုကို အဓိကမထားဘဲ အများဆုံး အကျိုးရှိအောင် သုံးစွဲသည့်မူကို အဓိကထားစေလိုပါကြောင်း၊ ငွေကြေးသက်သာစေလိုမှုဖြင့် အဆင့်အတန်းမမီသော စီမံကိန်းများကို အကောင်အထည်ဖော်ပါက ရေရှည်တွင် နိုင်ငံအတွက် အကျိုးမရှိပါကြောင်း၊ မလိုအပ်သည့် နေရာများတွင် လျှော့ခြင်းအားဖြင့် မိမိတို့၏အလုပ်ကို ထိခိုက်စေခြင်း မဖြစ်စေလိုပါကြောင်း၊ ငွေကြေးနည်းနည်းသုံးခြင်းသည် အဓိကမဟုတ်ပါကြောင်း၊ ရှိသည့်ငွေကြေးကို နိုင်ငံအတွက် အကျိုးအများဆုံးဖြစ်အောင် အဓိကထားပြီး ဆောင်ရွက်စေလိုပါကြောင်း” ပြောကြားခဲ့သည်။

 

နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ကြရာ၌ ပြည်သူ့ဘဏ္ဍာငွေကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အကျိုးရှိ ထိရောက်အောင် ဆောင်ရွက်နိုင်စေရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းမှန်ညွှန်ပြပေးခဲ့သည်။ လုပ်ငန်းများကို ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ ခြိုးခြံချွေတာရေးမူကို အကြောင်းပြု၍ သက်ဆိုင်ရာတို့အနေဖြင့် ငွေကြေးသုံးစွဲမှုကို လျှော့ချခြင်းသည် လုပ်ငန်းအောင်မြင်မှု၊ အကျိုးများမှု ရှိ၊ မရှိတို့ကို ချင့်ချိန်သုံးသပ်နိုင်ရန် လိုအပ်ပေသည်။

 

လုပ်ငန်းများတွင် လေလွင့်ဖိတ်စဉ်မှုကြောင့်ဖြစ်စေ၊ ချွေတာရေးကြောင့်ဖြစ်စေ ငွေကြေးသုံးစွဲမှု လျော့နည်းသွားခြင်းသည် လုပ်ငန်းအရည်အသွေး ကျဆင်းခြင်း၊ လုပ်ငန်းတန်ဖိုးနည်းပါးခြင်းတို့ကိုဖြစ်စေပြီး အဆင့်အတန်းမမီသော စီမံကိန်းအချို့ ဖြစ်ခဲ့ဖူးသည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။ အဆင့်အတန်းမမီသော စီမံကိန်းများသည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် ထိရောက်အောင်စွမ်းဆောင်နိုင်မှု မရှိသည့်အပြင် ရေရှည်တွင် ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ရသဖြင့် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးမှုကိုဖြစ်စေပါသည်။

 

အရည်အသွေးပြည့်မီပြီး စံချိန်စံညွှန်းနှင့်ညီသော စီမံကိန်းလုပ်ငန်းတစ်ခုအတွက် အမှန်တကယ်ကုန်ကျငွေကို အပြည့်အဝသုံးစွဲခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် ရေရှည်အကျိုးသက်ရောက်မှု ဖြစ်စေသည်။ မြန်မာနိုင်ငံတွင် အစဉ်အလာအားဖြင့် အရည်အသွေးပြည့်ဝသော စံချိန်စံညွှန်းထက် အချိန်မီပြီးစီးရေး၊ ကုန်ကျစရိတ်လျော့နည်းရေးတို့ကို ဦးစားပေးသဖြင့် မအောင်မြင်သောစီမံကိန်းများနှင့် ကြုံတွေ့ရပြီး ဖွံ့ဖြိုးမှုနောက်ကျခဲ့ပေသည်။ နိုင်ငံတကာတွင် စီမံကိန်းများကို စနစ်တကျ အကောင်အထည်ဖော် တည်ဆောက်ပြီး စံချိန်စံညွှန်းနှင့်အရည်အသွေး ပြည့်မီရေးအတွက် ငွေကြေးလုံလောက်အောင်သုံးစွဲသည်။ ထို့ကြောင့် တာရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ပိုင်ဆိုင်ထားသည်။

 

ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် အကောင်အထည်ဖော် ရမည့်စီမံကိန်း၊ စီမံချက်များဖြင့် ပြည်သူလူထုအကျိုးစီးပွား ဖြစ်ထွန်းပြီးအောင်မြင်အောင် အကောင်အထည်ဖော်ရေး၊ ပြည်သူ့အတွက် အစိုးရက သုံးစွဲသင့်သည့် အသုံးစရိတ်များကို သုံးစွဲရေး၊ ရငွေများကို တိုးတက်ရှာဖွေရေး၊ ရငွေကို တိုးတက်စေသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကြိုးပမ်းလုပ်ဆောင်နိုင်ရေး၊ အခွန်အကောက်ရငွေ တိုးတက်ရေး စသည်ဖြင့် ပြည်သူ့ဘဏ္ဍာငွေ အရ/အသုံးတို့နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကမှာကြားခဲ့သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်၏စီးပွားရေးမူဝါဒနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ အသုံးစရိတ်များနှင့် အကောင်အထည်ဖော်မည့် စီမံကိန်း၊ စီမံချက်များ ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်းရေး အောင်မြင်အောင် အကောင်အထည်ဖော်ရေး အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ပြသည့် အနည်းဆုံး သုံးစွဲမှုကို အဓိကမထားဘဲ နိုင်ငံနှင့်ပြည်သူအတွက် အများဆုံးအကျိုးရှိအောင် အဓိကထား ကြိုးပမ်း အားထုတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ