အများငြင်းပယ်ခဲ့သည့် ဗီလိန်ဇာတ်ကောင်စရိုက်ဖြင့် ပရိသတ်တိုးခဲ့သူ မြတ်သူသူဇင်

၉ ဧပြီ

 

ဝင်္ကဘာစံအိမ်၊ ဝိညာဉ်ရှိုက်သံ၊ ရတနာထဲကရတနာစသည့် ရုပ်သံဇာတ်လမ်းတွဲများနှင့် MRTV-4 ကြည့်ရှုသူ ပရိသတ်များကို ဗီလိန်ဇာတ်ကောင်စရိုက်နှင့်  ဆွဲဆောင်နိုင်ခဲ့သူ သရုပ်ဆောင် မြတ်သူသူ ဇင် အနေနှင့် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည့် "ယတြာ" ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ခဲ့ပြီး ဗီလိန်ဇာတ်ကောင်စရိုက်များထက် အခြားပြောင်းလဲသရုပ်ဆောင်မှုအပေါ် သူ၏သဘောထား များနှင့် အနုပညာခံစားမှု အကြောင်းများကို ဧပြီ ၈ရက် နံနက် ၁၀နာရီက ရန်ကုန်မြို့ သင်္ယန်းကျွန်း မြို့နယ်ရှိ  သုမင်္ဂလာလမ်းနှင့် ရတနာလမ်းထောင့်ရှိ  ရတနာပုံရိပ်ငြိမ် မိဘမဲ့ပရဟိတကျောင်း တွင် မွေးနေ့အလှူ ပြုလုပ်ခဲ့စဉ်အတွင်း မေးမြန်းဖြစ်ခဲ့သည်။

 

မေး။   ။ပထမဆုံးအနုပညာလောကကို စပြီး ဝင်ရောက်ခဲ့ပုံကိုပြောပြပါဦး။

 

ဖြေ။  ။ပထမဆုံးကတော့    ပန်းနုသွေး၊  ထာဝရမန္တလေး စတဲ့ ဇာတ်လမ်းတွဲတွေမှာတော့ ညီမ  ထိုက်သင့်သလောက်ပဲ လုပ်ခွင့်ရခဲ့ပါတယ်။ ပိုပြီးလုပ်ခွင့်ရခဲ့တဲ့ ဇာတ်လမ်းတွဲလေးကတော့ "ဝိညာဉ် ရှိုက်သံ"ပါ။ အဲဒီကားမှာ အခွင့်အရေးတွေ အများကြီးရရှိခဲ့ပါတယ်။  ရှေ့မှာ ရိုက်ခဲ့တဲ့ ကားတွေ ကတော့ အခွင့်ရေးတစ်ခုအဖြစ် ဖန်တီးပေးခဲ့တဲ့ ကားလေးတွေပါ။ ဝိညာဉ်ရှိုက်သံ ဇာတ်ကားကတော့ ပရိသတ် ပိုသတိထားမိသွားစေတာမို့  အနုပညာခြေလှမ်းအစဆိုလဲ မမှားပါဘူး။ ဒီကားလေးကို သိပ်ကြိုက်တယ်။ ကိုယ့်အတွက် အမှတ်တရလည်း ဖြစ်စေပါတယ်။ နောက်ပြီး ဒီဇာတ်လမ်းတွဲလေး က  ညီမကို အားလုံး မုန်းချင်လည်း မုန်းကြမှာပဲပေါ့နော်။ အဲ့အတွက် စိတ်ပူပေမယ့် ကျေနပ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီကားလေးကြောင့် အားလုံးက မှတ်လည်း မှတ်မိသွားကြတယ်။ 

 

မေး။ ။ဝင်္ကဘာစံအိမ်မှာတော့ ဇာတ်ကောင်စရိုက် ပြောင်းလဲသွားတယ်နော်။ အဲဒီဇာတ်ကား လေးကိုရော ဘယ်လိုရိုက်ဖြစ်သွားတာလဲ။

 

ဖြေ။ ။ရိုးသားပြီး တစ်ဖက်သတ်ချစ်ရတဲ့ ကောင်မလေးတစ်ယောက်ပုံစံ ရိုက်ကူးထားတာပါ။ ဝိညာဉ်ရှိုက်သံမှာ ညီမက အိဖြူစင်ကို မုန်းပြီး လိုက်ပြိုင်ဆိုင်တဲ့ သူပေါ့နော်။ ဝင်္ကဘာစံအိမ်နဲ့ ဆိုရင် သရုပ်ဆောင်ပုံ ခြားနားသွားတာပေါ့။ နောက်တစ်ကားက ရတနာထဲကရတနာ ဇာတ်လမ်းတွဲ ဆိုလည်း ဒီလိုပါပဲ။  ဇာတ်ကောင်စရိုက်က လုံးဝခြားနားသွားတယ်။ ဇာတ်လမ်းတစ်ခုကို သရုပ်ဆောင် မယ်ဆိုရင် ပထမဆုံးအနေနဲ့  ကိုယ်အရင်ဆုံး လုပ်ခဲ့တဲ့ ဇာတ်ကောင်စရိုက်ကို ပထမဆုံးသတိထား ရတယ်။ လုပ်ဖြစ်ခဲ့တာက သူများတွေ မလုပ်ချင်တာ ကိုယ့်ဆီရောက်လာတာတွေများတယ်။ သူများ တွေက ဗီလိန်ဇာတ်ကောင်စရိုက်မို့ မုန်းမှာ ကြောက်ကြတယ်။ ကျွန်မကတော့ ကိုယ့်အတွက် အခွင့် အရေးတစ်ခု၊ ငါရအောင်ကြိုးစားပြီး လုပ်မယ်ဆိုတဲ့စိတ်နဲ့  လုပ်ဖြစ်ခဲ့တယ်။ အနုပညာ စလုပ်တာနဲ့ ဗီလိန် ဇာတ်ကောင်စရိုက်ကို စလုပ်ရတာဆိုတော့ ကိုယ့်အတွက် မလွယ်ကူခဲ့ဘူး။ ဝိညာဉ်ရှိုက်သံ ဆိုရင် ညီမက ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားတာပါ။ သူတို့ရဲ့ မူရင်းဇာတ်လမ်းက ထိုင်းကပါ။ သူတို့ ဘက်မှာကျတော့ ဆင်ဆာအနေနဲ့  ကန့်သတ်ထားတာမရှိသလောက်ဘဲ။

 

မေး။   ။ဇာတ်လမ်းတွဲအပြင် ထပ်ပြီး အနုပညာလှုပ်ရှားမှုတွေရော ရှိသေးလား။

 

ဖြေ။ ။ရုံကြီးကားအနေနဲ့တော့  "ယတြာ“ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်ထားပါတယ်။ ကိုထွန်းထွန်း နဲ့  "ကဲ မယုံချင်နေ" ဆိုတဲ့ ဇာတ်ကားရိုက်ထားတယ်။ ဆင်ဆာတွေ၊ ရုံတင်ရက်တွေ ချိတ်နေတယ်လို့ သိရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အပြင်လောကနဲ့ ဆက်ဆံမှုရချင်ပါတယ်။ အချို့က ကျွန်မကို ဇာတ်လမ်းတွဲတွေ ရိုက်နေတာများပြီး အပြင်ထုတ်လုပ်ရေးနဲ့ ရိုက်မရဘူးလို့ ထင်နေကြတယ်။ ကျွန်မကတော့ အပြင်ဇာတ်ကားတွေကိုလည်း ရိုက်ချင်ပါတယ်။

 

ကိုလင်း