အများပြည်သူ အကျိုးစီးပွားကို ဆင်ခြင်ရှေးရှု

နေပြည်တော် ၂၈ နိုဝင်ဘာ 

 

အများပြည်သူအကျိုးစီးပွားဆိုသည်မှာ ပြည်သူအားလုံးနှင့်သက်ဆိုင်သည့် အကျိုးမယုတ်စေသော အကြောင်းကိစ္စများကို ဆိုလိုသည်။ ပြည်သူလူထု တစ်စုတစ်ဖွဲ့နှင့်သက်ဆိုင်သည့် အကြောင်းကိစ္စတို့မှာ အများပြည်သူ အကျိုးစီးပွားဟု မဆိုနိုင်ချေ။ ဥပမာအားဖြင့် ပြည်သူအားလုံး စားသုံးသော စားသောက်ကုန်နှင့် သက်ဆိုင်သည့် ရလဒ်များသည် အများပြည်သူ အကျိုးစီးပွားဟု ဆိုရမည်ဖြစ်သည်။

 

 

ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် မြန်မာနိုင်ငံ၏ စားသောက်ကုန်များမှာ ဈေးနှုန်းအချိုသာဆုံးဟု ဆိုကြသည်။ အမှန်တကယ်တွင် အရည်အသွေး မကောင်းသောကြောင့် တန်ဖိုးနည်းသော စားသောက်ကုန်များဖြစ်နေသည်ကို မသိကျိုးကျွန်ပြုပြီး ပြောဆိုကြခြင်းဖြစ်သည်။ ပြည်သူအများစု၏ ထိုသို့သော ခံယူချက်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ တစ်ဦးချင်းဝင်ငွေရရှိမှု၊ ဆင်းရဲနွမ်းပါးမှုတို့နှင့်လည်း သက်ဆိုင်သည်ဟု ဆိုနိုင်သည်။

 

ပြည်သူများမှာ ဝင်ငွေနည်းပါးသူ အများစုဖြစ်၍ တန်ဖိုးနည်းသော ထုတ်ကုန်များကို ထုတ်လုပ်ကြသည်မှာ မဆန်းချေ။ အများပြည်သူတို့၏ လိုအင်ကိုလိုက်၍ တန်ဖိုးနည်းသော၊ အရည်အသွေးမပြည့်သော ထုတ်ကုန်ပစ္စည်းများအား ထုတ်လုပ်ကြသူများကိုလည်း အပြစ်မဆိုသာချေ။ ဝယ်လိုအားရှိ၍ ရောင်းလိုအား ရှိနေခြင်းသာ ဖြစ်သည်။ ထုတ်လုပ်သူများနှင့် စားသုံးသူတို့က အသိတရားဖြင့် သတိမူဆင်ခြင် ကြဖို့သာ လိုရင်းဖြစ်သည်။

 

အများပြည်သူ အကျိုးစီးပွားကို ရှေးရှုရာ၌ ဝယ်လိုအားရှိတိုင်း အမြတ်အစွန်းရလျှင်ပြီးစတမ်း ရောင်းချင်တိုင်းရောင်းခြင်းမှာ မဖြစ်သင့်ချေ။ ဈေးနှုန်းချိုသာသော ရောင်းကုန်များရှိ၍ သက်သာလျှင်ပြီးစတမ်း ဝယ်ချင်တိုင်းဝယ်ပြီး သုံးစွဲရန်လည်း မသင့်ချေ။ ထုတ်လုပ်သူများအနေဖြင့် မိမိအကျိုးစီးပွားထက် အများပြည်သူအကျိုးစီးပွားကို ဦးစားပေးသင့်သည်။ စားသုံးသူများအနေဖြင့် မိမိကျန်းမာရေးအတွက် ဘေးမဖြစ်စေရေးကိုလည်း သတိထားသင့်သည်။ ရောင်းချသူများအနေဖြင့် ဤပစ္စည်းမှာ တန်ဖိုးနည်းရခြင်း၊ တန်ဖိုးများရခြင်းအကြောင်းတို့ကို မွန်မြတ်သော စိတ်ထားဖြင့် ပွင့်လင်းမြင်သာစွာ အသိပေးသင့်သည်။

 

အများပြည်သူသုံးစွဲကြသော တန်ဖိုးနည်း လူသုံးပစ္စည်းများမှာ တာရှည်မခံခြင်း၊ ပျက်စီးလွယ်ခြင်း၊ အန္တရာယ်များခြင်းတို့ ဖြစ်တတ်သည်။ တန်ဖိုးနည်းသော စားသောက်ကုန်များမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ကို သတိမူရမည်။ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်းယာတို့သည် ပြည်သူများအား အန္တရာယ်အပေးနိုင်ဆုံး စားသောက်ကုန်များဖြစ်သည်။ အရက်နှင့် ဆေးလိပ်ကို အခွန်ဖြင့် ထိန်းချုပ်သော်လည်း ကွမ်းယာကိုမူ မည်သို့မျှ ထိန်းချုပ်နိုင်ခြင်း မရှိသေးချေ။ ယင်းကုန်ပစ္စည်းများသည် ကျန်းမာရေးသာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်မှုရှိစေသဖြင့် ယခုထက် ပိုမိုထိရောက်စွာ ဆောင်ရွက်သင့်သည်။

 

အများပြည်သူတို့ နေ့စဉ်ဝယ်ယူစားသုံးနေသော အစားအသောက်များတွင် အရည်အသွေးမပြည့်မီသည့် အစားအစာများ၊ ဓာတုပစ္စည်း မလွတ်ကင်းသည့် အစားအစာများ အများစုဖြစ်သည်ဟု ဆိုနိုင်သည်။ ပြည်သူများ၏ ကျန်းမာရေးအတွက် အစားအစာနှင့် အရည်အသွေးတို့ကို စစ်ဆေးခြင်း ပြုလုပ်ပေးသည်ဆိုသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လွှမ်းခြုံဆောင်ရွက်နိုင်ရန် မလွယ်ကူချေ။ စားသုံးသူနှင့် ထုတ်လုပ်သူများက အသိတရားဖြင့် ရောင်းချစားသောက်ရန် လိုအပ်သည်။ အရည်အသွေးမမီသော အစားအစာများ၊ အန္တရာယ်မကင်းသော အစားအစာများကို စားသုံးခြင်းကြောင့် ပြည်သူများမှာ ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ ပန်ကရိယ စသည့်ရောဂါများ ဖြစ်ပွားမှုမြင့်တက်လာသည်ကို တွေ့ရသည်။

 

သို့ဖြစ်ရာ ပြည်သူများ ကျန်းမာရေးအတွက် စားသုံးသူနှင့်ထုတ်လုပ်သူများ အပြန်အလှန်သတိမူပြီး စားသုံးသူလည်း စားသုံးသူအလျောက်၊ ထုတ်လုပ်သူလည်း ထုတ်လုပ်သူအလျောက် အများပြည်သူ အကျိုးစီးပွားကို မျှတစွာ ဆင်ခြင်တွေးခေါ်ကာ အသိတရားဖြင့် ထုတ်လုပ်သုံးစွဲကြပါရန် တိုက်တွန်းအပ်ပါသည်။

 

ကြေးမုံ