အများပြည်သူ လည်ပတ်အပန်းဖြေနိုင်ရန် မိုးကောင်းမြို့အနီးရှိ လွဲပုတ်ရွာဟောင်းရေတံခွန် ဖွင့်လှစ်

မိုးကောင်း၊ ၂၅ ဇန်နဝါရီ

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်လျက်ရှိရာ အများပြည်သူ လည်ပတ်အပန်းဖြေစရာနေရာဖြစ်သည့် လွဲပုတ်ရွာဟောင်းရေတံခွန်အား ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

မိုးကောင်းမြို့နယ်အား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်လျက်ရှိရာ We Lov Mogaung အဖွဲ့နှင့် ဆားမှော်၊ ထီးချိုင့်ကျေးရွာများမှ ဒေသခံပြည်သူများပူးပေါင်း၍ လွဲပုတ်ရွာဟောင်းရေတံခွန်အား ခုတ်ထွင်ရှင်းလင်းဖော်ဆောင်ခြင်း၊ ချောင်းကူးတံတား တည်ဆောက်ခြင်းနှင့် ခရီးသွားဧည့်သည်များ အဆင်ပြေစေရန် ကား/ဆိုင်ကယ် အပ်နှံရန်နေရာများကို စနစ်တကျ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

လွဲပုတ်ရွာဟောင်းရေတံခွန်မှာ ရေတံခွန်ငယ်များ အဆင့်ဆင့်ပေါများပြီး ရေစီးအားကောင်းကာ တောင်ကျစမ်းချောင်းတစ်လျှောက် ပြတ်ရွေ့ကျောက်တုံးကြီးများနှင့် ဆွဲဆောင်မှုရှိပြီး ပထမတွေ့ရှိရမည့်ရေတံခွန်မှာ ရေပြန့်ကျယ်ကာ ရေများဖြာထွက်စီးဆင်းလျက်ရှိသည်။ ဒုတိယတွေ့ရှိရမည့်ရေတံခွန်မှာ ရေတံခွန်နှစ်စင်းယှဉ်၍ တစ်ပြိုင်တည်းစီးဆင်းနေပြီး ရေတံခွန်အကြီးမှာ ၄၅ ပေခန့်အမြင့်ရှိကာ ရေတံခွန်အောက်ခြေတွင် လာရောက်လည်ပတ်သူများ ရေကစားနိုင်ရန် အနက် ၃ ပေခန့် အကျယ် ၁၀ ပေပတ်လည်ခန့် ရေအိုင်ရှိသည်။

 

အဆိုပါရေတံခွန်သည် မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာအုပ်စု၊ ထီးချိုင့်ကျေးရွာအနီး လွဲပုတ်တောင်ပေါ်တွင်တည်ရှိပြီး ကား၊ ဆိုင်ကယ်တို့ဖြင့် သွားရောက်နိုင်ကြောင်း၊ ကားဖြင့်သွားရောက်မည်ဆိုပါက ထီးချိုင့်ကျေးရွာမှတစ်ဆင့် နန့်ရင်းချောင်းတွင်ကားအပ်နှံ၍ တောင်ခြေသို့ မိနစ် ၂၀ ခန့် လမ်းလျှောက်ရမည်ဖြစ်ပြီး ဆိုင်ကယ်ဖြင့် သွားရောက်မည်ဆိုပါက နန့်ရင်းချောင်းကူးတံတားကိုဖြတ်၍ တောင်ခြေအထိ သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)