အများပြည်သူအကျိုး အစဉ်ရှေးရှု

နေပြည်တော် ၅ သြဂုတ် 

 

“ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်မတို့ပြည်ထောင်စုကြီးအကျိုးအတွက် ဘယ်တော့မှ မမေ့ဘဲနဲ့ ဘာလုပ်ငန်းလုပ်လုပ် လုပ်စေချင်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ(၁/၂၀၁၈) အစည်းအဝေးတွင် ပြောကြားလိုက်သည်။

 

အစည်းအဝေး၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပြင် အခြားလုပ်ငန်းများလုပ်ကိုင်ကြရာတွင်လည်းပြည်ထောင်စုသူ၊ ပြည်ထောင်စုသားအားလုံးအတွက် အကျိုးရှိအောင် စဉ်းစားပြီး လုပ်စေချင်ကြောင်း၊ ပြည်ထောင်စုသူ၊ ပြည်ထောင်စုသားအားလုံး ပိုမိုပြီးနီးစပ်လာအောင်၊ ညီညွတ်လာအောင်၊ ပိုမိုပြီးစည်းလုံးလာအောင် လုပ်ပေးမည့်ပုံစံမျိုးလည်း ဖြစ်စေချင်ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက်အပြိုင်အဆိုင်လုပ်ပြီး စိတ်ဝမ်းကွဲခြင်းမျိုးမဟုတ်ဘဲ တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်းဆောင်ရွက်ပြီး ညီညွတ်သည့်ပုံစံမျိုးဖြစ်အောင် လုပ်ပေးစေချင်ကြောင်း ပြောကြားထားသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်ကြရာတွင် လူနည်းစုအကျိုးထက် ပြည်ထောင်စုသားအားလုံး၏အကျိုးကိုရှေးရှုလုပ်ကိုင်နိုင်စေရန် အသိပေးပြောကြားထားသည်။ ယင်းသည် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ထင်ဟပ်နေသည်ဟုဆိုချင်ပါသည်။ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဟုဆိုကာ လုပ်ကိုင်ခဲ့ကြသော်လည်း တိုင်းရင်းသားပြည်သူအများစု အကျိုးဖြစ်ထွန်းရေးထက် လူနည်းစု၊ အဖွဲ့အစည်းတစ်ခု အကျိုးဖြစ်ထွန်းရေးကို ဦးစားပေးလုပ်ကိုင်မှုများ ရှိခဲ့ပါသည်။ ယင်းအပြင် တိုင်းရင်းသားပြည်သူများ စည်းလုံးရေး၊ ညီညွတ်ရေး၊ ယုံကြည်ရေး မဖြစ် ခဲ့သည်များလည်း ရှိခဲ့ပါသည်။ မြို့ပြများတွင်လည်း မြို့ပြအလျောက်၊ ကျေးလက်များတွင်လည်း ကျေးလက်အလျောက်၊ တိုင်းရင်းသားဒေသများတွင်လည်း တိုင်းရင်းသားဒေသအလျောက် ရှိခဲ့ပါသည်။

 

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံသူနိုင်ငံသားအားလုံး၏ လူမှုဘဝ အလုံးစုံပြီးပြည့်စုံနိုင်ရန်မှာ လွယ်ကူလှသည် မဟုတ်ချေ။ သို့သော် မိမိတို့၏ လုပ်ကိုင် ဆောင်ရွက်မှုများသည် ပြည်သူအများစု အကျိုးဖြစ်ထွန်းရေးကို အမှန်တကယ် လုပ်ကိုင်ခြင်းလော၊မိမိတို့အကျိုး၊ လူနည်းစုအကျိုးအတွက် လုပ်ကိုင်ခြင်းလောဟူ၍ ပြန်လည် ဆန်းစစ် သတိမူမိကြဖို့လိုမည်ဖြစ်သည်။ ထို့အပြင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တစ်ဦးပေါ် တစ်ဦး ကောင်းသောယှဉ်ပြိုင်ခြင်း၊ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက်ကြရန်လိုပြီး တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားအမြင် ကွဲပြားမှုများမဖြစ်အောင် သတိမူကြရမည်ဖြစ်သည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကောင်းသောယှဉ်ပြိုင်မှုများ၊ မှန်ကန်သော အကောင်းဆုံး နည်းလမ်းများဖြင့် လုပ်ကိုင်ကြရမည်ဖြစ်သည်။ တိုင်းပြည်အကျိုး၊ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး၏အကျိုးကို ရှေးရှုကြရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများကို ကြည့်မည်ဆိုလျှင် လုပ်ငန်းများကို လုပ်ကိုင်ရာ၌ နိုင်ငံနှင့် ပြည်သူအကျိုးကို အစဉ်ရှေးရှုပြီး အားကြိုးမာန်တက် အရှိန်အဟုန်မပျက် စနစ်တကျလုပ်ကိုင်ကြသည်ကို တွေ့ရသည်။ အမြင်သဘောထားကွဲပြားမှုများ နည်းပါးပြီး ညီညီညွတ်ညွတ်တက်ညီလက်ညီလုပ်ကိုင်ကြသည်။ ထိုအခါ ထိုလုပ်ငန်းများမှာ အောင်မြင်ရေးလမ်းကြောင်းပေါ်တွင်သာ ရှိနေတော့သည်။ ယင်းတို့ကို အတုယူ အားကျရမည်ဖြစ် သည်။ ပြည်ထောင်စုသားအားလုံး အကျိုးစီးပွားဖြစ်ထွန်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းသော ယှဉ်ပြိုင်မှု၊ကောင်းသောလုပ်ဆောင်မှုများဖြင့် အလုပ်လုပ်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သာမက မည်သည့်လုပ်ငန်းမဆို လုပ်ကိုင်သည်ဖြစ်စေ ပြည်ထောင်စုအကျိုး၊ နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ အကျိုးကိုအစဉ်ရှေးရှု၍ အလေးထားလုပ်ကိုင်ဆောင်ရွက်ကြရန် တိုက်တွန်းချင်ပါသည်။ ။

 

ကြေးမုံ