အမြဲမပြတ်သင်ယူခြင်းဖြင့် ပညာတတ်နှလုံးသွင်း

၂၇  နိုဝင်ဘာ

 

ပြီးခဲ့သည့်ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်း ၁၇၆ ကျောင်း၌ ကျောင်းသား တစ်သန်းနီးပါး ပညာသင်ကြားခဲ့ပြီး ဘွဲ့ရဦးရေ တစ်သိန်းကျော် မွေးထုတ်ပေးနိုင်ခဲ့သည်ဟု သိရသည်။ တိတိကျကျဆိုရလျှင် တစ်နိုင်ငံလုံးရှိ ကျောင်းများတွင် အဆင့်မြင့်ပညာကို ကျောင်းသား ကျောင်းသူ ၉၇၈၉၃၅ ဦးသင်ကြားခဲ့ပြီး ၁၂၀၅၈၁ ဦး ဘွဲ့ရရှိခဲ့သည်။

 

နိုင်ငံတစ်နိုင်ငံတွင် အဆင့်မြင့်ပညာကို သင်ယူနေကြသည့် ကျောင်းသားများနှင့် ဘွဲ့ရရှိခဲ့သူများမှာ နိုင်ငံအတွက် လူသားအရင်းအမြစ်များပင် ဖြစ်သည်။ သို့ရာတွင် ထိုကျောင်းသား ကျောင်းသူများမှာ အရည်အချင်း ပြည့်ဝမှသာလျှင် ပညာတတ်လူသားအရင်းအမြစ်များဟု ဆိုနိုင်ပေလိမ့်မည်။ အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ ပေါ်ထွန်းရေးတွင် ပညာရေးစနစ်၏ အရေးအကြီးဆုံး ပင်မအစိတ်အပိုင်းသည် ဆရာများနှင့် ကျောင်းသားများ ပညာရည်တိုးတက်ရေး ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် အရည်အချင်းပြည့်ဝသည့် ပညာရေးစနစ်ကို ပြောင်းလဲဖော်ဆောင်လျက်ရှိသည်။ အမျိုးသားပညာရေး ဥပဒေ(၂၀၁၄)နှင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၅)တို့ဖြင့် ဖော်ဆောင်နေသည်။ ဥပဒေ၌ အဆင့်မြင့်ပညာရေးဆိုသည်မှာ အခြေခံပညာရေး၏ အမြင့်ဆုံးအဆင့် သို့မဟုတ် ယင်းနှင့်တူညီသောအဆင့် အောင်မြင်ပြီးသူများကို အမျိုးသားပညာရေး မူဝါဒကော်မရှင်က အသိအမှတ်ပြုထားသည့် ကျောင်းတစ်ခုခုမှ လေ့ကျင့်သင်ကြားပေးထားသော ပညာရေးဟု ဖော်ပြထားသည်။

 

အမျိုးသားပညာရေးဥပဒေအရ အဆင့်မြင့်ပညာရေးတွင် အမျိုးသား ပညာရေးမူဝါဒကော်မရှင်သည် အဆင့်မြင့်ပညာကို နိုင်ငံတကာအဆင့်မီအောင် စတင်ဖော်ဆောင်နေပြီဖြစ်သည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲ ကျောင်းများ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေးအတွက် ပါမောက္ခချုပ်များကော်မတီကို ဖွဲ့စည်းပြီး သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ်စာတမ်းအရ တက္ကသိုလ်ကောင်စီကို ကျောင်းအလိုက်ဖွဲ့စည်းကာ အဆင့်မြင့်ပညာရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

 

အဆင့်မြင့်ပညာကို အဆင့်မြှင့်တင်နိုင်ရေး၊ နိုင်ငံတကာအဆင့်မီ ရေးအတွက် ကျောင်းသား၊ ဆရာ၊ မိဘ၊ ကျောင်းအုပ်ချုပ်သူ၊ ကျောင်းသားဟောင်း၊ အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ ဝန်ကြီးဌာနများနှင့် နိုင်ငံတော်အစိုးရ အပါအဝင် အားလုံး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်နေသည်ကို တွေ့ရသည်။

 

အဆင့်မြင့်ပညာတွင် ကျောင်းပေါင်း ၁၇၆ ကျောင်းရှိသော်လည်း အဓိကကျောင်းမှာ ရန်ကုန်တက္ကသိုလ်ဖြစ်သည်။ တစ်ချိန်သောကာလက ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှ၌ အကောင်းဆုံး တက္ကသိုလ်ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီပညာရေးစနစ်ဖြင့် သင်ကြားနိုင်ခဲ့သည်။ ကျောင်း၏ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာများ ထူးခြားကောင်းမွန်သဖြင့် ထူးချွန်ထက်မြက်သော၊ အောင်မြင်ကျော်ကြားသော ကျောင်းသားများစွာ ပေါ်ထွက်ခဲ့သည်။ နိုင်ငံနှင့် ပြည်သူကို ထိရောက်စွာအကျိုးပြုခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ထိုကောင်းမွန်သော ပညာရေးစနစ်ကို ပြောင်းလဲကျင့်သုံးလိုက်သောကြောင့် မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးမှာ တန်ဖိုးလျော့ကျလာခဲ့သည်။ နိုင်ငံတကာအဆင့်မှ သွေဖည်ခဲ့သည်။ ယခုအခါ အဆင့်မြင့်ပညာကို ယခင်ကကဲ့သို့ နိုင်ငံတကာအဆင့်မီအောင် စတင်ကြိုးပမ်း အကောင်အထည်ဖော်နေပြီ။

 

ပညာရေးသည် နိုင်ငံတစ်နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော အရင်းအနှီးဖြစ်သည်။ တန်ဖိုးကြီးသော အရင်းအနှီးကို စနစ်တကျမြှုပ်နှံရန် လိုအပ်သည်။ ကောင်းမွန်သည့်အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး ခေတ်ရှေ့ပြေး တွေးတောကြံဆရမည့် ပညာဖြစ်သည်။ ပညာရေးဆိုသည်မှာ လုပ်ရိုးလုပ်စဉ် ကျောင်းတက်ပညာသင်ခြင်းထက် ပိုမိုနက်နဲ ကျယ်ဝန်းသည်။ စူးစမ်းလေ့လာလိုစိတ်ပြင်းပြကာ အမြဲမပြတ်သင်ယူ လေ့ကျင့်နေမှသာ ပညာတတ်ဟု ယူဆနိုင်သည်တို့ကို နှလုံးသွင်း၍ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာ ပြန်လည်ဖြစ်ထွန်းလာအောင် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ