အမေဇုန် မုတ်သုံသစ်တော မီးလောင်မှုက ကမ္ဘာကြီးကို စိုးရိမ်မှုမြင့်တက်စေ

ဝါရှင်တန် ၂၃  သြဂုတ်

ယခုလအတွင်း မှတ်တမ်းတင်လောက်သည့် အမေဇုန်သစ်တော မီးလောင်မှု ဖြစ်ပွားခဲ့ရာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘေးဒုက္ခများဖြစ်ပေါ်လာနိုင်ကာ ဇီဝမျိုးစုံ မျိုးကွဲများအား ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် သိပ္ပံညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအုပ်စုများ၏ စိုးရိမ်မှုများ မြင့်တက်လာကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။

မည်သည့်သစ်တောမဆို ပျက်စီးသွားပါက ဇီဝမျိုးစုံမျိုးကွဲများအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်လာနိုင်ပြီး ၎င်းတို့အပေါ် အမှီသဟဲပြုနေသည့် လူသားများအတွက်လည်း ဆိုးကျိုးများဖြစ်ပေါ်လာနိုင်စေကြောင်း ဂျော့ဂျ်မေဆွန် တက္ကသိုလ်မှ ဂေဟဗေဒပညာရှင် သောမက်စ်လက်ဗ်ဂျွိုင်းက ပြောသည်။

“တကယ့်ကို ကမ္ဘာ့လွှမ်းခြုံခြိမ်းခြောက်မှုကြီးကတော့ ကာဗွန်အမြောက်အမြားလေထုထဲသို့ ရောက်သွားမှာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြား လိုက်သည်။

ကမ္ဘာ့အကြီးဆုံး မုတ်သုံသစ်တောကြီးဖြစ်သည့် အမေဇုန်သစ်တောကြီးကို တစ်ခါတစ်ရံ ကမ္ဘာကြီး၏ အဆုတ်များဟု တင်စားခေါ်ဝေါ်ကြသည်။ အဆိုပါ မုတ်သုံသစ်တောကြီးထဲတွင် သစ်ပင်မျိုးစိတ်များနှင့် သတ္တဝါမျိုးစိတ်ပေါင်း သုံးသန်းခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်စုပေါင်း တစ်သန်းခန့်လည်း နေထိုင်ကြကြောင်းသိရသည်။

ကြီးမားကျယ်ပြောလှသည့် အမေဇုန်မုတ်သုံသစ်တောကြီးသည် ကမ္ဘာ့ဂေဟစနစ်အတွက် အလွန်ကို အရေးပါသည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ မုတ်သုံသစ်တောကြီးသည် လေထုထဲကို တန်ပြန်သက်ရောက်သွားမည့် အပူများကို စုပ်ယူလိုက်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်များကို သိုလှောင်ထားကာ အောက်ဆီဂျင်ကို ထုတ်ပေးသောကြောင့်ဖြစ်သည်။ အကယ်၍ အနည်းငယ်မျှသော ကာဗွန်ကိုထုတ်ပေးပါက ရာသီဥတုပြောင်းလဲမှုများကို လျော့ပါးစေနိုင်ကြောင်း သိပ္ပံပညာရှင်များ၏ အဆိုအရ သိရသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းပဋိပက္ခတွင် အောက်ဆီဂျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်ပျက်စီးစေမည့်ကိစ္စကို လုံးဝလက်မခံနိုင်ကြောင်းနှင့် အမေဇုန်မုတ်သုံသစ်တောကြီးသည် ၎င်းတို့ကို ထိန်းသိမ်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောသည်။

ဆင်ဟွာ