အမေနဲ့အတူ ဘဝရဲ့ကြမ်းတမ်းမှုတွေအားလုံးကို ကျော်ဖြတ်နေသည့် အိမ့်ချစ်

ရန်ကုန် ၂ ဧပြီ

 

အသက် ၂၇ နှစ်ပြည့်မွေးနေ့ကို မိခင်ဖြစ်သူ၏ အားအင်များကြောင့် ပိုမိုအဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနိုင်ခဲ့ပြီး ကလေးများအတွက် အချိန်ပေးရခြင်းကို ကျေနပ်မိကြောင်း အိမ့်ချစ်ကပြောသည်။

 

မတ် ၃၁ ရက်တွင် ၂၇ နှစ်ပြည့်မြောက်ခဲ့သည့် အိမ့်ချစ်က မွေးနေ့အကြိုပွဲကို မတ် ၃၀ ရက်တွင် လှိုင်သာယာမြို့နယ်ရှိ ဝေဠုဝန်နိကာယကျောင်းတွင် မိဘမဲ့ကလေးငယ်နှစ်ရာခန့်ကို Yangon Water Boom တွင် ဆော့ကစားစေပြီး ညနေပိုင်းတွင် မွေးနေ့ကိတ်ခွဲခြင်းကို ပြုလုပ်ခဲ့ကာ အဆိုပါပွဲနှင့် လှူဒါန်းခြင်းအတွက် ငွေကျပ် သိန်း ၅၀ အကုန်အကျခံ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

 

“ကိုယ်တိုင် မိဘရှိပါလျက်နဲ့ ဝေးကွာသလိုနေနေရတဲ့ ဘဝမို့ ကိုယ်ချင်းစာမိတာအမှန်ပါပဲ။ ညီမ ဒီဂီတလောကထဲကို မရောက်ခင်က အဖြစ်လေးတွေပေါ့။ အဖေနဲ့အမေ ကွဲကြတဲ့အခါကြားက မြေစာပင်က သားသမီးတွေပါ။ ငယ်ငယ်လေးကတည်းက ကျောင်းတက်ရင်တောင် အဖေရှိပါလျက် အဖေမဲ့ခဲ့ရသူဆိုတဲ့ အဖြစ်ကို ဝမ်းနည်းတာရှိခဲ့ဖူးတယ်။ ဒါတွေက ကိုယ်ရဲ့ အတိတ်ဘဝက ကံကြောင့်လို့ပဲ သတ်မှတ်ပါတယ်။ ဆယ်တန်းတုန်းက ကျောင်းတက်ရင် သူငယ်ချင်းမိဘတွေက ကျောင်းလာကြိုကြတာပေါ့။ သူတို့ သားသမီးတွေကို ဂရုစိုက်ကြတာမျိုးမြင်ရင် ငိုချင်တဲ့စိတ်ကို ထိန်းထားရတာမျိုးလည်း ရှိခဲ့ဖူးတယ်။ အမှန်တော့ အဲဒီတုန်းက အမေနဲ့အတူနေခဲ့တာလေ။ အမေကကြိုတာပို့တာ မလုပ်နိုင်ဘူး။ သူက ဈေးရောင်းရတယ်လေ။ အမှန်တော့ အမေကိုယ်တိုင်လည်း ကြိုတာပို့တာ လုပ်ချင်မှာပေါ့။ အမေက ဘယ်တော့မှ ကျွန်မကို စိတ်မချတတ်ဘူးလေ။ ဒါပေမယ့် အလုပ်ကတစ်ဖက်မို့ သူကမကြိုနိုင်ဘူး။ သူငယ်ချင်းတွေနဲ့ သူတို့မိဘတွေက ကူညီပေးကြတာကြောင့် အားရှိခဲ့ရသလို ကိုယ်အဆင်ပြေလာတော့လည်း ကိုယ်နဲ့ဘဝတူကလေးတွေကို ကူညီချင်မိတယ်။ အခုလှူဒါန်းတာက အိမ့်ချစ်ကိုယ်တိုင်ရောင်းထားတဲ့ အဝတ်အထည်လုပ်ငန်းကရတဲ့ အကျိုးအမြတ်တွေရော၊ အနုပညာကြေးတွေရော စုပေါင်းပြီး လှူဒါန်းဖြစ်တာပါ”ဟု အိမ့်ချစ်က ပြောပြသည်။

 

မွေးနေ့အမှတ်တရ အလှူပွဲတွင် ကလေးငယ်များ၏ ဆုတောင်းမေတ္တာသံကြောင့် ဂရုဏာအသံပိုင်ရှင် အိမ့်ချစ် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ပြီး ကလေးများအတွက်လည်း ပြည့်စုံတဲ့ဘဝတွေရရှိဖို့ ပြန်လည်ဆုတောင်း ပေးခဲ့ကြောင်း သူကပြောသည်။

 

“မိဘမရှိတာက အချိန်အတိုင်းအတာ တစ်ခုထိတော့ အခက်အခဲတွေရှိနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာ ပင်ကိုယ်အရည်အသွေးတွေ ရှိပါတယ်။ ဒါတွေကို အသုံးချပြီး ကိုယ့်ဘဝကို မြင့်မားအောင်ကြိုးစားခွင့်က လူတိုင်းမှာရှိတယ်လေ။ မိဘမရှိပေမယ့် ချစ်တဲ့ခင်တဲ့၊ စာနာတဲ့လူတွေ ရှိတယ်ဆိုတာကို သူတို့အားလုံးကို သိစေချင်တယ်”ဟု အိမ့်ချစ်က ပြောကြားသည်။

 

လှိုင်သာယာမြို့နယ်ရှိ ဝေဠုဝန်နိကာယအောင်ချမ်းသာ ဘုန်းတော်ကြီးကျောင်းတွင် မိဘမဲ့များ၊ ဆင်းရဲနွမ်းပါးသူများ စုစုပေါင်း ၄၇၀ ခန့်ရှိပြီး အိမ့်ချစ်က ကျန်းမာသန်စွမ်းပြီး ဆော့ကစားရန် အသက်ပြည့်မီသည့် ကလေး ၂၀ဝ ခန့်အား WaterBoom သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင်ကလေးများအား နေ့လယ်စာ၊ ညနေစာ၊ အဆာပြေအစားအစာ၊ စာရေးကိရိယာ၊ အရုပ်များနှင့် ကျောပိုးအိတ်များ စသည်ဖြင့် ကလေးဘဝက အရုပ်များ၊ ပရိသတ်များ လက်ဆောင်များအား ပြန်လည်ဝေမျှခဲ့ခြင်းဖြစ်သည်။

 

“ကလေးတွေဆိုတာ ဆော့ဖို့ ကစားဖို့ အာရုံအများကြီးရှိတယ်လေ။ သူတို့အတွက် စိတ်အဝင်စားဆုံးက ဆော့ဖို့ပဲ။ မိဘတွေ တတ်နိုင်တဲ့အခါ ကျောင်းပိတ်ရက်တွေမှာ အလည်အပတ်တွေသွားကြတယ်။ ကလေးတွေပျော်အောင် ကစားကွင်းတွေပို့ကြတယ်။ ဒါကြောင့် အိမ့်ချစ်ကလည်း မွေးနေ့မှာ ကလေးတွေကို ပျော်အောင်စီစဉ်ပေးတာပါ။ ကျွန်မ မွေးနေ့ပါတီတွေ သိပ်မလုပ်ဖြစ်ပါဘူး။ အခုတော့ သူတို့အတွက် ကျွန်မရဲ့လက်ဆောင် အင်္ကျီဆင်တူလေးတွေနဲ့ သူတို့တစ်နေ့တာကို စိတ်လှုပ်ရှားနေကြတာမြင်ရတော့ ကျွန်မလည်း ပျော်တယ်။ အားလုံးလည်း ကျွန်မလို Idea လေးတွေရသွားပြီး မိဘမဲ့ကလေးတွေကို ကူညီပေးရင် ပိုပြီး ဝမ်းသာစရာကောင်းမယ်”ဟု အိမ့်ချစ်က ပြောသည်။

 

ကိုလင်း