အမေရိကန် လျှို့ဝှက်တပ်ဖွဲ့ဝင်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

၁၄ နိုဝင်ဘာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်နဲ့ အိမ်ဖြူတော် လုံခြုံရေး တာဝန်ယူထားတဲ့ အမေရိကန်လျှို့ဝှက်တပ်ဖွဲ့ဝင် (US Secret Service) မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း အမေရိကန်နိုင်ငံက သတင်းဌာနတွေက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်လျှို့ဝှက်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူတွေနဲ့ တွေ့ထိမှု သို့မဟုတ် ပိုးတွေ့ရှိတဲ့အတွက် သီးသန့်စောင့်ကြည့်မှုအောက်မှု နေထိုင်နေရကြောင်း ဝါရှင်တန် ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။

လျှို့ဝှက်တပ်ဖွဲ့ဝင်တွေဟာ ထရမ့်ရဲ့ မဲဆွယ်ရေးခရီးစဉ်တွေကို လိုက်ပါကြရပြီး အဲဒီခရီးစဉ်တွေအတွင်းမှာ အများစုဟာ မျက်နှာဖုံးဝတ်ဆင်ခြင်းမရှိတာ များတဲ့အတွက် အခုလိုမျိုး ပိုးတွေ့ရှိမှု ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲညမှာကျင်းပတဲ့ ပါတီပွဲအပါဝင် အိမ်ဖြူတော်မှာ သီတင်း ၃ ပတ်အတွင်း ကျင်းပတဲ့ အခမ်းအနားတွေမှာလည်း တက်ရောက်သူ အများစုဟာ မျက်နှာဖုံးဝတ်ဆင်ခြင်း မရှိတာကို တွေ့ရပါတယ်။

အဲဒီအခမ်းအနားတွေနောက်ပိုင်း အိမ်ဖြူတော်အကြီးအကဲ မက်ခ် မီဒိုးမှာတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။

နယူးယောက်တိုင်းမ်းရဲ့ သတင်းတစ်ပုဒ်အရ အခုသီတင်းပတ်တွေအတွင်း Secret Service အဖွဲ့ဝင် အနည်းဆုံး ၃၀ မှာ ပိုးတွေ့ရှိကြောင်းနဲ့ ၆၀ လောက်ကို သီးသန့်စောင့်ကြည့်နေထိုင်ရကြောင်း ရေးသားထားပါတယ်။

ပြည်ထဲရေးလက်အောက်ရှိ အမေရိကန် လျှို့ဝှက်တပ်ဖွဲ့ဝင် (Secret Service) ၇,၀၀၀ နီးပါးရှိပြီး၊ အဲဒီတပ်ဖွဲ့ဝင်တွေဟာ အိမ်ဖြူတော်၊ သမ္မတ၊ ဒုသမ္မတ၊ ရွေးကောက်ခံသမ္မတနဲ့ တခြားကိစ္စတွေမှာ လုံခြုံရေးတာဝန်ယူရကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP