အမေရိကန်-တောင်ကိုရီးယား စစ်ရေးအသုံးစရိတ် ခွဲဝေမှုဆိုင်ရာ ဆွေးနွေးပွဲများ ပြန်လည်စတင်

၁၇ ဒီဇင်ဘာ

 

အမေရိကန် ပြည်ထောင်စု နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အမေရိကန်စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များကို လက်ခံရန် လာမည့်နှစ်တွင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် စစ်ရေးအသုံးစရိတ် မည်မျှ ကျခံသင့်ကြောင်း နှင့်ပတ်သက်ပြီး ကွာဟချက် နဲပါးစေရန် ငါးကြိမ်မြောက် ဆွေးနွေးပွဲကျင်းပနေခြင်း ဖြစ်သည်။

 

အဆိုပါ နှစ်ရက်ကြာ ဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံတွင် အင်္ဂါနေ့က စတင်ကျင်းပခဲ့သည်။ နှစ်နိုင်ငံ ဆွေးနွေးပွဲများကို စက်တင်ဘာလက စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားနိုင်ငံကို ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ (သို့မဟုတ်) ယခုနှစ်ငွေပမာဏထက်ငါးဆကျော် ထည့်ဝင်ရန် တောင်းဆိုထားသည်။

 

စစ်ရေးအသုံးစရိတ် ခွဲဝေမျှခံခြင်းသည် တရားမျှတပြီးသဘာဝကျသည်ဟု တောင်ကိုရီးယားနိုင်ငံက အခိုင်အမာပြောဆိုသည်။

 

နှစ်ဖက်စလုံး ယခုနှစ်တွင် သဘောတူညီမှုရရန် ခက်ခဲနိုင်ပြီး အလှမ်းဝေးနေဆဲ ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

 

ကုန်ကျစရိတ်ခွဲဝေမှုဆိုင်ရာ ဆွေးနွေးပွဲများအပေါ်  သဘောထားကွဲလွဲမှုသည် မဟာမိတ်ပြုခြင်းကို ထိခိုက်စေနိုင်သဖြင့် စိုးရိမ်ပူပန်မှုများ ကြီးထွားလာနေကြောင်း ဖော်ပြထားသည်။

 

အမေရိကန်စစ်တပ်များ တောင်ကိုရီးယားနိုင်ငံတွင်တပ်စွဲသည့် ကုန်ကျစရိတ်အပေါ် လာမည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်ရှိချိန်ကစပြီး ဂျပန်နိုင်ငံအနေဖြင့် ယင်းဆွေးနွေးပွဲကို အနီးကပ်စောင့်ကြည့်နေသည်ဟု သိရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို