အမေရိကန်အင်အားလျှော့ချလိုက်တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဘာတွေဆက်ဖြစ်လာမလဲ

၁၄ ဇန်နဝါရီ

 

တူရကီ၊ အီရန်နဲ့ ရုရှားတို့ပေါင်းပြီး ဆီးရီးယားစစ်ပွဲပြီးဆုံးရေးအတွက် ဆွေးနွေးကြတဲ့အခါ အဲဒီဆွေးနွေးပွဲမှာ အမေရိကန် ပါမလာခဲ့ပါဘူး။ အစ္စရေး-ပါလက်စတိုင်းပြဿနာဟာလည်း နှစ်ပေါင်းများစွာတိုင်အောင် ဖြေရှင်းနိုင်ခြင်းမရှိဘဲ အေးစက်နေပါတယ်။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ သမ္မတထရမ့်ရဲ့ အကြံအစည်ဟာလည်း ထွက်ပေါက်မရောက်ဘဲ လမ်းပျောက်နေပါတယ်။

 

ကမ္ဘာပေါ်မှာပြဿနာအများဆုံးဒေသ အရှေ့အလယ်ပိုင်းဒေသမှာ ဘယ်လိုပြဿနာ ဆိုးတွေပဲရှိရှိ ၊ နောက်ထပ် ဘာပြဿနာမျိုးပဲ လာလာ အမေရိကန်ကတော့ ဆီးရီးယားကနေ နောက်ဆုတ်ဖို့ လုပ်နေပါပြီ။ ဆီးရီးယားမှ အမေရိကန်တပ်တွေကို ရုပ်သိမ်းမှုစတင်တဲ့အနေနဲ့ သောကြာနေ့ကပဲ လက်နက်တွေကို စတင်ဖယ်ရှားမှုတွေ ပြုလုပ်နေပြီလို့ အမေရိကန်တပ်ဖွဲ့က ပြောပါတယ်။

 

အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ ကင်းကွာသွားတော့မှာဖြစ်ပြီး ဒီလိုဆိုရင် ကမ္ဘာပေါ်မှာ ပြဿနာအဖြစ်အများဆုံးဒေသဖြစ်တဲ့ အရှေ့အလယ်ပိုင်းမှာ ရိုက်ခတ်မှုကြီးကြီးမားမား သက်ရောက်နိုင်ပါတယ်။ အခုလို အမေရိကန်က နောက်ဆုတ်သွားတဲ့အခါ ရုရှား၊ အီရန်နဲ့ ဒေသတွင်း အင်အားကြီးခေါင်းဆောင်တွေဟာ ဒေသတွင်း အနာဂတ်အတွက် အစီအစဉ်တွေရေးဆွဲဖို့ ခြေလှမ်း တွေစတင်နေပါပြီ။

 

အရှေ့အလယ်ပိုင်း၌ အမေရိကန်၏ပါဝင်မှု စစ်အေးကာလပြီးဆုံးကတည်းက အရှေ့ အလယ်ပိုင်းအရေးကိစ္စဟာ အမေရိကန်နိုင်ငံခြား ရေးမူဝါဒမှာ ထိပ်ဆုံးကရှိနေခဲ့ပါတယ်။ ၁၉၉၀- ၁၉၉၁ ပါရှန်းပင်လယ်ကွေ့စစ်ပွဲ၊ ၂၀ဝ၃ ခုနှစ် အမေရိကန်တို့က အီရတ်နိုင်ငံအပေါ်ကျူးကျော်မှု၊ အာရပ် နွေဦးတော်လှန်မှု၊ အိုင်အက်စ်စစ်သွေးတွေလည်း အများကြီးပါပဲ။ ဒီအတွက်လည်း အမေရိကန် ခေါင်းဆောင်တွေမှာ အကြောင်းပြချက် အများကြီးရှိပါတယ်။

 

အာဏာရှင်စနစ်နေရာမှာ ဒီမိုကရေစီ စနစ်ကိုအစားထိုးဖို့၊ တရားဥပဒေစိုးမိုးမှုကို မြှင့်တင်ဖို့၊ အစိုးရရဲ့ မဟာမိတ်တွေဘက်က ရပ်တည်ပေးဖို့နဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ စတဲ့ အကြောင်းပြချက်တွေနဲ့ပဲ လှုပ်ရှားသက်ဝင်ခဲ့ပါတယ်။ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ ပါဝင်ပတ်သက်မှုတွေကို လျှော့ချဖို့ ပြင်ဆင်နေပါတယ်။

 

ဘာကြောင့်လဲဆိုရင် ကမ္ဘာ့အခြားနေရာတွေမှာ လုပ်ဆောင်ဖို့ကျန်ရှိနေတာတွေ အများကြီးရှိနေလို့ပါလို့ ကိုလံဘီယာတက္ကသိုလ်မှ အရှေ့အလယ်ပိုင်းအရေးကျွမ်းကျင်သူ ဂယ်ရီစတစ်က ပြောပါတယ်။ ဂယ်ရီစတစ်ဟာသမ္မတသုံးဆက် တိုင်တိုင် အမျိုးသားလုံခြုံရေးကောင်စီမှာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်တယ်။

 

တပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းဖို့ဆန္ဒရှိ သမ္မတ အိုဘားမားလက်ထက်တုန်းကရော၊ အခုလက်ရှိ သမ္မတထရမ့်လက်ထက်မှာရော အစိုးရ အဖွဲ့ဟာ အရှေ့အလယ်ပိုင်းဒေသအပေါ် အမြင်ချင်း ကတော့ အတူတူပါပဲ။ သူတို့ရဲ့စကားလုံးတွေ၊ ပုံစံတွေကွဲပြားပေမယ့် သူတို့နှစ်ဦးစလုံးကတော့ အရှေ့အလယ်ပိုင်းဒေသကို စိတ်အနှောင့်အယှက် ဖြစ်စရာ၊ အမေရိကန်တွေရဲ့ ဦးစားပေးအခွင့်အရေး တွေကို စုပ်ယူသွားတဲ့နေရာအဖြစ် ရှုမြင်ကြပါတယ်။ အီရန်ကို အမေရိကန်တို့ ဝင်ရောက်တိုက်ခိုက်ပြီး နှစ်အနည်းငယ်အကြာ အရှေ့အလယ်ပိုင်းက တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းဖို့ ဆန္ဒရှိခဲ့ပါတယ်။

 

အစ္စရေးအင်အားတောင့်တင်းလာ 

 

အမေရိကန်ရဲ့စစ်ရေးအရပါဝင်မှုဟာ ပိုပြီးကောင်းအောင် လုပ်လာနိုင်တဲ့ကိစ္စတွေမရှိဘူးလို့လည်း ထင်လာပါတယ်။ ပါရှန်းပင်လယ်ကွေ့က ရေနံတွေ လွတ်လွတ်လပ်လပ်စီးဆင်းဖို့ရာ အမေရိကန်ရဲ့ ကာကွယ်ပေးမှု ဒီထက်ပိုပြီးမလိုအပ်တော့ ပါဘူး။ ဥပမာ-ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်မှုကြောင့် အရှေ့အလယ်ပိုင်းက ရေနံအပေါ် မှီခိုအားထားရ လွန်းခြင်းကို လျော့နည်းလာစေနိုင်ပါတယ်။ အစ္စရေးဟာလည်း အခုဆိုရင် အရှေ့အလယ်ပိုင်း ဒေသမှာအကောင်းဆုံးစစ်ရေးအင်အားကို ပိုင်ဆိုင်ထားပြီး အိမ်နီးချင်းနိုင်ငံတွေ စီးပွားရေးယိုင်နဲ့နေ တဲ့အချိန်မှာ အစ္စရေးကတော့ ခိုင်မာတောင့်တင်းတဲ့ စီးပွားရေးအင်အားကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာလည်း စစ်ရေးမှာ အမေရိကန်ကိုမှီခိုအားထား ရလွန်းခြင်းကို လျှော့ချနိ်ုင်တဲ့အချက်တစ်ချက်ပါ။

 

အကောင်းနဲ့အဆိုး ရောထွေးနေ 

 

အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ ပါဝင်မှုဟာ ပိုပြီးကောင်းလာတာတွေရှိသလို ဆိုးသွားစေတဲ့ အချက်တွေလည်းရှိပါတယ်။ အကောင်းနဲ့အဆိုးဟာ ရောထွေးနေပါတယ်လို့ မစ္စတာဂယ်ရီစတစ်က ဆက်ပြောပါတယ်။ အမေရိကန်ရဲ့ ပါဝင်မှုကြောင့် ပိုပြီးဆိုးသွားစေတဲ့အရာ တွေလည်းရှိခဲ့သလို အမေရိကန်က ဒီဒေသကနေ ဆက်လက်ပါဝင်ခြင်းမရှိတော့ဘဲ နုတ်ထွက်သွား တော့မယ်ဆိုရင်လည်း ဆိုးဆိုးရွားရွားပျက်စီးသွား မယ့်အရာတွေမရှိပါဘူးလို့ သူကဆက်ပြောပါတယ်။

 

ဒါပေမယ့်လည်း အမေရိကန်ရဲ့ ပါဝင်မှုကြောင့် ကောင်းသွားတဲ့ အရာတွေလည်းရှိတယ်ဆိုပြီး အငြင်းပွားကြသူတွေလည်း ရှိပါတယ်။ ဥပမာလစ်ဗျားက အာဏာရှင် ကဒါဖီဟာဆိုရင် အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် နျူကလီးယားစီမံကိန်းကို လက်လျှော့လိုက်ရတာပါ။ အစ္စရေး-ပါလက် စတိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်ဟာလည်းအမေရိကန် ရဲ့ပါဝင်မှု နဲ့ အစပြုခဲ့တာပါ။ ဒါပေမယ့် သမ္မတထရမ့် ရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ တဲလ်အဗစ်မြို့က အစ္စရေး သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့လိုက်တာ ကတော့ ခြွင်းချက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်ရှိခဲ့တဲ့အတွက် ပါလက်စတိုင်းဟာအမေရိကန်ကို ယခင်ကအစ္စရေးနဲ့ ပါလက်စတိုင်းကြား စေ့စပ်ပေးသူအဖြစ် လက်ခံထားပေမယ့် အခုအခါမှာတော့ ယုံကြည်မှုတွေ ယိုင်နဲ့လာပါတယ်။ ပြီးတော့ အီဂျစ်နဲ့ဆော်ဒီအာရေဗျကိုလည်း နိုင်ငံရေးအရ ပွင့်လင်းမှုတွေရှိလာအောင် အမေရိကန်သမ္မတ အဆက်ဆက်က ဖိအားပေးခဲ့ပါတယ်။

 

ဂုဏ်သိက္ခာကျဆင်း 

 

လက်ရှိအမေရိကန်သမ္မတ ထရမ့်ဟာ လူ့အခွင့်အရေးအကြောင်း အပြောနည်းပေမယ့် အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာ ချန်ပီယံပဲလို့ ပြောစမှတ်ပြုဆဲပဲလို့ သုတေသီတွေက ပြောပါတယ်။ သမ္မတအိုဘားမား လက်ထက်တုန်းက အီဂျစ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အရပ်သားရာနဲ့ချီပြီး သတ်ဖြတ်တာခံခဲ့ ရပါတယ်။ အလားတူ ဆော်ဒီအာရေဗျမှာလည်း တစ်မနက်တည်းနဲ့တင် လူပေါင်း ၄၇ ဦးကို သုတ်သင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနှစ်နိုင်ငံစလုံးဟာ ဘယ်အရေးယူ ပိတ်ဆို့မှုနဲ့မှ မကြုံခဲ့ရပါဘူး။ အဲဒီလို ဖြစ်ရပ်တွေကြောင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့မှာ ချန်ပီယံလို့ ကြွေးကြော်နိုင်ခဲ့တဲ့ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသ မှာတော့ ဂုဏ်သိက္ခာကျဆင်းခဲ့ရပါတယ်။ ဒီလိုမျိုးစံနှုန်းတွေ ဆုံးရှုံးသွားတာဟာဆိုရင် ဝမ်းနည်းစရာကောင်းလှပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ စံနှုန်းတွေကို ဒီထက်ပိုပြီး ထိန်းမထားနိုင်တော့ဘူးလို့ ကာနီဂီအရှေ့အလယ်ပိုင်းစင်တာမှ ညွှန်ကြားရေးမှူး မဟာရာရာ က ပြောပါတယ်။

 

ကွက်လပ်ဖြည့်ဖို့ ကြိုးစား 

 

အာရပ်အုပ်ချုပ်သူတွေမှာ လူ့အခွင့်အရေး ချိုးဖောက်လို့ ဘာမှမဖြစ်ဘူးဆိုပြီး အတွေးတွေ ဝင်လာတဲ့အချိန် အမေရိကန်က ဒီလိုနောက်ဆုတ်သွားတော့ ဒေသတွင်းအာဏာတွေဟာ အခြား နိုင်ငံတွေအပေါ် လွှဲပြောင်းသွားပါတယ်။ အမေရိကန်က သိပ်ပြီးအရေးတယူမလုပ်တော့ ဆော်ဒီ ကလည်း ယီမင်နိုင်ငံကို ကျူးကျော်လာနိုင်တယ်။ ရှည်ကြာတဲ့ ပြည်တွင်းစစ်ဖြစ်လာပြီး ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပြဿနာဖြစ်လာတယ်။ အီရန်ကလည်းဆီးရီးယား၊ အီရတ်၊ လက်ဘနွန်၊ ယီမင်တို့မှာ စစ်ရေးအရ ချည်နှောင်မှုတွေအများကြီး လုပ်လာနိုင်တယ်။ အမေရိကန်က ဆီးရီးယား အရှေ့ပိုင်းကနေ ဆုတ်ခွာလာတာဟာဆိုရင် ရုရှား၊ တူရကီနဲ့ အီရန် တို့ကြား အမေရိကန်ရဲ့ကွက်လပ်ကို ဖြည့်ဆည်းဖို့ ကြိုးစားမှုတွေ ပေါ်ပေါက်လာတယ်။

 

နှိုင်းယှဉ်မှုတွေလုပ်လာ 

 

အမေရိကန်ဟာ ဆီးရီးယားက သူ့ရဲ့တပ်ဖွဲ့ဝင် တွေကို ပြန်ခေါ်တော့မယ်လို့ ကြေညာပြီးတဲ့နောက် သုတေသီတွေဟာ သမ္မတအိုဘားမားလက်ထက် အီရတ်က တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းဖို့စီစဉ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်လာကြတယ်။ အီရတ်မှာတုန်းကလည်း အမေရိကန်ရဲ့ စစ်ရေးအရ ပါဝင်မှုဟာ ဒီထက်ပိုပြီး အရေးမပါတော့ဘူးဆိုတာ သိလာတဲ့နောက် တပ်ဖွဲ့ဝင်တွေပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီလို ဆုံးဖြတ်ပြီး နှစ်အနည်းငယ် အတွင်းမှာပဲ အစွန်းရောက်တွေ အားကောင်းပြီး အကြမ်းဖက်မှုတွေ ပြန်လည်ခေါင်းထောင်လာခဲ့တယ်။ အဲဒီနောက် အိုင်အက်စ်ဆိုပြီး ဖြစ်လာခဲ့တယ်။ အဲဒီအခါမှာ အမေရိကန်ရဲ့စစ်ဆင်ရေးတွေ ပြန်လုပ်လာရတယ်။ အခုတစ်ခါ ဆီးရီးယားက တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းတဲ့အခါမှာရော နောက်ဆက်တွဲ ဘာတွေဖြစ်လာမှာလဲဆိုပြီး စိုးရိမ်သူတွေလည်းရှိနေ ကြပါတယ်။ ။ 

 

ကိုးကား -နယူးယောက်တိုင်းမ်