အမေရိကန်ဒေါ်လာ ၆သန်းကျော် တန်ဖိုးရှိ အက်စ်တာစီ မူးယစ်ဆေးပြား မလေးရှားမှာဖမ်းမိ

၂၃ သြဂုတ်

မလေးရှားနိုင်ငံမှာ ဒီနှစ်အတွက် ဆေးပြားအများဆုံးဖမ်းဆီးနိုင်တယ်လို့ ဆိုနိုင်တဲ့ အက်စ်တာစီ ဆေးပြားနဲ့ စိတ်ကြွဆေးပြား (methamphetamine) ကီလီဂရမ် ၅၀ဝ ကျော်ကို ဖမ်းမိခဲ့ကြောင်း၊ အဲဒီမူးယစ်ဆေးပြားတွေရဲ့ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆.၃၅ သန်း တန်ဖိုးရှိကြောင်း မလေးရှားရဲဌာနက ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံ ပီနန်မှာရှိနေတဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိတဲ့ နေရာတွေကို ဝင်ရောက်ဖမ်းဆီရာ အသက် ၃၅ နှစ်ကနေ ၅၉ နှစ်ကြား အမျိုးသား ၄ ဦးကိုပါ ဖမ်းဆီရရှိခဲ့ကြောင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန အကြီးအကဲက ပြောပါတယ်။ 

ပီနန်က နေရာ ၂ နေရာကို ဝင်ရောက်ရှာဖွေရာ ပထမနေရာတွင် အမျိုးသား ၂ ဦးနဲ့အတူ စိတ်ကြွဆေးပြား (methamphetamine) အထုတ်ပေါင်း ၁၅၉ ထုတ် ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီ အိတ်ထုတ်ပေါ်မှာ တရုတ်နိုင်ငံမှာ တင်သွင်းသော လက်ဖက်ခြောက်လို့ ရေးသားထားတာကို တွေ့ရပါတယ်။ ပထမနေရာရဲ့ ကွင်းဆက်အဖြစ် ဒုတိယနေရာကို ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါးကုန်သည်လို့ ယူဆရတဲ့ အမျိုးသားတစ်ယောက်ကို ထပ်မံဖမ်းဆီး နိုင်ပါတယ်။ 

ဒါ့အပြင် စိတ်ကြွဆေးပြား (methamphetamine) ထည့်ထားတဲ့ အိတ်ပေါင်း ၃၁၄ အိတ်နဲ့ အက်စတာစီ ဆေးပြားထည့်ထားသော ၁၃ အိတ်တို့နဲ့အတူ အိမ်အစောင့်ယူဆရသူ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီရရှိခဲ့ကြောင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနအကြီးကဲက ဆက်ပြောပါတယ်။  မူးယစ်ဆေးပြားများနှင့်အတူ ကား ၃စီး ငွေကြေး၊ လက်ဝတ်ရတနာနှင့် လက်ပတ်နာရီတစ်လုံးကိုပါ သိမ်းဆည်းခဲ့ပါတယ်။ 

မလေးရှားနိုင်ငံမှာ ၂၀၁၈ ဇန်နဝါရီလမှ သြဂုတ်လ ၁၆ ရက်နေ့အထိ မူးယစ်ဆေး တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁.၁၁ သန်းကို အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

မူးယစ်ဆေးနဲ့ပတ်သတ်တဲ့ လူပေါင်း တစ်သိန်း လေးထောင် သုံးရာ ရှစ်ဆယ့်လေးယောက်ကိုလည်း ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁.၅၉ သန်းကိုပါ သိမ်းဆည်းထားပြီးဖြစ်ပါတယ်။ 

ဒီတပတ်ထဲမှာ  မလေးရှားနိုင်ငံကို ပို့မယ့် စိတ်ကြွဆေးပြား (methamphetamine) ဆေးပြား ၁၄ သန်းကို ထိ်ုင်နိုင်ငံမှာ ဖမ်းဆီးခဲ့ပါသေးတယ်။ အဲဒီဆေးပြားတွေဟာ ဥရောပ၊ အမေရိကန်၊ သြစတြေးလျား၊ ဂျပန်၊ စင်ကာပူနဲ့ ကိုရီးယားနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်းကို ဖြန့်ချီဖို့အတွက် မူးယစ်ဆေးတွေဖြစ်ပါတယ်လို့ ရဲဌာန ပြောခွင့်ရသူက ဆိုပါတယ်။

MDN
ကိုးကား CNA