အမေရိကန်နိုင်ငံတစ်ဝန်း မြန်ဆန်တဲ့ ကိုဗစ်လှိုင်းဂယက်ဖြစ်ပွားစေခဲ့တဲ့ အိုမီခရွန်

ထွန်းကျော်

 

ကမ္ဘာတစ်ဝန်း အိုမီခရွန်ဗီဇပြောင်းမျိုးကွဲက မီးလောင်ရာလေပင့်သကဲ့သို့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ပိုမိုအားကောင်းစေခဲ့ခြင်းက အမေရိကန်ပြည်ထောင်စုရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမှုကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ထို့အတူ သေဆုံးမှုတွေလည်း ပိုမိုဖြစ်ပွားစေခဲ့ပါတယ်။ ကိုဗစ်-၁၉ ဒဏ်ခံနိုင်ငံကို လှုပ်လေမြုပ်လေ ပုံစံမျိုး ဖြစ်စေခဲ့ပါတယ်။

 

နိုင်ငံကိုဖရိုဖရဲဖြစ်စေ

 

ပြင်းထန်သေဆုံးစေတတ်ပြီး ရောဂါဖြစ်ပွားစေတတ်တဲ့ ပစ္စည်းက အခုအချိန်အထိ နိုင်ငံကို ဖရိုဖရဲဖြစ်စေတုန်းပါ။ အဲဒီလိုအခြေအနေက ဆေးရုံတွေကို အလုပ်ဝန်ပိမှုတွေ ဖြစ်စေပါတယ်။ အလုပ်သမား ပြတ်လပ်မှုတွေသာမက လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အနှောင့်အယှက်ကိုလည်း ဖြစ်စေပါတယ်။ အမေရိကန်မီဒီယာများနဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေကို ခန့်မှန်းထားရမယ်လို့ ပြောကြားထားပါတယ်။

 

အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာခြင်းဟာ သူ့ရဲ့ထိရောက်တဲ့ စွမ်းအားတွေနဲ့အတူ အမေရိကန် ပြည်ထောင်စုတစ်ဝန်း မြန်ဆန်တဲ့ ကိုဗစ်လှိုင်းဂယက် ဖြစ်ပွားလာခဲ့ပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ ကိုဗစ်၁၉ သေဆုံးနှုန်းဟာ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် ပိုနေပါတယ်။ ဒါတောင် အမေရိကန်ပြည်ထောင်စုတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပြီးတဲ့အရေအတွက်ဟာ တခြားနိုင်ငံတွေထက် များတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

သေဆုံးနှုန်းအမြင့်ဆုံး  

 

လက်ရှိမှာတော့ နိုင်ငံတစ်ဝန်း နေ့စဉ်ကိုဗစ်-၁၉ သေဆုံးနှုန်းဟာ ၂၆၀၀ ကျော်ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ထက် ၃၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ  လူ့အသက်ပေါင်း ၉၀၀၀၀၀ ကျော်ကို သေဆုံးစေခဲ့ပါတယ်။ ဒီနှုန်းဟာ  ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတစ်ခုချင်းစီအနေနဲ့ဆိုရင်တော့ အမြင့်ဆုံးနှုန်း လို့ ပြောရမှာဖြစ်ပါတယ်။

 

နယူးယောက်တိုင်းမ်ရဲ့ ဖော်ပြချက်အရ အမေရိကန်တွေဟာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး လမ်းပျောက်နေတဲ့ အခြေအနေလို့ သိရပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအသစ်တွေနဲ့ ဆေးရုံတက်တဲ့ပမာဏ  ကျဆင်းသွားတယ်လို့ဆိုသော်လည်း သေဆုံးသူတွေဟာ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုဟာ အမေရိကန် ပြည်သူများကြား ပျံ့နှံ့လျက်ရှိပါတယ်။

 

ဇန်နဝါရီလလယ်လောက် ကိုဗစ်-၁၉ အမြင့်ဆုံးကူးစက်ဖြစ်ပွားမှု အခြေအနေမှာ အကြမ်းဖျင်းအားဖြင့် အမေရိကန် ငါးဦးမှာ တစ်ဦးလောက် ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလလယ် ကိုဗစ်-၁၉ အမြင့်ဆုံး ကူးစက်မှုပြီးဆုံးချိန်မှာတော့ ကိုဗစ်-၁၉ ကူးစက်နှုန်းဟာ နှစ်ဆလောက် မြင့်တက်လာနိုင်ပါတယ်။

 

ကူးစက်ခံရသူ ၅ ရာခိုင်နှုန်းဖျားနာ

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူတိုင်း ဖျားနာကြတာတော့ မဟုတ်ပါဘူး။ သို့သော်လည်း ကူးစက်ခံရသူ ၅ ရာခိုင်နှုန်းဟာ ဖျားနာကြတယ်လို့ သိရပါတယ်။

 

အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုဟာ နေရာအတော်များများမှာ  ထိပ်ဆုံးရောက်နေပါတယ်။ ဖေဖော်ဝါရီလမှာလည်း အလားတူ ကူးစက်မှု မြင့်တက်နိုင်ပါတယ်။ ဒီအခြေအနေမှာ ဆေးရုံတွေ၊ စက်ရုံတွေမှာ အလုပ်သမား ပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဝေါစထရိဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

ညွှန်ကြားချက်အတိုင်းမလုပ်ရင် မတိကျနိုင်

 

အစိုးရက နေအိမ်၌ ကိုဗစ်-၁၉ အခမဲ့စစ်ဆေးတဲ့ စစ်ဆေးမှုတွေကို COVIDTests.gov စာရင်းသွင်းထားတဲ့သူတွေဆိုကို ပေးပို့တဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။ စစ်ဆေးမှု တစ်ဘီလီယံကို အမေရိကန်စာတိုက်မှတစ်ဆင့် ဖြန့်ဖြူးပေးဖို့အတွက် ညွှန်ကြားထားပါတယ်။ သို့သော်လည်း နိုင်ငံတစ်ဝန်း တာရှည်နေတဲ့ အေးတဲ့ရာသီဥတုက မကောင်းတဲ့အချက်တစ်ခု ဖြစ်နေပါတယ်။

 

နေအိမ် ကိုဗစ်-၁၉ စစ်ဆေးမှုထုတ်ကုန်တွေကို အပူချိန် ၃၅ ဒီဂရီ ဖာရင်ဟိုက် (၁ ဒသမ ၆၇ ဒီဂရီ ဆဲလ်စီးယက်စ်) အထက်မှာ သိုလှောင်ဖို့ အကြံပြုထားပါတယ်။ အဲဒီမှာပါတဲ့ ဓာတ်စမ်းပစ္စည်းအရည်က  နေအိမ်ကိုဗစ်-၁၉ စစ်ဆေးခြင်းတွေမှာ ညွှန်ကြားချက်အတိုင်းမလုပ်ဘူးဆိုရင် ခဲသွားနိုင်ချေရှိတတ်ပါတယ်။ အဲလိုဖြစ်ခဲ့မယ်ဆိုရင် တိကျမှုက လျော့နည်းသွားနိုင်ပါတယ်လို့ ကျွမ်းကျင်ပညာရှင်တစ်ဦးက သတိပေးထားပါတယ်။

 

အင်န် 95 ပါးစပ်နှာခေါင်းစည်းက ကိုရိုနာဗိုင်းရပ်စ်ကိုပိုမိုကာကွယ်နိုင်

 

အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ဖေဖော်ဝါရီ ၇ ရက်က ကိုယ်ခံအားစနစ် နည်းတဲ့သူတွေကို ဖိုက်ဇာ-ဘီရွန်တက် သို့မဟုတ် မော်ဒါးနား ကာကွယ်ဆေးထိုးပြီး ငါးလအစား သုံးလ ကြာပြီးနောက်မှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ညွှန်ကြားချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။

 

ထို့အတူ ဖေဖော်ဝါရီ ၄ ရက်ကလည်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက သူ့ရဲ့ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရမယ့် ညွှန်ကြားချက်ကိုလည်း ပိုမိုကောင်းမွန်အောင်ပြုပြင် မွမ်းမံခဲ့ပါတယ်။

 

အဲဒီမွမ်းမံလိုက်တဲ့အချက်ထဲမှာ ခွဲစိတ်ခန်းသုံး ပါးစပ်နှာခေါင်း စည်းတွေဟာ ရောဂါကူးစက်နိုင်မှုကို ၆၆ ရာခိုင်နှုန်းပဲ လျှော့ချနိုင်ကြောင်းနဲ့ အရည်အသွေး ပိုမိုကောင်းမွန်တဲ့ အင်န် 95 ပါးစပ်နှာခေါင်းစည်းနဲ့ ကေအင်န် 95 ပါးစပ်နှာခေါင်းစည်းတို့ဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ပိုမိုကာကွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

 

အမြင်မတူမှုတွေရှိနေ သို့သော်လည်း ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံတွင်းမှာ အမြင်မတူမှုအချို့ ရှိနေပါတယ်။ အခုချိန်ထိတောင် တချို့လူတွေ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ဖို့ ငြင်းဆန်နေတုန်းရှိပါသေးတယ်။

 

အမေရိကန်ဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသေဆုံးမှုမှာ ကမ္ဘာ့ပထမဆုံးနေရာမှာ ရှိနေပါတယ်။ သို့သော်လည်း နောင်လာမယ့် ကာလတွေမှာ ဘယ်လိုမျိုး ဆက်ဖြစ်ဦးမလဲဆိုတာ လေ့လာစောင့် ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

 

ကိုးကား ဆင်ဟွာ၊ အေအက်ဖ်ပီ