အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ကလေးဦးရေ ၄၈၀၀၀၀ နီးပါးရှိလာ

ဝါရှင်တန်   ၅  စက်တင်ဘာ

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားစဉ် မှစ၍ လတ်တလော ကာလအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသည့် ကလေးဦးရေ ၄၈၀၀၀၀ နီးပါးရှိကြောင်း အမေရိကန် ကလေးသူငယ်စောင့်ရှောက်ရေးအကယ်ဒမီနှင့် ကလေးဆေးရုံများ အသင်းမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အမေရိကန်ပြည်ထောင်စုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူအားလုံးအနက် ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များဖြစ်ပြီး ရောဂါပိုးကူးစက်ခြင်းခံရသူ ကလေးဦးရေ ၄၇၈၄၃၉ ဦးရှိကြောင်း သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူဦးရေအချိုးအစားဖြင့်ဆိုပါက နိုင်ငံတွင်းရှိ ကလေးဦးရေ ၁၀၀၀၀၀ လျှင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၁၃ ဦးရှိကြောင်း ဖော်ပြနေပြီး ဩဂုတ် ၁၃ ရက်မှ ၂၇ ရက်အထိ အမေရိကန်နိုင်ငံအတွင်း၌ ရောဂါကူးစက်ခံရသူကလေးငယ် ၇၀၃၃၀ ရှိကြောင်းနှင့် ရက်သတ္တ နှစ်ပတ်အတွင်း ရောဂါကူးစက်ခံရသည့် ကလေးငယ်အရေအတွက် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

ရောဂါကူးစက်ခံရသည့် ကလေးငယ်များအနက် ဆေးရုံတက် ကုသမှုခံယူနေရသည့် အရေအတွက်မှာ သုည ဒသမ ၆ ရာခိုင်နှုန်းမှ ၄ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်းနှင့် ယင်း ရောဂါဖြင့် သေဆုံးခဲ့သည့် ရာခိုင်နှုန်းမှာ သုည ဒသမ ၃ ရာခိုင်နှုန်းသာရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

ဘာသာပြန်-ဇော်ဝင်း

ကိုးကား-ဆင်ဟွာ