အမိကမ္ဘာမြေ သန့်ရှင်းကျန်းမာဖို့ ပလတ်စတစ်သုံးစွဲမှု လျှော့ချကြပါစို့

ဒေါက်တာဝင်းထိန် (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

ကမ္ဘာမြေနေ့ ဖြစ်ပေါ်လာပုံ

ကျွန်ုပ်တို့ကမ္ဘာမြေသည် မိမိဝင်ရိုးပေါ်တွင် ၂၄ နာရီလျှင် တစ်ပတ်နှုန်းဖြင့် လည်ပတ်ရင်း နေကို ၂၃၁ ဒီဂရီတိမ်းစောင်း၍ လှည့်ပတ်ကာ ဥတုရာသီ မျှမျှတတ အလှည့်ကျဖြစ်ပေါ်စေပြီး လူသားတို့စားဝတ်နေရေးအတွက် လိုအပ်ချက်များဖြစ်သည့် လေ၊ ရေ၊ မြေ၊ အစားအစာတို့ကို အစဉ်ဖြည့်ဆည်းပေးလျက်ရှိပါသည်။ အမှန်စင်စစ်ဆိုသော် ဤကမ္ဘာမြေသည် ကျွန်ုပ်တို့လူသားများအတွက် အဖိုးမဖြတ်နိုင်သည့်အပြင် ကျေးဇူးကြီးမားလှသည့် ခိုလှုံစရာ မိခင်ရင်ခွင်ကြီးပင်ဖြစ်ပါသည်။

လူသားတို့အတွက် အဘက်ဘက်မှ အကျိုးပြုနေသော ကမ္ဘာမြေပေါ်တွင် ၁၉၆၉ ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ် စန်ဒါဘာဘရာကမ်းခြေအနီးရှိ ကမ်းလွန် ရေနံတူးဖော်ရေးလုပ်ငန်းမှ ရေနံယိုဖိတ်မှုကြီးဖြစ်ပွားခဲ့ရာ ကယ်လီဖိုးနီးယား ကမ်းလွန်အတွင်းရှိ ပင်လယ်နေငှက်များနှင့် ပင်လယ်သတ္တဝါများ အများအပြားသေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။ ၎င်းရေနံယိုဖိတ်မှု၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကြောင့် ပတ်ဝန်းကျင်ကိုထိန်းသိမ်းရန် အရေးကြီးကြောင်း အများပြည်သူကို အသိပညာပေးရန်အတွက် အမေရိကန်အထက်လွှတ်တော်အမတ်ဖြစ်သည့် Gaylord Nelson က ပတ်ဝန်းကျင်ရေးရာ လူငယ်တက်ကြွလှုပ်ရှားသူ Denis Hayes နှင့်အတူ ကမ္ဘာမြေနေ့ကို သတ်မှတ်နိုင်ရေး စတင်စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။ ထိုမှတစ်ဆင့် လေထုညစ်ညမ်းမှု၊ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေသည့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ကမ္ဘာမြေ၏ရှင်သန်မှုကို ခြိမ်းခြောက်နေသော အခြားသောအခြေအနေများကို အသိပညာပေးရန် ရည်ရွယ်ပြီး ကမ္ဘာမြေနေ့ကို ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ စတင်ကျင်းပခဲ့ပါသည်။

၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ပြန်လည်အသုံးပြုခြင်း (Recycling) ကို မြှင့်တင်နိုင်ရန်အတွက် နိုင်ငံပေါင်း ၁၄၁ နိုင်ငံက ကမ္ဘာမြေနေ့ကို အသိအမှတ်ပြုကျင်းပခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံအတွက် အခြေခံအချက်တစ်ခုဖြစ်စေခဲ့ပါသည်။ ကမ္ဘာမြေနေ့သည် ၁၉၉၂ ခုနှစ် ရီယိုကြေညာစာတမ်းတွင် ဖော်ပြထားသည့် သဘာဝနှင့်ကမ္ဘာမြေ သဟဇာတဖြစ်ရေးကို မြှင့်တင်ရန်နှင့် လက်ရှိနှင့် အနာဂတ်မျိုးဆက်များ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များကြားတွင် မျှမျှတတ ဟန်ချက်ညီညီရှိစေရန်စသည့် အချက်တို့ကို အထောက်အပံ့ဖြစ်စေပါသည်။ ၂၀၀၉ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ (United Nations General Assembly) က A/RES/63/278 ဆုံးဖြတ်ချက်ဖြင့် ဧပြီလ ၂၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာမြေနေ့ (World Earth Day) ကို အပြည်ပြည်ဆိုင်ရာ အမိကမ္ဘာမြေ နေ့ (International Mother Earth Day) ဟု အတည်ပြုသတ်မှတ်ခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကျရောက်သော အမိကမ္ဘာမြေနေ့သည် (၅၄) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ယခုနှစ်၏ဆောင်ပုဒ်မှာ Planet vs. Plastics ဖြစ်ပါသည်။ ဤဆောင်ပုဒ်သည် လူသားများအနေဖြင့် ပလတ်စတစ်၏ ကျန်းမာရေးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်၊ တစ်ခါသုံးပလတ်စတစ်များကို လျင်မြန်စွာဖယ်ရှားရန်နှင့် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို ပြင်းပြင်းထန်ထန် တွန်းအားပေးပြီး ပလတ်စတစ်အသုံးပြုမှုအလေ့အကျင့်များကို အမြန်အဆုံးသတ်နိုင်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် မျိုးဆက်သစ်များအတွက် ပလတ်စတစ်ကင်းစင်သော ကမ္ဘာမြေကို တည်ဆောက်နိုင်ရန်နှင့် လူသားနှင့် ကမ္ဘာမြေ၏ ကျန်းမာရေးအတွက် ၂၀၄၀ ပြည့်နှစ်တွင် ပလတ်စတစ်ထုတ်လုပ်မှုအားလုံး၏ ၆၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ရန်အတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်နိုင်ရေးလည်း ရည်ရွယ်ပါသည်။

ကမ္ဘာမြေနှင့် ပလတ်စတစ်ညစ်ညမ်းမှု

ပလတ်စတစ်ကို စတင်ရှာဖွေတွေ့ရှိခဲ့သည့် ၁၉၀၇ ခုနှစ်မှစတင်၍ ခေတ်မီနည်းပညာများဖြင့် ပုံစံအမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းများကို တီထွင်ထုတ်လုပ်အသုံးပြုလာခဲ့ကြပါသည်။ McIlgorm et al., (2020) ၏ လေ့လာတွေ့ရှိချက်အရ ၁၉၈၉ ခုနှစ်တွင် ကမ္ဘာကြီးသည် နှစ်စဉ် ပလတ်စတစ် တန်ချိန် သန်းပေါင်း ၁၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မတိုင်မီအချိန်တွင် ပလတ်စတစ်ထုတ်လုပ်မှု တန်ချိန် ၃၂၂ သန်းအထိ ဆပွားတိုးမြင့်လာခဲ့ပါသည်။ ပလတ်စတစ်ရောင်းလိုအားနှင့် ဝယ်လိုအားမြင့်တက်လာသည်နှင့်အတူ ပလတ်စတစ်ထုတ်လုပ်မှုသည်လည်း အဆပေါင်းများစွာ တိုးပွားလာခဲ့ပြီး ထုတ်လုပ်ထားသည့် ပလတ်စတစ်များ၏ ကိုးရာခိုင်နှုန်းမျှသာ ပြန်လည်ပြုပြင်အသုံးပြုနိုင်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် ပြန်လည်ပြုပြင်သုံးစွဲရန် ကျန်ရှိပလတ်စတစ်များသည် လူမှုအဖွဲ့အစည်းအတွင်း၌ အမှိုက်များမြေဖို့စွန့်ပစ်ရာ ဖို့မြေများအဖြစ် ရောက်ရှိနေခြင်း၊ လေဟာပြင်တွင် မီးရှို့ဖျက်ဆီးခံရခြင်းနှင့် မြေထု၊ သစ်တောနှင့် ပင်လယ်သမုဒ္ဒရာများအတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေခြင်းစသည့် ပုံစံအမျိုးမျိုးဖြင့် ပျံ့နှံ့လျက်ရှိပါသည်။ ၎င်းကျန်ရှိပလတ်စတစ်များသည် ကမ္ဘာကြီး၏ ပြန်လည်ပြုပြင်အသုံးပြုနိုင်မှုစွမ်းရည် (Recycling Capacity) ကို ကျော်လွန်ကာ ကမ္ဘာမြေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အပြင် လှပနေသော ကမ္ဘာမြေကို ညစ်နွမ်းစေပါသည်။

ပလတ်စတစ်သည် ထုတ်လုပ်အသုံးပြုသည့်အချိန်မှ စွန့်ပစ်သည့်အချိန်ကာလ သက်တမ်းတစ်လျှောက်တွင် လူသားတို့ကို ပုံစံအမျိုးမျိုးဖြင့် အကျိုးပြုသည့်အချက်များလည်း ရှိပါသည်။ ဥပမာအားဖြင့် ကုန်ပစ္စည်းများကို စနစ်တကျနှင့် ကုန်ကျစရိတ်သက်သာစွာထုပ်ပိုးနိုင်ခြင်း၊ အီလက်ထရွန်နစ်ပစ္စည်းများအား ကုန်ကျစရိတ်သက်သာစွာ ထုတ်လုပ်နိုင်ပြီး လူအများလက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများကို ပေါ့ပါးစေပြီး သယ်ယူပို့ဆောင်ရေးစရိတ်များကို သက်သာစေခြင်း စသည်တို့ဖြစ်ပါသည်။ အခြားတစ်ဖက်တွင် ပလတ်စတစ်စွန့်ပစ်အမှိုက်များသည် သဘာဝအလျောက် လွယ်ကူစွာ ပြိုကွဲပျက်စီးနိုင်ခြင်းမရှိသည့်အတွက် စနစ်တကျ စီမံခန့်ခွဲခြင်းမရှိပါက ကျွန်ုပ်တို့ကမ္ဘာမြေအတွက် ကြီးမားသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ပေါ်ပေါက်လာစေပါသည်။ လက်ရှိအချိန်တွင် Crepy & Porteron (2021) ၏ လေ့လာမှုအရ ပလတ်စတစ် တန်ချိန် သန်းပေါင်း ၁၅၀ သည် ပင်လယ်သမုဒ္ဒရာ အတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိကာ အပိုင်းအပိုင်းပြိုကွဲမှုဖြစ်စဉ်ကြောင့် အန္တရာယ်ရှိသည့် သေးငယ်သော ပလတ်စတစ်အမှုန်များ (Microplastics) အဖြစ်သို့ ပြိုကွဲလျက်ရှိနေပြီ ဖြစ်ပါသည်။

ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများ

ပလတ်စတစ်များသည် ၎င်း၏ထုတ်လုပ်မှုနှင့် အသုံးပြုပြီး စွန့်ပစ်မီးရှို့ဖျက်ဆီးခြင်း ကွင်းဆက်တစ်လျှောက်လုံးတွင် မှန်လုံအိမ်ဓာတ်ငွေ့များကို လေထုအတွင်းသို့ ထုတ်လွှတ်နေသည်ဟု လေ့လာသိရှိရပါသည် (WWF, 2021)။ ပလတ်စတစ်များ အားလုံးသည် ရုပ်ကြွင်းလောင်စာကို အခြေခံသော ပစ္စည်းများဖြစ်ပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွက် ရေနံစိမ်းပမာဏများစွာကို ထုတ်လုပ်သန့်စင်ရန် လိုအပ်သကဲ့သို့ သယ်ယူပို့ဆောင်ရေးကွင်းဆက်အတွက်လည်း အသုံးပြုရပါသည်။ ထို့ကြောင့် ပလတ်စတစ်ထုတ်လုပ်မှု မြင့်တက်လာသည်နှင့်အမျှ ကမ္ဘာမြေမှ ဖြည့်ဆည်းပေးနေသော ရုပ်ကြွင်း လောင်စာထုတ်ယူသုံးစွဲမှု ပိုမိုမြင့်မားလာပြီး သဘာဝအရင်းအမြစ်များ ရှားပါးလာမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုနည်းတူစွာ လေထုထဲသို့ ရောက်ရှိလာသော မှန်လုံအိမ်ဓာတ်ငွေ့များသည်လည်း ကမ္ဘာမြေကြီး၏ ပူနွေးလာမှုကို ပိုမိုမြင့်မားလာစေမည်ဖြစ်ပါသည်။

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးပါကလည်း ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်စသည့်ဓာတ်ငွေ့များ ထွက်ရှိစေပြီး ကမ္ဘာမြေ၏ လေထုကိုညစ်ညမ်းစေကာ လူသားတို့၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါသည်။ ထို့အတူ လေထုထဲသို့ ရောက်ရှိနေသည့် ပလတ်စတစ်အမှုန်များက လူသားတို့၏ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်လာနိုင်သကဲ့သို့ သောက်သုံးရေထဲတွင်လည်း ပါရှိနိုင်သဖြင့် လူတို့ နေ့စဉ်အသက်ရှူခြင်းနှင့် ရေသောက်သုံးခြင်းမှ ပလတ်စတစ်များ ဝမ်းဗိုက်ထဲသို့ရောက်ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေပြီး လူ့သက်တမ်းတိုတောင်းလာစေနိုင်ပါသည်။

ပလတ်စတစ်များသည် ဓာတ်သဘာဝဖွဲ့စည်းမှုအားဖြင့် သဘာဝအလျောက် လွယ်ကူစွာ ပြိုကွဲပျက်စီးခြင်းမရှိဘဲ နှစ်ပေါင်းများစွာကြာမြင့်သည့်အခါ ရာသီဥတုဒဏ်ကြောင့်လည်းကောင်း၊ နေရောင်ခြည်တွင်ပါရှိသော ခရမ်းလွန်ရောင်ခြည်ကြောင့်လည်းကောင်း ကြွပ်ဆတ်ပြီး အပိုင်းအစလေးများအဖြစ် ကြေမွသွားပြီး ကမ္ဘာမြေ၏ ရှင်သန်မှုကို အန္တရာယ်ဖြစ်စေသော ပစ္စည်းတစ်ခု ဖြစ်ပါသည်။ ထိုအပိုင်းအစလေးများကို ကုန်းနေ/ ရေနေသတ္တဝါများက အစာနှင့်ရောနှောစားသုံးမိပြီး အစာချေဖျက်မှုလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေကာ သေဆုံးမှုအထိပါ ဖြစ်ပွားစေနိုင်ပါသည်။ ထိုနည်းတူစွာ မြေထုကို ရုပ်ပိုင်းနှင့် ဓာတုပိုင်းအားဖြင့်လည်း ညစ်ညမ်းစေသည့်အတွက် ကမ္ဘာ့မြေဆီလွှာ၏ သဘာဝမြေဆီဩဇာကိုလည်း လျော့ကျစေနိုင်ပါ သည်။

ထို့အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် ရေထုထဲသို့ ရောက်ရှိပြီး ရေချိုသယံဇာတများကို ညစ်ညမ်းစေနိုင်သည့်အပြင် ရေထုအရည်အသွေးကိုပါ ကျဆင်းစေပါသည်။ ၎င်းပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် မြစ်များ၊ ချောင်းများမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာသို့ ရောက်ရှိပြီး အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ သေးငယ်သော ပလတ်စတစ်အပိုင်းအစများအဖြစ် တဖြည်းဖြည်းပြိုကွဲကာ အဏ္ဏဝါပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်ပေါ်စေပါသည်။ ပင်လယ်သမုဒ္ဒရာသို့ ရောက်ရှိနေသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း များသည် ရေနေသတ္တဝါများအား ငြိတွယ်ခြင်း၊ ရေနေသတ္တဝါများက အစာဟုထင်မှတ်၍ စားသုံးမိသဖြင့် အစာချေဖျက်မှုဆိုင်ရာ ပြဿနာများမှ သေဆုံးသည်အထိ ဖြစ်ပွားစေနိုင်ပြီး ကမ္ဘာမြေ၏ အဏ္ဏဝါဂေဟစနစ်ကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။

တိုးပွားလာမည့် ကမ္ဘာမြေ၏ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဖြေရှင်းရေး

နောက်ဆုံးခန့်မှန်းချက်များအရ ၂၀၅၀ ပြည့်နှစ်တွင် ပလတ်စတစ်ထုတ်လုပ်မှုသည် သုံးဆအထိ တိုးမြင့်လာနိုင်မည်ဖြစ်ပြီး ၎င်းနှင့်အတူ ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း ကမ္ဘာမြေပေါ်တွင် ပိုမိုတိုးပွားလာမည့် အရေးကိစ္စတစ်ခုပင်ဖြစ်ပါသည်။ ထိုသို့ပလတ်စတစ်ညစ်ညမ်းမှုပြဿနာ လျှော့ချရေးကို အချိန်မီ မဆောင်ရွက်နိုင်ပါက ကမ္ဘာမြေ၏ ရေထုထဲတွင် ရေနေသတ္တဝါများထက် ပလတ်စတစ်အမှိုက်များဖြင့် ပြည့်နှက်နေမည်ဖြစ်ရာ အနာဂတ်တွင် အမိကမ္ဘာမြေ၏ သဘာဝဂေဟစနစ် လည်ပတ်မှုမှာ စိုးရိမ်ဖွယ်ရာပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ကမ္ဘာမြေ၏ ကျန်းမာရှင်သန်ရေးအတွက် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံအဆင့်၊ ဒေသအဆင့်မှ အစိုးရများ၏ကဏ္ဍအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပြည်သူများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ကမ္ဘာမြေ၏ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာ ဖြေရှင်းဆောင်ရွက်နေမှုများ

ကျွန်ုပ်တို့ကမ္ဘာမြေတွင် လက်ရှိဖြစ်ပေါ်နေသော ပလတ်စတစ်ညစ်ညမ်းမှုသည် အရေးတကြီး ဖြေရှင်းဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုပင်ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံတွင် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာနယ်စပ်ဖြတ်ကျော် အဏ္ဏဝါအမှိုက်သရိုက်နှင့် ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာများကို ၂၀၂၄ ခုနှစ်တွင် နောက်ဆုံးထားဖြေရှင်းနိုင်မည့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့်ဥပဒေကြောင်းအရ စည်းနှောင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံခဲ့ကြပါသည်။

၂၀၁၉ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံအတည်ပြုခဲ့ကြပြီး အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်လျှော့ချရေးလုပ်ငန်းများကို အာဆီယံဒေသတွင်း နိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး ၎င်းမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင် ပါဝင်သော ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုနည်းတူစွာ အဏ္ဏဝါအမှိုက်သရိုက်များအား အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် ပလတ်စတစ်ဆိုင်ရာလုပ်ငန်းအစီအစဉ် (National Plastic Action Plan) ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အစိုးရဌာနဆိုင်ရာရုံးများတွင် ပလတ်စတစ်စွန့်ပစ်မှုနှင့် တစ်ခါသုံးပလတ်စတစ် (ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရေးအတွက် အစည်းအဝေးများကျင်းပရာတွင် တစ်ခါသုံး ရေသန့်ဘူးများအစား အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်သော ဖန်ပုလင်းနှင့် ဖန်ခွက်များကို အစားထိုးအသုံးပြုလျက်ရှိသည့်အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ပြည်သူလူထုအား ပလတ်စတစ်၏ဆိုးကျိုးများကို သိရှိနားလည်စေပြီး ပလတ်စတစ်မသုံးစွဲရေး အသိပညာပေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် စုပေါင်းအမှိုက်ကောက်ပွဲကျင်းပခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ပူးပေါင်းပါဝင်လာအောင် နှိုးဆော်တိုက်တွန်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာမြေညစ်ညမ်းမှုကို ထိန်းသိမ်းသည့်အနေဖြင့် ပလတ်စတစ်ထုပ်ပိုးပစ္စည်းများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေမှုကို လျှော့ချရန်လိုအပ်နေပါသည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း၊ တတ်နိုင်သမျှ ပြန်လည်ပြုပြင်သုံးစွဲခြင်းနှင့် ယင်းစွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းတို့ကို အလေးထားလုပ်ဆောင်သင့်ပါသည်။ တစ်နည်းအားဖြင့် ပလတ်စတစ်အစားထိုး ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် ကုန်ကြမ်းအသစ်များ ဖော်ဆောင်ပေးကြမည့် အသေးစား၊ အလတ်စားနှင့် အကြီးစားလုပ်ငန်းရှင်များကို နိုင်ငံတော်အနေဖြင့် လိုအပ်သောနည်းပညာများနှင့် အခြားပံ့ပိုးမှုများ ပြုလုပ်ကာ အပြည့်အဝထောက်ပံ့ပေးမည်ဆိုပါက ကျွန်ုပ်တို့ကမ္ဘာမြေ ရင်ဆိုင်ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်ပါသည်။

အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး

ပြည်သူတို့အနေဖြင့်လည်း ကမ္ဘာမြေပေါ်တွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများ အသုံးပြုခြင်း၊ အလွယ်တကူဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကို တစ်ဦးတစ်ယောက်ချင်းအားဖြင့် တတ်နိုင်သမျှ လျှော့ချသင့်သည်။ ထို့အပြင် သုံးစွဲပြီးသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သတ်မှတ်အမှိုက်ပုံနေရာတွင် စနစ်တကျစွန့်ပစ်ခြင်းဖြင့် ကမ္ဘာမြေ၏ သဘာဝအလှတရားကို ထိန်းသိမ်းသင့်ပေသည်။ ကျွန်ုပ်တို့၏ အမိမြေကမ္ဘာ အစဉ်ကျန်းမာပြီး ပလတ်စတစ်ကင်းဝေးစေရေးအတွက် အောက်ဖော်ပြပါ အဓိကနည်းလမ်း (၅) သွယ်ကို အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ လိုက်နာဆောင်ရွက် သင့်ပေသည်-

(က) အသုံးပြုရန်မလိုအပ်ပါက ပလတ်စတစ် အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း (Reject)၊

(ခ) ပလတ်စတစ်အိတ်များအစား ချည်ဖြင့် ပြုလုပ်ထားသည့် ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များကို အသုံးပြု၍ ပစ္စည်းထုပ်ပိုးရာတွင် အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်စသည်တို့ကို သုံးစွဲခြင်းဖြင့် ပလတ်စတစ်အိတ်အသုံးပြုမှုကို လျှော့ချခြင်း (Reduce)၊

(ဂ) ပလတ်စတစ်အိတ်အဟောင်းများကို အမှိုက်အဖြစ် စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်အသုံးပြုခြင်း (Reuse)၊

(ဃ) အသုံးပြုပြီးသော ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ်သုံးပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း (Recycle)၊

(င) အသုံးပြုပြီးသော ပလတ်စတစ်အိတ်ခွံများကို စုထားပြီး ပြန်လည်အသုံးပြုနိုင်သော နေရာများသို့ ပြန်လည်ပေးပို့ခြင်း (Return)။

နိဂုံးချုပ်အနေဖြင့် လူသားတို့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း ဝန်ထုပ်ဝန်ပိုးများမှာ အမိကမ္ဘာမြေအတွက် လေးလံပင်ပန်းလှပြီဖြစ်ပါသည်။ ၎င်းဝန်ထုပ်ဝန်ပိုးများကို ကျွန်ုပ်တို့လူသားများကပင် ပြန်လည်ကုစားနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ အမိကမ္ဘာမြေ နေရာအနှံ့တွင် ရင်ဆိုင်ကြုံတွေ့နေရသော ပလတ်စတစ်ညစ်ညမ်းမှုပြဿနာလျှော့ချရေး၊ အမိကမ္ဘာမြေ သန့်ရှင်းကျန်းမာလာစေရေး၊ အနာဂတ်မျိုးဆက်များ၏ဘဝ သာယာဝပြောရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် ကျွန်ုပ်တို့၏ ပလတ်စတစ်ပစ္စည်း သုံးစွဲမှုများကို ဖြတ်တောက်လျှော့ချရမည့်အချိန်သည် ယခုလက်ရှိအချိန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တစ်ခုတည်းရှိသော အမိကမ္ဘာမြေသန့်ရှင်းကျန်းမာ၍ သဘာဝအလှများဖြင့် ထာဝစဉ်လှပနေစေရေးအတွက် ပလတ်စတစ်ပစ္စည်းသုံးစွဲမှုကို လျှော့ချကြပါစို့ဟု ယခုနှစ်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ အမိကမ္ဘာမြေနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုက်တွန်းရေးသားအပ်ပါသည်။ ။