အမျိုးသား စီမံကိန်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု

နေပြည်တော် ၁၅ ဇူလိုင်

အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေး (၂/၂၀၁၈)ကို ဇူလိုင်လ ၁၃ ရက်နေ့က နိုင်ငံတော်သမ္မတ အိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် အမျိုးသား စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယခုအစည်းအဝေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ချပြညှိနှိုင်း အတည်ပြုချက်ရယူရန် အစည်းအဝေးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုအခါမြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲကျင့်သုံးမည်ဖြစ်ရာ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လတာကာလကို ဘဏ္ဍာရေးနှစ်ပြောင်းလဲရေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် သမ္မတက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကို ခြုံငုံသုံးသပ်ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခြင်း၊ ငွေကြေးအရင်းအနှီး လိုအပ်သည့် စီးပွားရေးအခြေခံလုပ်ငန်းများသို့ နှစ်လတ်ချေးငွေများ ထုတ်ချေးခြင်း၊ ပုဂ္ဂလိကဖွံ့ ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ပုဂ္ဂလိက အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ ဖြိုးတိုးတက်မည့် အလားအလာများ ရှိမည်ဟု မျှော်မှန်းထားကြောင်း၊ ထို့ပြင် နိုင်ငံတစ်ဝန်းရှိ လမ်းကွန်ရက်များ တိုးတက်ကောင်းမွန်လာခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာခြင်း၊ ငွေကြေးဝန်ဆောင်မှု အမျိုးအစားသစ်များ ဖြစ်ထွန်းလာခြင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်လာခြင်းကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းတွင် နိုင်ငံ၏ GDP ကို ၇ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်မှန်းထားသည်ကို တွေ့ရကြောင်း ထည့်သွင်းပြောကြားသွားပါသည်။

၂၀၁၈ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သည့် အာရှဖွံ့ ဖြိုးရေးဘဏ် (ADB) ၏ မြန်မာနိုင်ငံဆိုင်ရာ သုံးသပ်ချက်တွင်လည်း၂၀၁၇ ခုနှစ်အတွင်းက မြန်မာ့ GDP  ဖွံ့ ဖြိုးနှုန်းသည် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းခဲ့ကြောင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ဖော်ဆောင်နေသည့်အတွက် ဖွံ့ ဖြိုးမှုသည် ၂၀၁၇ ခုနှစ်အတွင်း တည်ငြိမ်မှုရှိပြီး ၂၀၁၈ ခုနှစ်တွင်လည်း ဆက်လက် အရှိန်အဟုန်မြင့် တိုးတက်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းခွင် အနေအထားများ တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး ပေါ်လစီချမှတ်သူများအနေဖြင့် စာရင်းရှင်လိုငွေကို ဖြည့်စွက်ရန်အတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်ကုန်က ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စာရင်းဇယားများအရ ၂၀၁၇ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိ်န်း ခွင့်ပြုငွေဒေါ်လာသန်းပေါင်း ၄၉၆၀ ဒသမ ၃၃ အနက် အမှန်တကယ် ဝင်ရောက်မြှုပ်နှံမှုမှာ ဒေါ်လာသန်းပေါင်း ၃၅၀ဝ ဒသမ ဝဝ ရှိခဲ့ရာ ခွင့်ပြုပမာဏ၏ ၇၃ ဒသမ ၁၆ ရာခိုင်နှုန်းရှိခဲ့သည် ကို တွေ့ရသည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမှန်တကယ် ဝင်ရောက်ခဲ့သော ပမာဏများမှာ ၂၀၁၂-၂၀၁၃ ခုနှစ်က ၄၉၆ ဒသမ ၉၀ သန်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်က ၅၈၄ ဒသမ ၃၀ သန်း၊ ၂၀၁၄- ၂၀၁၅ ခုနှစ်က ၂၅၇၆ ဒသမ ၂၅ သန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်က ၂၈၂၄ ဒသမ ၄၈ သန်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်က ၂၉၈၉ ဒသမ ၄၉ သန်းသာရှိခဲ့ရာ ၂၀၁၇-၂၀၁၈ သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့သောနှစ်ဖြစ်သည်ကို တွေ့နိုင်ပါသည်။ ယခင်နှစ်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏများ ဖောင်းပွနေခဲ့သော်လည်း အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုတွင် ၂၀၁၇-၂၀၁၈ ကို မမီသည်ကို တွေ့ရသည်။

ထို့ကြောင့်ပင် ADB  ၏ ခန့်မှန်းမှုများတွင် GDP  ဖွံ့ ဖြိုးမှုကို ၂၀၁၈ တွင် ၆ ဒသမ ၈ ခန့်မှန်းပြီး ၂၀၁၉ တွင် ၇ ဒသမ ၂ အထိ ခန့်မှန်းပါသည်။ ငွေဖောင်းပွနှုန်းတွင် ၂၀၁၈ တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၀၁၉ တွင် ၆ ရာခိုင်နှုန်း။ ဘတ်ဂျက်လိုငွေနှင့် GDP  အချိုးကို ၂၀၁၈ တွင် -၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၁၉ တွင် -၅ ဒသမ ၅ ရာခိုင်နှုန်းသာ ခန့်မှန်းထားသည်ကို တွေ့ရသည်။

ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းတွင်နိုင်ငံ၏ GDP  ကို ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းခြင်းသည် ဖြစ်နိုင်ခြေရှိသည်ဟု ဆိုနိုင်ပါသည်။ ထို့အပြင် နိုင်ငံတော်သမ္မတက စီမံကိန်းများ ရွေးချယ်ရာတွင် ဘတ်ဂျက်နှင့် ငွေရေးကြေးရေးသည် အရေးကြီးသော်လည်း အမှန်တကယ် လုပ်သင့်လုပ်ထိုက်သည်ကိုရွေးရန်၊ မည်သည့်စီမံကိန်းများသည် နိုင်ငံအတွက် အများဆုံးအကျိုးဖြစ်စေမည်၊ ပြည်သူပြည်သားများ ဘဝမြှင့်တင်ရေးအတွက် အကျိုးဖြစ်စေမည် စသည်တို့ကိုကြည့်၍ ရွေးချယ်စေလိုကြောင်း ပြောကြားသွားရာ လာမည့်နှစ်သည် အမျိုးသားစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ရှေ့တစ်ဆင့် တိုးမြှင့်နိုင်မည့် နှစ်ဖြစ်ကြောင်း မျှော်လင့်ရပါသည်။

မြန်မာ့အလင်း